ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့်ပတ်သက်၍
ဆွေးနွေးမှုများပြုလုပ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်
ဗိုလ်မှူးကြီးခင်မြင့်က ပုဒ်မ ၄၃၆ ကျိုးပေါက်အောင် ချိုးဖောက်ပြီးမှ
အခြားပုဒ်မများအား ပြင်နိုင်မည်ဟု သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း
နိုဝင်ဘာ ၁၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။
ဗိုလ်မှူးကြီးခင်မြင့်က "ကျွန်တော်ဆွေးနွေးချင်တာကတော့ ပုဒ်မ ၄၃၆ (က)
ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (က) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အဓိကအကျဆုံးပုဒ်မဖြစ်ပါတယ်။ စုစုပေါင်း ဥပဒေပုဒ်မပေါင်း ၄၅၇ ခုအနက် ပုဒ်မ
၄၃၆ (က) နဲ့ဆက်စပ်တဲ့ ပုဒ်မ ၉၅ ခုရှိပါတယ်။ အစီရင်ခံစာမှာ
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့
မပြင်ဆင်လိုကြောင်းနဲ့
နိုင်ငံရေးပါတီအချို့ကပြင်ဆင်လိုကြောင်း တင်ပြထားပါတယ်။ ပုဒ်မ ၄၃၆ (က) နဲ့
ခိုင်မြဲစွာရပ်တည်ထားရမယ့်ဥပဒေပုဒ်မများကို
အလွယ်တကူပြင်ဆင်ခြင်းမပြုလုပ်နိုင်စေရန်ရည်ရွယ်ပြီး ၇၅
ရာခိုင်နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော
ပြည်သူထက်ဝက်ကျော်တို့ သဘောတူလက်ခံပြီးမှသာ
ပြင်ဆင်နိုင်တဲ့ဥပဒေပုဒ်မဖြစ်ပါတယ်။
တချို့သောသူများရဲ့သဘောထားတွေအရ ပုဒ်မ ၄၃၆ ကိုကျိုးပေါက်အောင်
ချိုးဖောက်ပြီးမှသာ ကျန်တဲ့ပုဒ်မများကို
အလွယ်တကူပြင်ဆင်သွားနိုင်မယ်ဆိုပြီး နည်းလမ်းပေါင်းစုံနဲ့
ဆောင်ရွက်နေကြပါတယ်။ အကယ်၍ ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘူးဆိုရင်
မလိုလားအပ်သောပြဿနာများဖြစ်ပေါ်နိုင်ကြောင်းပြောဆိုပြီး
သွေးထိုးလှုံ့ဆော်နေကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို
ဘယ်သူမှမလိုလားကြပါဘူး" ဟုဆိုသည်။ ဆက်လက်၍ အမျိုးသားရေးနဲ့
တိုင်းပြည်အတွက် အသက်တမျှအရေးကြီးတဲ့ အချက်တွေကို ပုဒ်မ ၄၃၆ (က) နဲ့
ကာကွယ်ထားခြင်းဖြစ်ကြောင်း၊ ဥပမာ ပုဒ်မ ၁၀ မှာ
နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ
ခွဲမထွက်ရဟုပါရှိကြောင်း၊ ပုဒ်မ ၄၁ မှာဆိုရင် နိုင်ငံတော်သည်
လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို
ကျင့်သုံးမည်ဟုပါရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပထ၀ီအနေအထားအရ
အရှေ့အုပ်စု၊ အနောက်အုပ်စု၊ အိမ်နီးချင်းနိုင်ငံကြီးများ မည်သည့်ဘက်မျှ
ယိမ်း၍မရကြောင်း၊ အန္တရာယ်ကြီးလှကြောင်း သတိပြုစေလိုကြောင်း၊ ပုဒ်မ ၄၂ (ခ)
မှာဆိုရင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ
တပ်ချခွင့်မပြုဟုပါရှိကြောင်း ပြောကြားသည်။
"တကယ်လို့ ပုဒ်မ ၄၃၆
(က) ကိုပြင်ဆင်ပြီး နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ
အနိုင်ရပါတီကိုယ်စားလှယ်သုံးပုံနှစ်ပုံက လွှတ်တော်အတွင်းဆုံးဖြတ်ချက်နဲ့
အထက်ပါပုဒ်မသုံးခုကိုထိပါးလာပြီး နယ်မြေအပိုင်းအခြားတစ်ခု ခွဲထွက်ခွင့်
တောင်းဆိုလာမှုအပေါ် ခွင့်ပြုလိုက်မယ်ဆိုရင် အင်အားကြီးနိုင်ငံတစ်ခုခုကို
ယိမ်းသွားခဲ့မယ်ဆိုရင် နိုင်ငံခြားတပ်ဖွဲ့တစ်ခုခုကို
အခြေချစစ်စခန်းများဖွင့်ခွင့်ပြုခဲ့မယ်ဆိုရင် အချုပ်အခြာအာဏာဆုံးရှုံးပြီး
ပြည်သူများအနေနဲ့ သားစဉ်မြေးဆက် ခါးသီးတဲ့အကျိုးဆက်များကို
ခံစားကြရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။
ခိုင်မာသည့်ဥပဒေပုဒ်မဖြစ်စေရန် ပုဒ်မ ၄၃၆ (က) ကို
ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၃၆ ကျိုးပေါက်အောင် ချိုးဖောက်ပြီး
ကျန်ပုဒ်မများကို လိုသလိုဆောင်ရွက်သွားလိုသူများ၏ ရည်ရွယ်ချက်များအပေါ်
လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးအတွက်
ရှင်းလင်းပြတ်သားသည့်အမြင်နှင့် နှိုင်းယှဉ်သုံးသပ်စေလိုကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြင်တော့မည်ဆိုပါက အချိန်အခါက
အရေးအကြီးဆုံးဖြစ်ကြောင်း၊ ပတ်သက်ဆက်နွှယ်နေတဲ့ အခြေအနေအရပ်ရပ်ကိုလည်း
ချင့်ချိန်သုံးသပ်နိုင်ရန်လိုအပ်ကြောင်း၊ အချိန်အခါမသင့်သေးတဲ့အချိန်မှာ
ပြင်ဆင်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများနိုင်ကြောင်း
သုံးသပ်ရရှိပါကြောင်း ဆွေးနွေးသည်။ ဥပဒေအသစ် စတင်ကျင့်သုံးပြီး
လေးနှစ်အကြာ အချိန်တိုအတွင်းမှာပဲ ဥပဒေပုဒ်မ ၄၅၇ ခုရှိတဲ့အနက်
ပြင်ဆင်ဖို့စဉ်းစားရန်တင်ပြလာတဲ့ အချက် ၂၁၀ ချက်အထိရှိတယ်ဆိုတာ
မူလရေးဆွဲအတည်ပြုခဲ့သူတွေရဲ့ သဘောထားတွေကို ပစ်ပယ်ရာရောက်သည်ဆိုသည်ကိုလည်း
သတိပြုစေချင်ကြောင်း၊ ထို့အတူ နိုင်ငံတော်အတွက် လုံခြုံမှုရှိသော
မူဝါဒခိုင်မာသော၊ ရပ်တည်ချက်မှန်ကန်သော
ဥပဒေတစ်ရပ်ဖြစ်လာနိုင်တော့မှာမဟုတ်ကြောင်း၊ ထပ်တလဲလဲပြင်ဆင်မှုတွေနဲ့အတူ
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခိုင်မာမြဲမြံမှု အနှစ်သာရများသည်
ပျက်ယွင်းသွားပြီး မူလရေးဆွဲစဉ်ကသဘောထားတွေနဲ့ ကွဲလွဲသွားမှာဖြစ်ကြောင်း
ဗိုလ်မှူးကြီးခင်မြင့်က ဆွေးနွေးသည်။
ဗိုလ်မှူးကြီးခင်မြင့်က
"လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီတွေရဲ့အားပြိုင်မှုတွေ၊ မီဒီယာအချို့ရဲ့
ပွင့်လင်းမြင်သာမှုနဲ့အတူ သွေးထိုးလှုံ့ဆော်မှုတွေ၊ ပြည်ပနိုင်ငံအချို့
လူပုဂ္ဂိုလ်အချို့ရဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး လူမျိုးရေး၊
ဘာသာရေးဆိုင်ရာ ရခိုင်နဲ့ဘင်္ဂါလီများအကြား သွေးထိုးလှုံ့ဆော်ဖိအားပေးမှုတွေ၊
ပြည်တွင်းငြိမ်းချမ်းရေး ခက်ခဲကြန့်ကြာနေမှုတွေအပေါ်
ခြုံငုံသုံးသပ်ရမှာပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမူတည်ပြီး
ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းနေတဲ့ဥပဒေများနဲ့
ဆက်စပ်နည်းဥပဒေများစွာဟာ အချိန်တိုင်းပြောင်းလဲနေရပြီး မူဝါဒအမျိုးမျိုးနဲ့
တည်ငြိမ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို
ရရှိခံစားနိုင်ရန် ခဲယဉ်းမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ
လက်နက်စွဲကိုင်ဖြစ်စဉ်တချို့ ဖြစ်ပွားနေဆဲဖြစ်ပြီး
ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးပါဘူး။ အလားတူ
ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ဆန္ဒပြမှုများစွာနဲ့
နိုင်ငံရေးတည်ငြိမ်မှုမရှိသေးတဲ့အချိန်မှာ မြဲမြံခိုင်မာစွာပြဋ္ဌာန်းထားတဲ့
ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရန် မသင့်သေးပါဘူးခင်ဗျာ။
ပြည်တွင်းငြိမ်းချမ်းရေးများရရှိပြီးတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့
အခြေအနေရောက်ရှိပြီး နိုင်ငံသားအားလုံး ဒီမိုကရေစီရဲ့သဘောသဘာဝတွေကို
ပြည့်ဝနားလည်လက်ခံကျင့်သုံးနိုင်တဲ့ အချိန်ကာလတစ်ခုရောက်မှသာ ပုဒ်မ ၄၃၆ (က)
ကို ပြင်ဆင်သင့်ပါတယ်" ဟု အကြံပြုဆွေးနွေးသည်။
Credit - Eleven Media Group
No comments:
Post a Comment