![]() |
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော ကျောင်းသားများအား နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်/ဓာတ်ပုံ − ကျော်ဇင်သန်း |
‘‘ဒီမိုကရေစီပညာရေး ဒို့အရေး . . .ဒို့အရေး၊ ‘‘ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး . . . ဒို့အရေး’’၊ ‘‘ကျောင်းသားပြည်သူအခြေမခံသော အမျိုးသားပညာရေးဥပဒေ အလိုမရှိ . . .အလိုမရှိ’’၊ ‘‘သပိတ် . . .သပိတ် . . .မှောက် . . . မှောက်’’
ယာဉ်ကြောရှုပ်ထွေးနေသော ရန်ကုန်မြို့လမ်းမများပေါ်တွင် နိုဝင်ဘာ ၁၇ ရက်၌ အနီရောင်ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ထားသော အဖြူရောင်အင်္ကျီဝတ် ကျောင်းသားလူငယ်များ၏ ချွေးတလုံးလုံးဖြင့် ကြွေးကြော်နေသံများဖြစ်သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိနေချိန်ဖြစ်သော နိုဝင်ဘာ ၁၄ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်က အမျိုးသားပညာရေးဥပဒေအပေါ် သပိတ်မှောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေးကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ သဘောထားကြေညာချက် ခြောက်ချက်ထုတ်ပြန်ကာ ကျောင်းသားများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
ခ၀ဲခြံမျက်မမြင်ကျောင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရ၍ နေရာပြောင်း ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များမှ ကျောင်းသား ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေသည် ပညာရေးစနစ်ဟောင်းများကို အစားထိုး ပြင်ဆင်နိုင်မှုမရှိခြင်း၊လွတ်လပ်စွာပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားခြင်း၊ မူဝါဒများသည် စလယ်ဆုံး ဒီမိုကရေစီမဆန်ခြင်း၊ ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်း ပါဝင်ထိန်းချုပ်ခွင့်ပေးထားခြင်း၊ ကျောင်းသားသမဂ္ဂများ တည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် ကျောင်းသားပြည်သူကို အခြေခံသော၊ ဒီမိုကရေစီပညာရေး အနှစ်သာရနှင့် ကိုက်ညီသော အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးတို့အတွက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအစည်းအဝေးက ထုတ်ပြန်လိုက်ပြီးတော့ အားလုံးသဘောတူလိုက်တာ ပြင်ဆင်ဖို့လည်း မဟုတ်ဘူး။ ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ ပြင်ဆင်ချင်လည်း ပြင်ဆင်လို့ရသလို ဖျက်သိမ်းချင်လည်း ဖျက်သိမ်းလို့ရတယ်။ အစိုးရနဲ့ ကျွန်တော်တို့ရဲ့ ညှိနှိုင်းချက်မှာပဲ မူတည်လိမ့်မယ်။ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အကြောင်းအရာက ကျောင်းသားထုရဲ့ အခွင့်အရေးကို ကာကွယ်မပေးနိုင်တဲ့ ဥပဒေဖြစ်တယ်။ ပြည်သူလူထုအပေါ် အခြေမခံခဲ့ဘူး။ ကျောင်းသားတွေရဲ့ သဘောဆန္ဒမပါဝင်ခဲ့ဘူး။ အဲဒီအတွက်ကြောင့် ဒီဥပဒေကို ကျွန်တော်တို့လက်မခံဘူး။ တိတိကျကျဆိုရရင် တက္ကသိုလ်တိုင်းမှာ ကျောင်းသားသမဂ္ဂဖွဲ့ခွင့်ရဖို့ ကျွန်တော်တို့တောင်းဆိုထားတယ်’’ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကဆိုသည်။
ဥပဒေသည် ကျောင်းသားများ၏ သဘောထားအသံများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိသလို အများပြည်သူ ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများမရှိခဲ့ကြောင်း ၎င်းကဝေဖန်သည်။ ထို့ကြောင့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ သပိတ်မှောက်ကျောင်းသားများက အစိုးရနှင့် လွှတ်တော်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းရန် ဆန္ဒရှိနေကြသည်။
‘‘ကျောင်းသားသမဂ္ဂဖွဲ့ခွင့်မရခဲ့တဲ့အတွက် ကျောင်းသားအသံလည်း အမျိုးသားပညာရေးမူဝါဒမှာ ပါခွင့်မရခဲ့ဘူး။ သူတို့ဘက်ကလည်း ကျောင်းသားတွေ အသံပါအောင် တစ်စုံတစ်ရာကြိုးပမ်းမှုမရှိခဲ့ဘူး။ ပြည်သူတွေကိုလည်း ဒီဥပဒေအပေါ် စိတ်ဝင်စားလာအောင် ဆွေးနွေးမှုတွေ မလုပ်ခဲ့ဘဲနဲ့ သူတို့ရုံးမှာထိုင်ပြီး စာလာပို့ပါဆိုတာက သဘာဝမကျဘူးလို့ ထင်ပါတယ်’’ဟု ကိုဇေယျာလွင်ကပြောသည်။
အမျိုးသားပညာရေးဥပဒေကြမ်းရေးဆွဲခဲ့စဉ်က ပညာရေးနှင့် အကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ဆရာနှင့် အရပ်ဘက်ပညာရှင်များ ပါဝင်မှုအားနည်းခဲ့သလို အများပြည်သူ စိတ်ဝင်တစားပါဝင်မှုလည်း နည်းပါးခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေ ဖြစ်လာမည့် မူကြမ်းကို ယခုနှစ် မတ်လတွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး စတင်တင်သွင်းချိန်ကတည်းက အစိုးရနှင့် လွှတ်တော်တို့၏ ဥပဒေကြမ်းနှစ်ခု တိုက်ဆိုင်နေ၍ ပူးပေါင်းခဲ့ရသည်။
အမျိုးသားပညာရေးဥပဒေသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲမှုများကြောင့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရပြီး သမ္မတထံမှ သဘောထားမှတ်ချက် အများအပြား လွှတ်တော်နှင့် အပြန်အလှန် အငြင်းပွားမှုများနှင့်အတူ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဥပဒေကြမ်းပြုစုနေချိန်မှ ဥပဒေအတည်ပြုပြီးချိန်အထိ အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းတို့၏ ကန့်ကွက်မှုနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။
ယခုအခါ တက္ကသိုလ်ကျောင်းသား ၃၀၀ ကျော်သည် လမ်းပေါ်ထွက်၍ သပိတ်မှောက်ဆန္ဒပြမှုကို လေးရက်ကြာပြုလုပ်ပြီးနောက် ရက် ၆၀ အတွင်း ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောရန် တောင်းဆိုထားသည်။
‘‘ကျွန်မတို့ဆွေးနွေးထားတာ ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနရယ်၊ လွှတ်တော်ရယ်၊ NNER လို အဖွဲ့အစည်းမျိုးနဲ့ ကျွန်မတို့ သပိတ်ကော်မတီတို့ စကားပြောဆိုနိုင်ရင်တော့ လမ်းကြောင်းတစ်ခုခု ထွက်လာနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးနဲ့ပဲလာလာ ကျွန်မတို့က ကြိုဆိုပါတယ်’’ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောသည်။
အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် တောင်းဆိုမှုများနှင့် ပတ်သက်၍ နိုင်ငံရေးနှင့် ဆက်နွှယ်သော လှုပ်ရှားမှုများလည်း ဖြစ်ပေါ်လာနိုင်ပြီး ကျောင်းသားများအနေဖြင့် သတိပြုဆင်ခြင်သင့်ကြောင်း ထောက်ပြသူများလည်း ရှိနေသည်။
‘‘သူတို့ထဲမှာလည်း နိုင်ငံရေးလှုပ်ရှားမှုမျိုးကို ဆက်နွှယ်သွားချင်တဲ့သူတွေ ရှိနေတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပညာရေးအတွက်ပဲ ဦးတည်ပြီးတော့ ဆောင်ရွက်တာမျိုးဖြစ်စေချင်တယ်။ ပညာရေးဥပဒေကို ဖျက်သိမ်းမယ်ဆိုတာထက် ပြင်ဆင်မယ်ဆိုတာမျိုးကိုပဲ အားပေးတယ်။ ဖျက်ပြီးပြန်ရေးရင်လည်း တချို့အချက်တွေက ပြန်ထည့်ရမှာပဲလေ။ ကောင်းတဲ့အချက်တွေလည်းရှိနေတာပဲ။ မကောင်းတဲ့အချက်တွေကိုပဲ ပြင်ဆင်စေချင်တယ်’’ဟု တက္ကသိုလ်ဆရာတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
အမျိုးသားပညာရေးဥပဒေသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးဖြစ်၍ ကျောင်းသားများ တောင်းဆိုနေသကဲ့သို့ အလွယ်တကူဖြစ်လာရန် အခက်အခဲကြုံတွေ့ရဖွယ်ရှိနေသည်။
ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ်အချို့မှ ပါမောက္ခချုပ်များသည် သပိတ်မှောက်ဆန္ဒပြပွဲ တတိယမြောက်နေ့တွင် တွေ့ဆုံခဲ့ကြသော်လည်း အစိုးရမှ တာဝန်ရှိသူအဖြစ် လာရောက်ခြင်းမဟုတ်ဘဲ ကျောင်းဆရာအဖြစ် လာရောက်ခြင်းဖြစ်၍ ကျောင်းသားများ၏ တောင်းဆိုချက်များကို အာမခံချက်မပေးနိုင်သော အကြောင်းပြချက်ဖြင့် အဆင်မပြေဖြစ်ခဲ့ရသည်။
‘‘အမှန်ကတော့ ညှိနှိုင်းချင်တာပါပဲ။ သူတို့ကတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ချင်နေတာပါ။ ဒါပေမဲ့ ဥပဒေဆိုတာကလည်း လွှတ်တော်ကမှ ပြင်နိုင်တာကိုးကွ။ ၀န်ကြီးဌာနအနေနဲ့က မလုပ်နိုင်ဘူးလေ။ အဲဒီတော့ သူတို့က ဆရာတို့မလုပ်နိုင်ရင် သူတို့ဘာသာလုပ်မယ်ဆိုပြီး ထထွက်သွားတာပါ။ ၀န်ကြီးဌာနအနေနဲ့ကတော့ ပြေပြေလည်လည်နဲ့ ညှိနှိုင်းဆောင်ရွက်လို့ရရင် ဥပဒေချိုးဖောက်တဲ့ ရုန်းရင်းဆန်ခတ် မဖြစ်စေချင်ဘူးကွာ။ သူတို့လိုချင်တာလေးတွေတင်ပြပြီး ညှိနှိုင်းပေးချင်တာပါ။ ဒါပေမဲ့လည်း ဥပဒေကြီးပြင်ချင်တာတော့ လွှတ်တော်ကမှတော့ မဖြစ်နိုင်ဘူးကွ။ ဘယ်လိုဖြစ်နိုင်လဲဆိုတော့ နောက်လာမယ့် နည်းဥပဒေတို့၊ ဥပဒေတို့မှာ ပါလာနိုင်တာမျိုးဖြစ်မှာပါ’’ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော အမည်မဖော်လိုသည့် ပါမောက္ခချုပ်တစ်ဦးကဆိုသည်။
သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုမှုသည် အစိုးရနှင့် ၀န်ကြီးဌာနတို့၏ သဘောထားနှင့် လုပ်ပိုင်ခွင့်အာဏာသာမက လွှတ်တော်များ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ဆက်စပ်နေသောကြောင့် စိန်ခေါ်မှုကြီးမားနေနိုင်သည်။
လေးရက်မြောက် သပိတ်မှောက်အပြီးတွင် အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် သတင်းမီဒီယာများအား ဖိတ်ခေါ်ခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားတွင်လည်း အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်ပညာရှင်များဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ကလည်း အမျိုးသားပညာရေးဥပဒေအပေါ် ကန့်ကွက်နေသော ကျောင်းသားများနှင့် အစိုးရ၊ လွှတ်တော်တို့ တွေ့ဆုံညှိနှိုင်းရေးအတွက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ဆန္ဒရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။
‘‘အစိုးရနဲ့လွှတ်တော်အနေနဲ့ ထိရောက်တဲ့ တွေ့ဆုံမှုတွေ လုပ်မယ်ဆိုရင် NNER အနေနဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်အကြံပေးတာတွေ အများကြီးလုပ်ပေးနိုင်ပါတယ်။ မူဝါဒရေးရာ အငြင်းပွားမှုတွေအတွက် လိုအပ်မယ်ဆိုရင် ကျောင်းသားတွေဖိတ်လည်း ကျွန်မတို့က ပါဝင်ပါမယ်။ အစိုးရက ဖိတ်လည်း ပါဝင်ပါမယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ဒေါ်သူသူမာကပြောသည်။
NNER သည် အမျိုးသားပညာရေးဥပဒေမပြဋ္ဌာန်းမီကတည်းက အချက်ကိုးချက်ပါဝင်သော သဘောထားကြေညာချက်ကို ထုတ်ပြန်ထားပြီး သပိတ်မှောက်ကျောင်းသားများကလည်း ယင်းအချက်များကို ထောက်ခံထားသည်။
‘‘အမျိုးသားပညာရေးဥပဒေမှာ အခြေခံကျတဲ့ သဘောတူညီချက်တွေ ပါဝင်နေဖို့လိုတယ်။ ကျောင်းသားက ဘာကိုပါစေချင်တာလဲ။ ဆရာက ဘာကိုပါစေချင်တာလဲပေါ့။ အခုဖြစ်သွားတဲ့ ပြဿနာက မူဝါဒတွေမှာ အငြင်းပွားမှုတွေကို ပွင့်ပွင့်လင်းလင်းမဆွေးနွေးဘဲ ဥပဒေကိုအတည်ပြုလိုက်တဲ့အတွက် ဖြစ်လာတာပါ။ တကယ်ဆိုရင် ဥပဒေတစ်ခုဆိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းသား၊ ဆရာနဲ့ မိဘတွေ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားရမှာပါ။ ဒါပေမဲ့ ပျော်စရာမကောင်းဘဲနဲ့ စိတ်ညစ်စရာကောင်းပြီးတော့ ပဋိပက္ခကို ဖြစ်သွားစေပါတယ်။ ကျွန်မတို့မေးချင်တာက ပဋိပက္ခဖြစ်စေတဲ့ ဆုံးဖြတ်ချက်မျိုးကို ဘာလို့ချမှတ်ခဲ့ရတာလဲဆိုတာပါပဲ’’ဟု ဒေါ်သူသူမာကဆိုသည်။
လက်ရှိအချိန်တွင် တက္ကသိုလ်ကျောင်းများ၏ သပိတ်မှောက်ဆန္ဒပြမှုအပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများကလည်း ထောက်ခံသဘောတူကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ထားပြီး အာဏာပိုင်များအနေဖြင့် အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းခြင်းမပြုရန် တိုက်တွန်းထားကြသည်။
သပိတ်မှောက်ကျောင်းသားများ လမ်းပေါ်ထွက်ဆန္ဒပြမှု ရပ်ဆိုင်းထားမည်ဖြစ်သော ရက်ပေါင်း ၆၀ အတွင်း အစိုးရနှင့် လွှတ်တော်များမှ တာဝန်ရှိသူများအနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်မည်ဟူသောအချက်မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။
သတ်မှတ်ကာလအတွင်း တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်း၊ သို့မဟုတ် တုံ့ပြန်မှုအပေါ် ကျေနပ်သဘောကျမှုမရှိပါက သပိတ်မှောက်ကျောင်းသားများက နိုင်ငံအနှံ့ ကျောင်းသားသပိတ် ပေါ်ပေါက်လာရန် လုပ်မည်ဟု ကြွေးကြော်ထားလေသည်။
အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သော အချက်(၉)ချက်နှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ သဘောထားကြေညာချက်အနှစ်ချုပ်
- အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းရန် မလိုအပ်ပါ။
- မသန်စွမ်းကလေးများ အပါအ၀င် ကလေးများအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး ခံစားခွင့်ကို တိတိလင်းလင်းဖော်ပြရန်။
- မိခင်ဘာသာစကားကို အခြေပြုသော ဘာသာစကား ၃ မျိုးစနစ် (မိခင်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား)ကို ထည့်သွင်းဖော်ပြရန်။
- ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ စုရုံးခွင့်၊ ပြောဆိုခွင့်နှင့် ရွေးချယ်ခွင့်တို့အတွက် အာမခံရန်။
- ‘အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်’ဆိုသောအချက်ကို ကန့်ကွက်ပြီး ကျောင်းအသီးသီး၏ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်ဆောင်ရွက်ရန်
- အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ဒေသအလိုက်သာမက ကျောင်းအလိုက် ဖွံ့ဖြိုးနိုင်ခွင့်ရှိကြောင်း ဖော်ပြရန်။
- ‘ကျောင်းသားဗဟိုပြုချဉ်းကပ်နည်း’ တစ်မျိုးတည်းကိုသာ အသုံးပြုခြင်းအစား နည်းစနစ်အမျိုးမျိုးကို လွှမ်းခြုံသော ‘သင်ယူမှုကို ဗဟိုပြုသော နည်းစနစ်များ’ကို အသုံးပြုမည်ဟု ဖော်ပြရန်။
- ‘အခမဲ့မသင်မနေရ မူလတန်းပညာရေး’အစား ‘အခမဲ့မသင်မနေရ အလယ်တန်းပညာရေး’ ဖြစ်သင့်ပြီး ၀န်ကြီးဌာနများ၊ နိုင်ငံတော်တာဝန်ရှိသူများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ သတ်မှတ်ကြောင်း ဖော်ပြရန်။
Credit - 7DAY DAILY
No comments:
Post a Comment