Monday, December 1, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတ ဘဝမှန် (ဆောင်းပါး)

Written by 

၂၀ဝ၈ အခြေခံဥပဒေသည် ပြည်သူလူထုကို မျက်နှာမမူခဲ့သည့် ဥပဒေဖြစ်သည်ကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်သူတိုင်းက သိကြသည်။ စစ်အာဏာရှင် စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းထားခြင်းလည်း ဖြစ်ပေသည်။ အခြေခံဥပဒေ အပြည့်အစုံကို "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)" ဟု ခေါ်ဆိုသည်။ ဆိုလိုသည်မှာ မြန်မာသည် သမ္မတ မြန်မာနိုင်ငံတော် ဖြစ်သည်။ အချုပ်အခြာအာဏာသည် ပြည်သူ့ထံတွင် အရင်းတည်ပြီး ရွေးကောက်ပွဲဖြင့် ပြည်သူ့ ကိုယ်စားလှယ်များမှ တဆင့် တိုင်းပြည်ကို ဦးဆောင်မည့် ပြည်သူ့သမ္မတကို ရွေးချယ်သော နိုင်ငံဖြစ်သည်။ သမ္မတကောင်းလျှင် တိုင်းနိုင်ငံနှင့် ပြည်ကောင်းမည်၊ ပြည်သူများ စိတ်နှလုံးချမ်းသာ ရှိကြမည်ဖြစ်သည်။

၂၀ဝ၈ အခြေခံဥပဒေကို နာဂစ်အခြေခံ ဥပဒေဟုလည်း နိုင်ငံရေးဝေဖန် သုံးသပ်သူတချို့က ခေါ်ကြသည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် အမှားအမှန်ကို ကွဲပြားခြားနားစွာ စိတ်ရှင်းလက်ရှင်း မြင်တတ်သော ပြည်သူများက ၂၀ဝ၈ အခြေခံဥပဒေကို လက်မခံလိုသော်လည်း ယင်းအခြေခံဥပဒေနှင့်ပင် တက်လာသည့် အစိုးရတစ်ရပ်နှင့် တိုင်းနိုင်ငံကို ဝေဖန်စောကြောရသည့်အခါ မကြိုက်သော်လည်း တရားဝင် ဝေဖန်ကြရသည်။ အပုပ်ချခြင်းမဟုတ်၊ ဝေဖန်ခြင်း ဖြစ်သည်။ နာလိုခံခက်ပြောလိုရင်း မဟုတ်၊ အမှန်တရားကို ပြောခြင်းဖြစ်သည်။ အမှန်တရားသည် တစ်ခါတရံ နားဝင်မချိုတတ်သည်မှာလည်း မှန်ကန်ပါသည်။

၂၀ဝ၈ အခြေခံဥပဒေ ပုဒ်မ ၆၅ ပါအတိုင်း သမ္မတလုပ်သူက ယခုကဲ့သို့ ကတိသစ္စာ ပြုရသည်။

"ကျွန်ုပ် (သမ္မတအမည်) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိုလက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည" ဟု ဖော်ပြထားသည်။

သမ္မတလုပ်သူက တိုင်းပြည်အတွက် သက်ကိုပင် ပေးသည်ဟု ကတိသစ္စာ ပြုရသည်။ "မင်းမှာ သစ္စာ၊ လူမှာ ကတိ" ဟု မြန်မာများအတွက် စကားပုံထားကလည်း ရှိသေးသည်။

၂၀ဝ၈ အခြေခံဥပဒေ ပုဒ်မ ၆၄ တွင် သမ္မတလုပ်လျှင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြထားပြန်သည်။ ကတိသစ္စာပြုထားသည့် သမ္မတဦးသိန်းစိန်သည် ပါတီဥက္ကဋ္ဌ မဖြစ်တော့၊ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယခုအခါ ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ နိုဝင်ဘာ ၂၅၊ ၂၀၁၄ တွင် "ခေတ်စနစ် အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း" အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။ ယင်းအရေးကြီးအဆိုကို ကန့်ကွက် သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

သမ္မတဦးသိန်းစိန်ကို ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ပြည်သူရွေးချယ်ထားသည့် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သမ္မတသည် အချုပ်အခြာ အာဏာပိုင် ပြည်သူတို့၏ ကိုယ်စားလှယ်အများစုဖြင့် တဆင့်ခံ ရွေးချယ်ထားခြင်း ခံရသူ ဖြစ်သည်။

သမ္မတသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမည့်သူ ဖြစ်သည်။ အချုပ်အခြာအာဏာ မူရင်းပိုင်ရှင် ပြည်သူများအတွက် အလုပ်လုပ်ရမည့်သူဖြစ်သည်။ မိမိရောက်နေသည့် ဘဝ၊ မိမိကတိသစ္စာပြုထားသည့် အလုပ်ကို အသက်သေသည့အထိ ထမ်းဆောင်မည့် သမ္မတမျိုးကို ပြည်သူများက မကြိုက်သည့် ၂၀ဝ၈ အခြေခံဥပဒေက ပေးထားကြောင်း မဇ္ဈိမက ထောက်ပြလိုရင်း ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment