အခြေခံပညာအထက်တန်း ကျောင်းသားကျောင်းသူများအား စာသင်ကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ) |
အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ နယ်မှာဖြေပြီး ရန်ကုန်ပြန်ရောက်လာတဲ့ မောင်လေးကို စာမေးပွဲဖြေနိုင်လားလို့ မေးကြည့်မိပါတယ်။ အဲ့ဒီမှာ ကျွန်မမောင်လေးက နောက်နှစ်ကျရင်
ဒုတိယနှစ်တက်ရရင် ပြီးပြီမဟုတ်လားတဲ့။ စာမေးပွဲဖြေနိုင်လား မေးတာလေလို့ပြောတော့၊ ဖြေနိုင်တယ်၊ မဖြေနိုင်ဘူးဆိုတာထက် စာမေးပွဲအောင်သွားပြီး နောက်နှစ်မှာ နောက်တစ်တန်းတက်ရရင် ပြီးတာပဲလေလို့ ဆိုပါတယ်။ ကျွန်မမောင်လေးတင်မှ မဟုတ်ပါဘူး အခြားနီးစပ်ရာ အဝေးသင်စာမေးပွဲ ဖြေဆိုပြီးခဲ့တဲ့ အသိမိတ်ဆွေတွေကိုလည်း လက်လှမ်းမီသလောက် မေးမြန်းကြည့်မိတဲ့အခါ ဘယ်နှပုဒ်ဖြေရင်တော့ အောင်တာပဲလေ။ အဲ့ဒီလောက်တော့ ဖြေခဲ့တယ်ဆိုတဲ့ အသံတွေ၊ တစ်ဘာသာမရလို့ သက်ဆိုင်ရာဆရာကို သွားပြီးကန်တော့ခဲ့တယ်ဆိုတဲ့ အသံတွေကိုသာ ကြားခဲ့ရပါတယ်။ သူတို့တွေပြောကြတဲ့ စကားတွေမှာ ဖြေနိုင်တယ်လို့ ဆိုသူတွေက စာမေးပွဲအောင်မြင်နိုင်တဲ့ ရမှတ်လောက်အထိ ဖြေဆိုနိုင်ခဲ့ကြတာကို ပြောတာသာဖြစ်ပြီး မဖြေနိုင်ဘူးလို့ ဆိုသူတွေကတော့ မေးခွန်းလွှာတွေထဲမှာ စာတစ်ပုဒ်တောင် ကောင်းအောင်မဖြေနိုင်ခဲ့ကြသူတွေပါ။အခုခေတ်မှာ တက္ကသိုလ်ပညာကို သင်ကြားနေကြတဲ့ လူငယ်အများစုရဲ့ စိတ်ထဲမှာပညာရဖို့၊ မရဖို့၊ အတန်းမှာသင်ကြားလိုက်တဲ့စာကို တတ်မြောက်ဖို့၊ မတတ်မြောက်ဖို့ ဆိုတာထက် စာမေးပွဲဖြေတဲ့အခါ စာမေးပွဲအောင်သွားပြီး အချိန်တန်ဘွဲ့တစ်ခု ပိုက်သွားရဖို့က ပိုလို့အဓိကကျနေပါတယ်။ ဒီလိုဖြစ်နေခဲ့တာဟာ ကျွန်မတို့ အဝေးသင်ပညာသင်ခဲ့တဲ့အချိန် မတိုင်မီကတည်းက ဖြစ်နေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ကျွန်မကိုယ်တိုင်ကိုယ်က အဝေးသင်မှာ တစ်နှစ်တစ်တန်းအောင်ခဲ့ပြီး အချိန်တန် ဘွဲ့လေးတစ်ခု ရခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်တစ်ဖက်နဲ့ ကျောင်းသင်ခန်းစာတွေကို သေချာမှတ်သားနိုင်မှု မရှိခဲ့ပါဘူး။ အဲ့ဒီလို ကျောင်းသင်ခန်းစာတွေကို အလေးမထားမိဘူး ဆိုတာကလည်း တက္ကသိုလ်မှာ သင်ကြားလိုက်တဲ့ စာပေပညာရပ်တွေက ကျွန်မဘ၀တက်လမ်းအတွက် ဘာကိုမှ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ယူဆတာကြောင့်ပါ။ ဒါပေမဲ့လည်း လုပ်ငန်းခွင်ဝင် အလုပ်လုပ်နေရသူတွေအဖို့ အလုပ်ခေါ်စာတွေမှာ ဘွဲ့ရဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေကြောင့်ပဲ ဘွဲ့တစ်ခုကို ရအောင်ယူခဲ့တယ်ဆိုရင် မမှားပါဘူး။
စကားတွေ ဘယ်လိုပြောပြော လက်တွေ့လုပ်ဆောင်နေမှုတွေ၊ ကျောင်းသားကျောင်းသူတွေ၊ မိဘတွေရဲ့ ပညာရေးအပေါ် ယုံကြည်မှုတွေကို ပြန်လည်ရရှိလာအောင် ထင်သာတဲ့ပြောင်းလဲမှုတွေ၊ အကျိုးရှိစေမယ့် အဆင့်မြှင့်တင်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ် . . . . .
အခုလက်ရှိကာလမှာ အရင်နှစ်ပေါင်း ၂၀ ကျော်လောက် ပျက်သုဉ်းလာခဲ့တဲ့ ပညာရေးစနစ်ကို အဆင့်မြှင့်တင်နေတယ်ဆိုပေမယ့် လက်တွေ့မှာတော့ ပညာရေးစနစ်အားလုံးကို လွှမ်းခြုံနိုင်မှု မရှိသေးပါဘူး။ ပညာရေးစနစ်ကို ပြောင်းလဲတယ်။ သင်ရိုးတွေ ပြောင်းလဲတယ်။ စာမေးပွဲခန်းတွေမှာ ဖြေဆိုမှုတွေကို စည်းကမ်းတကျဖြစ်အောင် ထိန်းချုပ်တယ်ဆိုပေမယ့်လည်း သင်ကြားရေးပိုင်းတွေမှာလည်း ပြောင်းလဲဖို့ လိုအပ်နေပါသေးတယ်။ လက်ရှိအချိန်အထိ နှစ်ပေါင်း ၂၀ ကျော် အရိုးစွဲခဲ့တဲ့ ဒါကျက်၊ ဒါဖြေပုံစံမျိုးတွေက ပညာရေးရဲ့ တစ်စိတ်တစ်ပိုင်းမှာ ရှိနေပါသေးတယ်။ ကျောင်းသားကျောင်းသူတွေက ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ သင်ခန်းစာပါ အကြောင်းအရာတွေကို စဉ်းစားနိုင်ဖို့အခွင့် အလမ်းတွေပါတဲ့ သင်ကြားရေးပုံစံတွေကို ပိုမိုထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်ရဲ့ ပညာရေးမှာတော့ ကျောင်းတွေမှာသင်ကြားပေးတဲ့ အချိန်ကာလတိုတောင်းမှု၊ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုအားနည်းမှု၊ သင်ကြားရေးပုံစံ နည်းမကျမှုတွေကြောင့်ဘဲ သင်ရိုးစာအုပ်မှာပါတဲ့ သင်ခန်းစာတွေကိုတောင် အပြည့်အ၀ ပို့ချမှုမရှိကြပါဘူး။ အဲ့ဒီလို အပြည့်အ၀ သင်ကြားမှုမရှိတဲ့အထဲမှာမှ ကျူရှင်ဆိုတာတွေ ထပ်မံပေါ်ပေါက်လာပါတယ်။ သင်ရိုးမကုန်တဲ့ သင်ခန်းစာတွေထဲက သင်ကြားပို့ချထားတဲ့စာတွေကို ကျူရှင်ဆိုတဲ့နေရာမှာ ထပ်မံခွဲခြားလိုက်ပြီး ကျောင်းသားတွေလက်ထဲမှာ စာမေးပွဲကျိန်းသေအောင်ရုံရှိမယ့် သင်ခန်းစာတွေအဖြစ် တကယ်တမ်းလေ့လာဖို့ ရောက်လာတာက သင်ကြားရေးအားလုံးရဲ့ အစိတ်အပိုင်းတစ်ခုစာသာဖြစ်တဲ့ အနည်းငယ်သော ကျောင်းသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီကျောင်းသင်ခန်းစာတွေကို စာမေးပွဲနားနီးတဲ့အချိန်ရောက်မှ ကျောင်းသားတွေခေါင်းထဲရိုက်သွင်းလို့ အလွတ်ကျက်မှတ်ပြီး စာမေးပွဲဖြေဆိုကြပါတယ်။ အချို့တွေဆို သင်္ချာလိုတွက်စာမျိုးကိုတောင် အလွတ်ကျက်မှတ်ဖြေဆိုကြတဲ့ ကျောင်းသားတွေလည်း တွေ့ဖူးပါတယ်။
ယနေ့ခေတ်မှာ လူငယ်တွေသာမက လူကြီးမိဘတွေကပါ ကျောင်းသင်ခန်းစာတွေထက် ပြင်ပကျောင်းတွေ၊ သင်တန်းတွေကို တက်ရောက်သင်ကြားမှုတွေကို ပိုမိုစိတ်ဝင်စားကြပါတယ်။ လက်တွေ့မှာလည်း တက္ကသိုလ်ပညာရေးကို သာမန်လောက်သာ သဘောထားပြီး အခြားပညာရပ်ပိုင်းတွေကိုပဲ အလေးထားသင်ယူလို့ ဘ၀အတွက် ဖြည့်ဆည်းနေကြပါတယ်။ ရန်ကုန်မှာ သင်တန်းလာတက်နေတဲ့ GTC ကျောင်းသူအသိ ညီမလေးတစ်ယောက်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ကျောင်းမှာ အောင်စာရင်းထွက်တော့ အဲ့ဒီညီမလေးက ME ဆက်တက်ခွင့်ရတယ်လို့ ပြောပါတယ်။ ဒါနဲ့ ညီမလေးအိမ်ပြန်ပြီး ကျောင်းဆက်တက်ရတော့မှာပေါ့လို့ပြောတော့ ညီမလေးက ကျောင်းမတက်တော့ဘူး ရန်ကုန်မှာပဲ သင်တန်းတွေတက်ပြီး လုပ်ငန်းခွင်ထဲ ၀င်မယ်ပြောပါတယ်။ ညီမလေးကပဲ ဆက်ပြောပါတယ်။ သမီးတို့က ME ဆက်တက်ရင် နောက်ထပ်သုံးနှစ် အချိန်ပေးရမယ်။ အဲ့ဒီအချိန်ပြီးမှ သင်တန်းတွေ ပြန်တက်ပြီးမှ အလုပ်ဝင်ဆိုရင် အခုအချိန် B-Tech အောင်ပြီး ME မတက်ဘဲ သင်တန်းတက် အလုပ်ဝင်တဲ့သူတွေနောက်က ဂျူနီယာတွေဖြစ်သွားမှာလို့ ဆိုပါတယ်။ ကိုယ်က ME တောင်ပြီးပြီပဲ အလုပ်တန်းဝင်ပြီး သူတို့ထက် ပိုမမြင့်နိုင်ဘူးလားပြောတော့။ ကျောင်းတက်တဲ့အချိန်တွေလည်း ကြာမှာ၊ နောက်ပြီး ဘယ်လောက်ပဲ ME ပြီးပါတယ်ပြောပြော အပြင်သင်တန်းတွေတက်မှ တကယ်တမ်းအလုပ်ထဲမှာ အသုံးချနိုင်မှာ၊ ကျောင်းမှာက ဘွဲ့ရသွားတာလောက်ပဲ ရှိတယ်။ နောက်ပြီး ကျောင်းဆက်တက်တဲ့စရိတ်တွေ အရမ်းကုန်တယ်လို့ ကျွန်မကို ပြန်ပြောပြပါတယ်။
တက္ကသိုလ်၊ ကောလိပ်တွေမှာ သာမန်မေဂျာလောက်ကို တက်ရောက်နေသူတွေ မပြောနဲ့ ဒီလိုပညာရပ်တစ်ခုအနေနဲ့ သီးခြားဘာသာရပ်ကို တက်ရောက်နေသူတွေ စိတ်မှာတောင် အဲ့ဒီအတွေးတွေ စိုးမိုးနေရင် ရှေ့ဆက်ပညာရေးစနစ်ကို သက်ဆိုင်သူတွေ ဘယ်လိုကိုင်တွယ်ကြမှာပါလဲ မေးဖို့လိုနေပါပြီ။ ပြောင်းလဲနေပါတယ်၊ ပြင်ဆင်နေပါတယ်၊ တိုးတက်အောင် ဆောင်ရွက်နေပါတယ်၊ အဆင့်မြှင့်တင်နေပါတယ်ဆိုတဲ့ စကားတွေ ဘယ်လိုပြောပြော လက်တွေ့လုပ်ဆောင်နေမှုတွေ၊ ကျောင်းသားကျောင်းသူတွေ၊ မိဘတွေရဲ့ ပညာရေးအပေါ် ယုံကြည်မှုတွေကို ပြန်လည်ရရှိလာအောင် ထင်သာတဲ့ပြောင်းလဲမှုတွေ၊ အကျိုးရှိစေမယ့် အဆင့်မြှင့်တင်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးဖြတ်ကျော်နေတဲ့ ဘွဲ့ရရုံပညာရေးတစ်ခုနဲ့သာ ရှေ့ဆက်နေကြမယ်ဆိုရင်တော့။
Credit - Eleven Media Group
No comments:
Post a Comment