Thursday, November 20, 2014

လမ်းဖွင့်​ပေးရန် ​လေးရက်​မြောက်အဖြစ် ဆက်လက်​တောင်းဆို

Written by  မင်းအောင်ခိုင် 

ရန်ကုန် (မဇ္ဈိမ)။ ။ အလုံမြို့နယ် ဦးမြငါးစင် သမ္ဗာန်ဆိပ်လမ်းကို ကျောင်းသား/ကျောင်းသူများ အပါအဝင် အများပြည်သူများ သွားလာနိုင်ရေး အတွက် လမ်းဖွင့်ပေးရန် နိုဝင်ဘာလ ၁၆ ရက်မှ၍ ယနေ့အထိ လေးရက်ကြာ တောင်းဆိုနေသော်လည်း အကြောင်းတစ်စုံတစ်ရာ ထူးခြားမလာပါက လမ်းပေါ်တက် ဆန္ဒဖော်ထုတ်သွားမည်ဟု တောင်းဆိုနေသည့် ကျောင်းသူကျောင်းသားများ၏ မိဘများက မဇ္ဈိမကိုပြောသည်။

Student
အလုံမြို့နယ် သစ်တောရပ်ကွက် မေးဒေးကမ်းနား ဦးမြငါးစင် သမ္မာန်ရေယဉ်ဂိတ်ကို ပိတ်လိုက်သောကြောင့် ကျောင်း တက်ရန်  အခက်ခဲရှိသော ကျောင်းသား/သူများနှင့် မိဘများက တောင်းဆိုနေကြသည်ကို နိုဝင်လာလ ၁၉ ရက်နေက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)


ဆန္ဒဖော်ထုတ်နေသော ဦးမြငါးစင် သမ္မာန်ဆိပ်တွင် ကျောင်းသူကျောင်းသားများသည် ကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင်လျက် “၀န်ကြီးချုပ်ပေးထားသော လမ်းမြေ ပြန်ရရှိရေး” ဆိုသည့် ဗီနိုင်းများကိုကိုင်ဆောင်လျက် ဆန္ဒဖော်ထုတ်တောင်းဆိုကြသည်။

“ကျွန်မတို့ကို ဒီနေရာကမကူးနဲ့ ဟိုနေရာကကူးဆိုပြီး ဆိပ်ကမ်းရွေးပေးရတာ ငါးနေရာ မကတော့ဘူး။ အခုဒီနေရာကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် ကလေးတွေ ပညာရေး၊ အများပြည်သူ သွားလာရေးအတွက် ခွင့်ပြုပေးထားတာ။ ဒါကိုသူတို့က ပိတ်ထားလိုက်တော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့။ ဒီနေရာကနေ တောင်းဆိုလို့ ထူးမလာဘူးဆိုရင် ကားလမ်းမပေါ်ကိုတက်မယ်” ဟု ဆန္ဒဖော်ထုတ် တောင်းဆိုနေသော ပထမတန်းကျောင်းသူ မကြည်ကြည်ဝင်း၏ မိခင်ဒေါ်ခင်ခင်ရီ ကဆိုသည်။

ဆန္ဒဖော်ထုတ်နေသူ အထက(၇) အလုံ ဆဋ္ဌမတန်းကျောင်းသား မောင်သော်ဇင်ဦးက “သားတို့စာနောက်ကျနေပြီ။ ကျောင်းပြန်တက်ဖို့ ဒီနေရာကို ပေးစေချင်ပါတယ်” ဟုပြောသည်။

“သူတို့ပေးတဲ့ နေရာက မိုးရာသီဆိုမကူးနိုင်ဘူး အန္တာရာယ်များတယ်။ ဒီနေရာကကူးမှ ကျွန်မတို့ကလေးတွေ ကျောင်းတက်ဖို့ အဆင်ပြေနိုင်မယ်” ဟု ကျောင်းသားမိဘတစ်ဦး ဖြစ်သူဒေါ် မြသွေးကဆိုသည်။

အဆိုပါ သမ္ဗာန်ဂိတ်မြေနေရာကို မြန်မာ့စီးပွားရေးကော်ပေါ်ရေးရှင်း (MEC) ပိုင်ဆိုင်ထားကြောင်း၊ ယခုကဲ့သို့ ကိစ္စရပ်များ မပေါ်ပေါက်ခင်  ဆိပ်ကမ်းနေရာကို အကြိမ်ကြိမ်ပြောင်းရွှေ့ပေးနေသည့်အတွက် ဒေသခံကျေးရွာသားများနှင့် ကျောင်းသားကျောင်းသူများ အလွယ်တကူ သွားလာနိုင် စေရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ယင်းနေရာကို လူသွားလမ်းနေရာ သမ္မာန်ဆိပ်ကမ်းတစ်ခု အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြရာ ၀န်ကြီးချုပ်ကိုယ်တိုင်က ၂၀၁၄ ခုနှစ် မေလအတွင်း စာထုတ်ခွင့်ပြုပေးထားသည့် ဆိပ်ကမ်းလမ်းမြေနေရာတစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ဆန္ဒပြ ကျောင်းသားကျောင်းသူ ၈၀ ခန့်ရှိသော်လည်း ဆန္ဒဖော်ထုတ် တောင်းဆိုရာတွင် ကျန်းမာရေး ချို့ယွင်းမှုများရှိလာသဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် ကျောင်းသား ကျောင်းသူ ၆၀ ဦးခန့်သာ ဆန္ဒဖော်ထုတ်ရန် လာရောက်နိုင်သည် ဟု ဆန္ဒပြကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

Credit -  Mizzima News

No comments:

Post a Comment