ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ သတ်မှတ်သည့် စာရင်းတွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၄ နှစ်တိုင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းတွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည်ဟု UNDP မှ Senior Programme Advisor Mr.Lqor Bose က ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။
အဆိုပါ ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်းတွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံပါဝင်ပြီး ထိုထဲတွင် မြန်မာနိုင်ငံသည် ၁၉၈၀ ခုနှစ်မှ ၂၀၁၄ ခုနှစ် ထိတိုင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွင်
ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်ဟု ဒီဇင်ဘာ ၁ ရက် က ထုတ်ပြန်သည့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ (United Nations Conference on Trade and Development- UNCTAD) ၏၂၀၁၄ ခု အစီရင်ခံစာ တွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ဆီဒိုးနားဟိုတယ်၊ အလုံခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လူတစ်ဦးချင်း ပျှမ်းမျှဝင်ငွေရရှိမှု ပမာဏသည် ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့်ယှဉ်လျှင် အလွန် နည်းနေကြောင်း၊ လူသားပိုင်ဆိုင်မှု အညွှန်းကိန်း၊ အာဟာရမပြည့်ဝသည့် လူဦးရေရာ ခိုင်နှုန်း၊ ကလေးအသေ အပျောက်နှုန်း၊ ကျောင်း တက်ရောက်နိုင်မှု၊ စာတတ်မြောက်မှု စသည့် အညွှန်းကိန်း များတွင် စံသတ်မှတ်ချက်နှင့် ညီညွတ်မှုမရှိကြောင်း၊ စီးပွားရေးအရ ထိခိုက်လွယ်မှု၊ လူဦးရေ အလွန်နည်း ပါးမှု စသည့်အကြောင်းအရာများကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင် ဆက်လက်ပါဝင်နေရခြင်းဖြစ် သည်ဟု UNDP မှ Senior Programme Advisor Mr.Lqor Bose အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှာပါနေတဲ့အတွက် အခြားနိုင်ငံတွေထက်စာရင် ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့အပိုင်းမှာ အထူးအခွင့်အရေးတွေရနိုင်တယ်။ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ နဲ့ စာချုပ်ချုပ်ထားတဲ့အတွက် ကုန်သွယ်မယ်ဆိုရင် ကုန်သွယ် မယ့် နိုင်ငံတွေကနေ အလိုလိုအခွန်လျှော့ပေး ထားတာ မျိုးအခွင့်အရေးတွေရှိတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အစီရင်ခံစာအရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးရည် မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှုပပျောက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုကဲ့သို့ ဆင်းရဲမွဲတေမှုပပျောက်စေရန် လုပ်ဆောင်ခြင်းသည် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်၏ အဓိကမျှော် မှန်းချက်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
Senior Programme Advisor Mr. Lqor Bose က “ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံတွေအနေနဲ့ လုပ်ငန်းတွေမှာ ဝင်ငွေပိုကောင်းအောင် ဖန်တီးပေးဖို့နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေတယ်” ဟု ပြောသည်။
ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သောနိုင်ငံများကို အကူအညီပေးရေး၊ ဦးစားပေး ဈေးကွက်ချဉ်း ကပ်မှုနှင့် နည်းပညာ အကူအညီရရှိမည့် အခွင့်အရေးများရရှိရန် သတ်မှတ်ထားသော နိုင်ငံများဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment