ရန်ကုန်၊ နိုဝင်ဘာ ၁၈
နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး စသည့် အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် အတွက်
လေးပွင့်ဆိုင် တွေ့ဆုံရေးမှာ အဓိကကျသည့်အတွက် ယင်းတွေ့ဆုံပွဲ ဖြစ်မြောက်ရန်
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် လေးခုတွင် နိုဝင်ဘာလ ၂၄ ရက်နေ့၌
လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း
ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ကိုဇော်ကြီးက နိုဝင်ဘာလ ၁၈ ရက်နေ့တွင်
မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
ကွမ်းခြံကုန်းမြို့နယ် ဈေးအနီး ကျောက်တိုင် မှစ၍ ကွမ်းခြံကုန်း၊ ကော့မှူး၊
ဒလနှင့် တွံတေးမြို့များကို ဖြတ်သန်း၍ ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေခြင်း
ဖြစ်ကာ လူအင်အား တစ်ရာ ကျော်ခန့် ပါဝင်မည်ဖြစ်သည်။
““လူတန်းစားပေါင်းစုံ ပေါက်ကွဲတော့မယ့် အခြေအနေမျိုးကို လေးပွင့်ဆိုင်နဲ့
ကာကွယ်ပါပေါ့။ ကျောင်းသားရေး၊ အလုပ်သမား၊ လယ်သမားအရေးတွေ အလုပ်သမား
အနိမ့်ဆုံးလစာ မသတ်မှတ်တဲ့ကိစ္စတွေ၊ အလုပ်သမား ဆန္ဒပြတဲ့ကိစ္စတွေ၊ နိုင်ငံရေး
အကျပ်အတည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေ၊ အထွေထွေ အကျပ်အတည်း တွေ့နေတယ်။
အဲဒါကို လေးပွင့်ဆိုင် ဆွေးနွေး ပွဲမှာ ရာနှုန်းပြည့် မအောင်မြင်တောင်မှ ၅၀
ရာခိုင်နှုန်းပြေလည် မယ်လို့ ထင်လို့ လေးပွင့်ဆိုင်ကို အဓိကထား
တောင်းတာပါ””ဟု ကိုဇော်ကြီးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ
ဆန္ဒဖော်ထုတ်ပွဲ၏ ရည်ရွယ်ချက်မှာ ပြည်သူများ၏ ဆန္ဒကို သိစေရန်အတွက်
အစိုးရနှင့် လွှတ်တော်ကို တွန်းအား ပေး ချင်သောကြောင့် ဖြစ်ကြောင်း
ကိုဇော်ကြီးက ဆက်လက် ပြောကြားသည်။
လွန်ခဲ့သော အောက်တိုဘာလ ၃၁
ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အာဏာရ
ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး အပါအ၀င် ပါတီခေါင်းဆောင် အချို့နှင့်
တွေ့ဆုံမှုများ ပြုလုပ်ခဲ့ သည်။
ထိုတွေ့ဆုံမှုမှာ မြန်မာနိုင်ငံသို့
လာရောက်မည့် အမေရိကန် သမ္မတ အိုဘားမား၏ ခရီးစဉ်အတွင်း အမြင် ကောင်းစေရန်
ပြုလုပ် သည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ် ခဲ့သေးသည်။
““ဒီလိုအချိန်မှာ တိုင်းပြည်က ပေါက်ကွဲတော့မယ့် အခြေအနေတွေ ဖြစ်နေ တယ်။
ပြည်သူတွေ လမ်းပေါ်ကို ထွက်တော့မယ် အခြေအနေမျိုး ကို ဖြစ်ခါနီးဆဲဆဲ ၁၉၈၈ လို
၂၀၀၇လို တစ်တိုင်းပြည်လုံး ပေါက်ကွဲ အုံကြွ တော့မယ့် အခြေအနေမျိုး
ဖြစ်နေတယ်။ ဒီအခြေအနေကနေ ထွက်ပေါက်ရှာတဲ့ အနေနဲ့ တစ်ခုတည်းသော ထွက်ပေါက်က
လေးပွင့် ဆိုင် ဆွေးနွေးပွဲလို့ ယုံကြည်တယ်။ ဒီပြဿနာတွေ ပြေလည်ဖို့
တစ်ခုတည်းသော နည်းလမ်းလို့ ယုံကြည်တယ်။ အဲယုံကြည်မှုအတိုင်း ဆက်ပြီးတော့
တိုက်ပွဲဝင်သွားမှာပါ။ ရည်ရွယ်ချက်က တော့အဲဒီ
ရည်ရွယ်ချက်ပါပဲ””ဟုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်မည့် ဦးနန္ဒထွဋ်က
မြန်မာသံတော်ဆင့်ကို ပြောသည်။
ရည်မွန်ဖြိုး
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment