ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်
လိုင်ဇာအနီးရှိ စစ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီးကျည်
ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့မှုမှာ တပ်မတော်က တမင်
ရည်ရွယ်ပစ်ခတ်ရာမှ မဟုတ်ဘဲ KIA တပ်များက တပ်မတော်ကို ပစ်ခတ်မှုများ
ပြုလုပ်နေသဖြင့် ပြန်လည်သတိပေး ပစ်ခတ်ရာမှ ယင်းနေရာသို့ ကျရောက်သွားခြင်း
ဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းမီဒီယာများသို့
ပြောဆိုသည်။
“ဘယ်နေရာမှာ ဘာကျောင်းရှိတယ် ဆိုတာ မသိပါဘူး” ဟု ၎င်းကဆိုသည်။
လက်နက်ကြီးကျည်ဖြင့် ပတ်ခတ်မှုမှာ သင်တန်းကျောင်း လေ့ကျင့်ကွင်းပေါ်သို့
မတော်တဆ ကျရောက်ခဲ့သဖြင့် ယင်းသို့ ဖြစ်ပွားခြင်းသာ ဖြစ်ကြောင်း ၎င်းက
အကြောင်းပြသည်။
တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြီး
လိုင်ဇာအနီးတစ်ဝိုက် ဖြန့်ကြက်ထားသော လက်နက်ကြီးများ ဖယ်ရှားရန်နှင့်
တပ်မတော် စစ်စခန်းများ ရုပ်သိမ်းပေးရန် KIO/KIA အဖွဲ့က တောင်းဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး ယင်းသို့ ဖယ်ရှားပေးရန်
တောင်းဆိုကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သည့် KIO ဗဟိုကော်မတီ၏
ကြေညာချက်တွင် ဖော်ပြထားသည်။
လိုင်ဇာစစ်သင်တန်း ကျောင်းပေါ်သို့
လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် သင်တန်းသား ၂၃ ဦး သေဆုံးရာ အဆိုပါ
သေဆုံးစာရင်းတွင် အခြားလက်နက်ကိုင် အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ
သင်တန်းသားနှစ်ဦး ပါဝင်ကြောင်း ABSDF က ထုတ်ပြန်သည်။
အလားတူ
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ ဥက္ကဋ္ဌအဖြစ်
တာဝန်ယူထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
ကလည်း လိုင်ဇာစစ်သင်တန်းကျောင်းကို ပစ်ခတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း
ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်နှေးစေသော
လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင်
ထုတ်ပြန်ကြေညာသည်။
ယင်းအပြင် အဆိုပါ ပစ်ခတ်မှုမှာ
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးကို ၂၀၁၅ အလွန်မှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောဆိုမှုနှင့်
တိုက်ဆိုင်နေသဖြင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းကြံစည်မှုဟု
ယူဆနိုင်ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ဆက်လက်ဆွေးနွေးရန်အတွက်
တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့ ထပ်မံတွေ့ဆုံရန် NCCT
အစည်းအဝေးကို နိုဝင်ဘာလ ၂၄ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်
ပြုလုပ်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြောဆိုထားသည်။
Credit - The Voice Weekly
No comments:
Post a Comment