ပြီးပြည့်စုံမှုမရှိသည့် စီမံကိန်းများတွင် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနေမှုများကို လွတ်လပ်စွာထောက်ပြရန်လိုအပ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်သည် အစိုးရအဖွဲ့၏ လွှမ်းမိုးမှုအောက်၌ မရှိသင့်ကြောင်းနှင့် လွတ်လပ်သည့်အဖွဲ့ဖြစ်ရန်လိုကြောင်း ကိုယ်စားလှယ်များထောက်ပြ
Written by:
စိုးမင်းထိုက် အောင်ရဲကို ပြီးပြည့်စုံမှုမရှိသည့် စီမံကိန်းများတွင် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနေမှုများကို လွတ်လပ်စွာထောက်ပြရန် လိုအပ်နေပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်သည် အစိုးရအဖွဲ့၏ လွှမ်းမိုးမှုအောက်တွင် မရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုမှုများရှိနေကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “စာရင်းစစ်ချုပ်ကိုတော့ လက်ရှိဖွဲ့စည်းပုံမှာတော့ စာရင်းစစ်ချုပ်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းပေါ့။ သမ္မတက အဆိုပြုပြီးမှ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတာပေါ့။ စာရင်းစစ်ချုပ်အပါအဝင် ကျန်တဲ့ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတိုင်းပေါ့။ အစိုးရအဖွဲ့က အဆိုပြုတဲ့ ပုဂ္ဂိုလ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသလိုဖြစ်တော့ အစိုးရအဖွဲ့ရဲ့အတွင်း စာရင်းစစ်ပုံစံ ဖြစ်နေတာပေါ့။ ဝန်ကြီးဌာနတိုင်းမှာတော့ ဌာနတွင်းစာရင်းစစ်အဖွဲ့တော့ ရှိတယ်။ အတွင်းစာရင်းစစ် ရှိတယ်။ ပြီးမှ အပြင်စာရင်းစစ်ကို တာဝန်ပေးတာပေါ့။ အစိုးရအဖွဲ့တစ်ရပ် အတွက်ကျတော့ အစိုးရအဖွဲ့က အဆိုပြုထားတဲ့ စာရင်းစစ်ချုပ်ဆိုတာကတော့ အစိုးရအဖွဲ့အတွက် အတွင်းစာရင်းစစ်ဖြစ်နေတယ်။ အစိုးရအဖွဲ့က အဆိုပြုထားတဲ့သူဆိုတော့ ကိုယ့်လူဖြစ်တာပေါ့။ ကိုယ့်စာရင်းနဲ့ ကိုယ့်လူဆိုတော့ ထောက်ပြသင့်တာလောက်ပဲ ထောက်ပြပြီးတော့မှ အစိုးရအဖွဲ့တစ်ခုလုံး ပြုတ်ကျသွားနိုင်လောက်တဲ့ ငွေကြေးအရှုပ်အရှင်းတွေဆိုရင် ထောက်ပြချင်မှထောက်ပြမှာပေါ့။ ဒါမျိုးတွေ သံသယဝင်စရာရှိတာပေါ့” ဟု သုံးသပ်ပြောကြားခဲ့သည်။
ဆက်လက်၍ “အဲဒါကြောင့် အပြင်စာရင်းစစ်ဖြစ်ဖို့ ကျွန်တော်တို့က လိုလားတာပေါ့။ ဒါမှ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်မှာပေါ့။ စာရင်းစစ်ချုပ်ဆိုသည်မှာ အစိုးရအဖွဲ့က အဆိုပြုတဲ့သူ မဟုတ်ဘဲနဲ့ လွတ်လပ်တဲ့စာရင်းအဖွဲ့အစည်း တစ်ခုဖြစ်ဖို့ လိုတာပေါ့။ စာရင်းစစ်ချုပ်က လက်ရှိပုံစံအတိုင်း အစိုးရအဖွဲ့ရဲ့ အတွင်းစာရင်းစစ် ပုံစံအတိုင်းသွားရင် တတိယအင်အားစုတစ်ခုက တစ်နည်းအားဖြင့် တကယ့်စာရင်းစစ်အဖွဲ့က ပြန်စစ်တာမျိုးမှ ဖြစ်နိုင်တယ်ပေါ့။ ဆိုလိုတာက နိုင်ငံတော်သမ္မတရဲ့ အတွင်းစာရင်းစစ်ကို ပြန်စစ်နိုင်တဲ့ ပြန်ကြီးကြပ်နိုင်တဲ့ ကော်မရှင်လိုတစ်ခု၊ လွတ်လပ်တဲ့ကော်မရှင်တစ်ခုက ပြန်စစ်နိုင်တဲ့ အနေအထားရှိမှပဲ ဒီစာရင်းက ပိုပြီးစိတ်ချယုံကြည်နိုင်တဲ့စာရင်း ဖြစ်လာတာပေါ့” ဟု ပြောကြားခဲ့သည်။
ထို့အတွက် ပြည်ထောင်စုလွှတ်တော်က အဆိုပြုခန့်အပ်တာဖြစ်ရင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အခုစာရင်းစစ်ချုပ်ရဲ့ ဖွဲ့စည်းပုံအရ စစ်ဆေးသည့်အရာအားလုံးကို တာဝန်ခံရတာက သမ္မတကြီးကိုဖြစ်ကြောင်း၊ စာရင်းစစ်ရဲ့ စစ်ဆေးချက်အားလုံးကို အစိုးရအဖွဲ့ခေါင်းဆောင်ဆီကို တင်ပြအစီရင်ခံပြီးမှ ပြည်ထောင်စုလွှတ်တော်ကို နောက်တစ်ဆင့် ထပ်ဆင့်အကြောင်းကြားတဲ့ သဘောနေကြောင်း၊ တစ်ပြိုင်တည်းဖြစ်အောင် ကြိုးစားပြီးတော့ စာရင်းစစ်ချုပ်ဥပဒေကို ပြန်ပြင်ချင်ကြောင်း၊ ဒါပေမဲ့လို့ အစိုးရအဖွဲ့ကို တာဝန်မခံဘဲနဲ့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံနိုင်တဲ့ ပုံစံဆိုရင် အပြင်စာရင်းစစ်ပုံစံ ဖြစ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
အစိုးရအဖွဲ့တစ်ရပ် အတွက်ကျတော့ အစိုးရအဖွဲ့က အဆိုပြုထားတဲ့ စာရင်းစစ်ချုပ်ဆိုတာကတော့ အစိုးရအဖွဲ့အတွက် အတွင်းစာရင်းစစ်ဖြစ်နေတယ်။ အစိုးရအဖွဲ့က အဆိုပြုထားတဲ့သူဆိုတော့ ကိုယ့်လူဖြစ်တာပေါ့။ ကိုယ့်စာရင်းနဲ့ ကိုယ့်လူဆိုတော့ ထောက်ပြသင့်တာလောက်ပဲ ထောက်ပြပြီးတော့မှ အစိုးရအဖွဲ့တစ်ခုလုံး ပြုတ်ကျသွားနိုင်လောက်တဲ့ ငွေကြေးအရှုပ်အရှင်းတွေဆိုရင် ထောက်ပြချင်မှထောက်ပြမှာပေါ့။ ဒါမျိုးတွေ သံသယဝင်စရာရှိတာပေါ့ . . . . .
“စာရင်းစစ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်အတွက် သမ္မတက အဆိုပြုခြင်းမဟုတ်ဘဲနဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပေးတဲ့ စာရင်းစစ်ချုပ်မျိုး ဖြစ်မယ်ဆိုရင် သူ့ရဲ့စစ်ဆေးချက် အစီရင်ခံစာကိုလည်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီးမှ အစိုးရအဖွဲ့ကို တင်ပြတာမျိုးဆိုရင် ပိုပြီးတော့ အစိုးရအဖွဲ့က သန့်ရှင်းလာမယ်။ အစိုးရကလည်း သူတို့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ သတိထားပြီး ဆောင်ရွက်လာမယ်။ ဆောင်ရွက်ချက်တိုင်းကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရော၊ ပြည်သူတွေကရော ယုံကြည်စိတ်ချမှု ရှိလာမှာပေါ့။ ဘာလို့လဲဆိုတော့ အစိုးရအဖွဲ့ရဲ့ မှားကွက်တို့ ဘဏ္ဍာရေး၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ မှားကွက်တွေကို ထောက်ပြနိုင်တာက စာရင်းစစ်အဖွဲ့တစ်ခုပဲ ရှိတယ်။ စာရင်းစစ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ပိုမြင့်မားလာမယ်” ဟု ဒေါက်တာအေးမောင်က သုံးသပ်ခဲ့သည်။
ဆက်လက်၍ အစိုးရရဲ့ လုပ်ငန်းတွေအားလုံးကို ထောက်ပြနိုင်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်မယ်။ သူ့ကို တာဝန်ခံရမှာလည်း ပြည်ထောင်စုလွှတ်တော်ပဲဖြစ်မယ်။ ပိုပြီးတော့ အစိုးရသန့်ရှင်းအောင် ဌာနဆိုင်ရာအားလုံးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေမှာ သုံးတဲ့ငွေကြေးကအစ စာရင်းထားသိုမှုအဆုံး စနစ်တကျထားရှိတဲ့ အစိုးရအဖွဲ့တစ်ခု ဖြစ်လာမယ်လို့ သုံးသပ်တယ်။ အဲဒီတော့ စာရင်းစစ်ချုပ်ရုံးရဲ့မဏ္ဍိုင် သူ့ရဲ့နာမည်အသီးသီးဟာ ပိုပြီးပီပီပြင်ပြင်ရှိဖို့ လိုမယ်။ ပိုပြီးတော့ လွတ်လပ်ပြီးတော့ စိစစ်နိုင်မယ် လုပ်ပိုင်ခွင့်အပြည့် ရှိမယ်ပေါ့။ ဒါမှပဲ အစိုးရရဲ့လုပ်ငန်းတွေကို ထောက်ပြနိုင်မယ်။ အကြံပြုနိုင်မယ်။ တားဆီးနိုင်မယ်လို့ ယူဆပါတယ်။ Power Sharing ပိုင်းက အရေးကြီးလာပြီ။ သဘောက အစိုးရတိုင်းကို စိစစ်နိုင်တဲ့ စာရင်းစစ်ချုပ်ရုံးတွေရှိဖို့ လိုအပ်တာပေါ့။ ပြည်နယ်စာရင်းစစ်ချုပ်ရုံးရဲ့ လုပ်ပိုင်ခွင့်ဟာ ဘယ်လောက်အတိုင်းအတာအထိ ရှိသလဲဆိုတာ အရေးကြီးတယ်။ ပြည်ထောင်စုအစိုးရက ဖြန့်ကြက်ထားတဲ့ ဝန်ကြီးဌာနတွေက များတယ်။ တစ်နည်းအားဖြင့် ဝန်ကြီးဌာနငါးခုယူမလား၊ ခြောက်ခုယူမလား၊ ဥပမာ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့ ငွေကြေးထုတ်လုပ်ရေးတို့ စသဖြင့် ဘယ်နှခုယူမလဲ။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ ခွဲပေးသင့်တယ်။ လုပ်ပိုင်ခွင့်ရှိအောင်ပေါ့” ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုအစိုးရ၊ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ လုပ်ငန်းတိုင်းကို စိစစ်ဖို့က စာရင်းစစ်ချုပ်တွေမှာ တာဝန်ရှိကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ကွဲပြားဖို့လိုကြောင်း၊ စာရင်းစစ်မဏ္ဍိုင်တစ်ခု ရှိရန်လည်း လိုအပ်ကြောင်း၊ လွတ်လပ်မှုရှိရမယ့်အပြင် စာရင်းစစ်နယ်ပယ်ရဲ့ အုပ်ချုပ်မှုကလည်း မပီပြင်သေးကြောင်း၊ အဲဒီတော့ စာရင်စစ်ချုပ် ပြည်နယ်နဲ့တိုင်းဒေသကြီး ပုဂ္ဂိုလ်တွေဟာ ပွင့်ပွင့်လင်းလင်းပြောရင် အခိုင်းခံသက်သက်ဖြစ်နေကြောင်း လွတ်လပ်သည့် စာရင်းစစ်ဆေးပိုင်ခွင့်ကို မရသေးကြောင်း၊ စာရင်းစစ်ချုပ်တွေရဲ့ အစီရင်ခံစာကို ပြန်ကြည့်တဲ့အခါမှာ တချို့ပွင့်လင်းလာတာ ရှိလာကြောင်း၊ ဘာကိုတွေ့လဲဆိုတော့ စာရင်းစစ်ချုပ်ဟာ လုပ်ငန်းပိုင်းဆိုင်ရာကို ထောက်ပြနိုင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ဒေါက်တာအေးမောင်က “စီမံကိန်းရဲ့ မှားကွက်တွေ ရှိမှာပေါ့။ နှစ်ပေါင်းများစွာ သုံးလာတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်ကို မရောက်ဘူး။ ငွေကြေးသုံးထားတာ တော်တော်များနေတယ်။ ဒါမျိုးတွေလည်း အများကြီးရှိမယ်။ စာရင်းစစ်တွေထောက်ပြတာ တော်တော်ကောင်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာ ဆည်တော့လုပ်တယ်။ မြောင်းမပါဘူး။ စီမံကိန်းတုန်းကတော့ ဆည်ရောမြောင်းရော ပါမှာပေါ့။ စီမံကန်းပြီးသွားတာ ဘယ်လောက်ဘယ်လောက်ကြာပြီ။ ဆည်ကြီးကလည်း ရေမရှိဘူး။ အဲ့ဒီမှာမြောင်းတွေလည်း မပါဘူးဆိုတာမျိုးတွေ ထောက်ပြတာပေါ့။ ဆည်မြောင်းတစ်ခုရဲ့ ပထမဆုံး စီမံကိန်းဆွဲကတည်းက ရေခံနိုင်အားရှိတဲ့မြေသား ဟုတ်မဟုတ်မကို သူတို့ စိစစ်မှုရှိချင်မှ ရှိမယ်လေ။ ကြက်မောက်တောင်ဆည်တို့ဆိုရင် ရေမှမတင်တာ။ သဖန်းဆိပ်ဆည်ဆို အရှေ့တောင်အာရှမှာ အကြီးဆုံးဆည်လို့ ပြောခဲ့တာပဲ။ အခုရေမှ သိပ်ကြီးကြီးမားမားမရှိတာ။ စီမံကိန်းအနေနဲ့ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးတာပေါ့။ ဒါတွေကို နည်းပညာအရ စာရင်းစစ်ကလည်း နှစ်တိုင်းနှစ်တိုင်းစစ်တဲ့အခါမှာ ထောက်ပြနိုင်ရမှာပေါ့။ ငွေကြေးအားဖြင့် သုံးတယ်ရလဒ်မထွက်ရင် လုပ်တဲ့လုပ်ငန်းဟာ လုပ်တဲ့လူမှာ တာဝန်ရှိသွားတာပေါ့။ ဒါကိုလည်း စာရင်းစစ်က ထောက်ပြရမှာပေါ့။ မွေးမြူ ရေးရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ကဏ္ဍတွေမှာ အစာစပ်စက်ရုံတွေ အများကြီးရှိခဲ့တယ်။ အကြွေးတွေအများကြီး သိန်းကိုသောင်းဂဏန်းချီတယ်လို့ ပြောတယ်။ လူတစ်ဦးတည်းယူသွားတာ။ ငါးစာအကြွေးတွေ။ သတင်းစာတွေမှာ စာရင်းစစ်ချုပ်က ပြန်ဖော်တာတွေ့တယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက နှောင့်နှေးနေတာရှိတယ်။ ကျွန်တော်တို့ ကြားတာပါ။ သိန်းကို တစ်ယောက်တစ်ယောက်ကို နာမည်တွေ ရှိပါတယ်။ အစာစပ်စက်ရုံ ဒညင်းကုန်း၊ လှော်ကား အဲဒီမှာ ငါးစာတွေယူသွားကြတာ။ တန်ဖိုးလည်းလျော့တယ်လေဗျာ။ နိုင်ငံတော်ပိုက်ဆံတွေ သိန်းကိုသောင်းနဲ့ချီတယ်။ ဒါကိုထောက်ပြတဲ့ စာရင်းစစ်တွေရှိတယ်။ ဒါ တော်တော်ဝမ်းသာဖို့ကောင်းတယ်” ဟု ပြောကြားခဲ့သည်။
စာရင်းစစ်အဖွဲ့သည် လုပ်ပိုင်ခွင့်ပြည့်ဝရမည်ဖြစ်ကြောင်း၊ မည်သူ့မျက်နှာမှ ထောက်စရာမလိုကြောင်း၊ ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တာဝန်ပေးထားသည့် ပြည်ထောင်စုလွှတ်တော်ကနေ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို တာဝန်ပေးသင့်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံနိုင်ပြီး လွတ်လပ်သည့်စာရင်းစစ်ပုံစံမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ ဒါမှ အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးကိစ္စများကို ထောက်ပြနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ခဲ့သည်။
Credit - Eleven Media Group
No comments:
Post a Comment