Friday, November 21, 2014

မြေတစ်ဆုပ်ဖြင့် (ဆောင်းပါး)

Written by: တက္ကသိုလ်မိုးဝါ

မြေတစ်ဆုပ်ဖြင့်
ထုလုပ် ကြယ်တစ်ပွင့်၊
ထပ်ဆင့် အလင်း
ဝေဖြာဆင်းအံ့။

ထိုအချိန်ကာလတုန်းက ရေးခဲ့သည့်ကဗျာပါ။ လူဆိုသည်မှာ မြေကြီးပေါ်နေထိုင်ရသူ ဖြစ်၏။ လေထဲ၌လည်း နေ၍မရ။ ရေထဲတွင်လည်း တာရှည်စွာနေ၍မဖြစ်။ မြေကြီး၏ ပထ၀ီဓာတ်အရ မာသဘောရှိသောကြောင့် ခိုင်မာစွာ၊ မယိုင်မလဲ ရပ်တည်နေနိုင်သည်။ အာဏာရှင်စနစ် ကာလတာရှည်မှုအောက် မျှော်လင့်ခြင်းကြီးမားစွာဖြင့် အထက်ပါကဗျာကို ရေးခဲ့ခြင်းလည်းဖြစ်၏။ လောက၌
မည်သည့်အာဏာရှင်စနစ်အောက်တွင်မဆို ပြည်သူအတွက် ဖြောင့်ဖြူးသောလမ်းဟူ၍ မရှိခဲ့၊ အလင်းရောင်ဟူသည်လည်း မရှိခဲ့။ ပြည်သူတို့၏ အင်အားမှာလက်ထဲတွင် မြေတစ်ဆုပ်စာ ကိုယ်စီဆုပ်ကိုင်ထားသော လက်သီးဆုပ်များသာ ဖြစ်သည်။ ပေါင်းစည်းလိုက်လျှင် ကြီးမားကျယ်ပြန့်မာကျောသော မဟာပထ၀ီမြေကြီး ဖြစ်လာ၏။ သို့ဖြစ်၍လည်း ပြည်သူတစ်ဦးချင်းစီပိုင်စိုးသော မြေတစ်ဆုပ်စာမျှဖြင့် လောကကို အလင်းဖြန့်ကြက်ပေးမည့်နေ့အား မျှော်လင့်ကိုးစားနေခဲ့မိခြင်း ဖြစ်သည်။ ဟော-ယခု အနှစ် ၃၀ နီးနီး လွန်မြောက်လာပြီးသည့်နောက် အခြေအနေသစ်သို့ ဦးတည်ဆိုက်ရောက်ခဲ့ပြီလား။ ဤစာကို ရေးနေစဉ်မှာပင် ဖျတ်ခနဲ မီးမှောင်ကျသွားသည်။ လျှပ်စစ်ဓာတ်အားသည် ပြည်သူအတွက်သာမက စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် စားရေးပြီးလျှင် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုလက်ခံနေကြသည်မှာ အပ်ကြောင်းထပ်နေပြီ။ ဒီတစ်ကြိမ်တော့ လေးနာရီမျှကြာအောင် မှတ်တမ်းတင်စရာဖြစ်အောင် မီးပျက်သွားသည်။ မနေ့က၊ တစ်နေ့က၊ ဟိုးတစ်နေ့ကလည်း အတူတူ။ ဟောင်းအိုပျက်စီးစပြုနေသော လိုင်းကြိုးများ၊ လျှပ်စစ်ပစ္စည်း ကိရိယာများအား ပြုပြင်နေရ၍ မီးပျက်ခြင်းဖြစ်သည်ဟုတော့ အကောင်းဘက်ဆွဲယူ တွေးလိုက်သည်။ ပြုပြင်ထိန်းသိမ်းခြင်းကို ကြိုဆိုရပါမည်။ အထူးသဖြင့် အာဏာရှင်မှ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲခြင်းကို ပို၍ပင် ကြိုဆိုရပါမည်။ လက်ရှိအစိုးရကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် ရလဒ်များရရှိပြီဟုပြောသည်။ ဝေဖန်ထောက်ပြသော အတိုက်အခံအင်အားစုတို့ကမူ ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေပြီဟု ဆိုသည်။

မည်သို့ပင်ဆိုစေ စာရေးသူကတော့ မည်သည်ကိုမှ ဖက်ပြိုင်ငြင်းလိုခြင်းမရှိ။ အကောင်အထည်ကိုသာ ကြည့်တတ်လေ့ရှိသည်။ အကောင်အထည်ဟူသည်မှာလည်း နှစ်မျိုးရှိသည်။ ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီပြီး လူ့အခွင့်အရေး ပြည့်ဝစွာရရှိသည့် ပြုပြင်ပြောင်းလဲရေးမှ ထွက်ပေါ်လာသော အကောင်အထည်ရလဒ်မျိုးနှင့် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်လားရာသို့သွားသော ပြုပြင်ပြောင်းလဲရေးမျိုးဟူ၍ ဖြစ်သည်။ မိမိတို့၏ ပြုပြင်ပြောင်းလဲရေးမျိုးသည် မည်သည့်လားရာသို့ ဦးတည်နေသည်ဆိုသည်ကို တာဝန်ရှိသူတို့သာ အသိဆုံးဖြစ်မည်။

မြေတစ်ဆုပ်ဖြင့်
ထုတ်လုပ် အံ့ချီး၊ ရွှေသီးရွှေပင်
လွင်ပြင်အနှံ့။
မြေတစ်ဆုပ်ဖြင့်
ရက်လုပ် ကွန်ဖြန့်၊ မိုးပြန့်ပြန့်ဆီ
ရာသီထိန်းကွပ်၊ ကောင်းကင်ဆွတ်အံ့။

အနှစ် ၃၀ နီးနီး လွန်ခဲ့ပြီဖြစ်သော ယခုအချိန်တွင်လည်း ဟိုးတစ်ချိန်ကအတိုင်း မြေကြီးမှ ရွှေသီးရွှေပင်တို့အနှံ့ ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ကိုးစားမိခဲ့သည်တော့ အမှန်။ သို့သော် တစ်နိုင်ငံလုံးရှိ ဒေသအများအပြားတွင် လယ်ယာမြေ ပြန်မရသေးသော လယ်သိမ်းမြေသိမ်းခံရသည့် လယ်သမားများ၊ ဒေသတစ်ခုတွင် ကမ္ဘာ့ဘဏ်မှ ထုတ်ချေးသည့် ချေးငွေများလျာထားသော ဒေသအတွက် ကိုင်တွယ်ဆောင်ရွက်ပေးမည့်သူ ပွင့်လင်းမြင်သာမှု မရှိခြင်းများ၊ လယ်မြေများ ပြန်လည်ရရှိရေး ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရခြင်းများ၊ မိုးကြီး၍ တောတွင်းလယ်များပျက်ကာ တာကျိုးပြီး ရေငန်ဝင်လျက် ချေးငွေအကြွေး ပြန်မဆပ်နိုင်သူ လယ်သမား၏ နေအိမ်ဝရမ်းကပ် ချိပ်ပိတ်လေလံပစ်ခံရတော့ မည့်အဖြစ်သနစ်များ စသည်တို့ကြောင့် ဘယ်မှာလျှင် မြေတစ်ဆုပ်က ရွှေသီးစေရန်၊ ရာသီဥတုထိန်းကွပ်ရန် စွမ်းဆောင်နိုင်ပါမည်နည်း။

မြေတစ်ဆုပ်ဖြင့်
ရေငုပ် ဖြည့်ဆည်း၊ ပင်လယ်ကြီးတွေ
ဖို့မြေအတိ။

စင်ကာပူကဲ့သို့သော မြေနေရာအလွတ်ရှားပါးသော နိုင်ငံသည်ပင် ထိုစဉ်ကတည်းက အစိုးရအမြော်အမြင် ကြီးမားစွာဖြင့် ပင်လယ်ကို မြေဖြင့်ဖို့၍ လူနေအိမ်နှင့် ရုံး-စက်မှုလုပ်ငန်းများအတွက် မြေနေရာချဲ့ထွင်ခဲ့သည်။

    လောက၌ မည်သည့်အာဏာရှင်စနစ်အောက်တွင်မဆို ပြည်သူအတွက် ဖြောင့်ဖြူးသောလမ်းဟူ၍ မရှိခဲ့၊ အလင်းရောင်ဟူသည်လည်း မရှိခဲ့။ ပြည်သူတို့၏ အင်အားမှာလက်ထဲတွင် မြေတစ်ဆုပ်စာ ကိုယ်စီဆုပ်ကိုင်ထားသော လက်သီးဆုပ်များသာ ဖြစ်သည်။ ပေါင်းစည်းလိုက်လျှင် ကြီးမားကျယ်ပြန့်မာကျောသော မဟာပထ၀ီမြေကြီး ဖြစ်လာ၏ . . . . .

ယင်းကို စာရေးသူကလည်း အားကျပြီး မိမိနိုင်ငံတွင်လည်း လယ်ယာမြေလုပ်ကိုင်သူ တောင်သူလယ်သမားများအတွက် မြေချဲ့ထွင်နိုင်ရန် စိတ်ကူးအတွေး နယ်ချဲ့မိခဲ့သေးသည်။

သို့သော် တကယ့်အဖြစ်သနစ်က ယင်းသို့မဟုတ်။ မြေချဲ့ဖို့နေနေသာသာ ပခုက္ကူ လေယာဉ်ကွင်းဆောက်လုပ်ရန် သိမ်းဆည်းထားသော ယာမြေဧက ၉၀၀ ကျော်အတွက် တောင်သူများဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ကျော်လွှားနေရသည့်တိုင် ယခုထိ မည်သည့်လျော်ကြေးကိုမျှ မရရှိကြသေးဟု ဆိုသည်။ (The Daily Eleven ၁၁-၁၁-၂၀၁၄ နေ့ထုတ်)။

ထို့ပြင် လက်ရှိထုတ်ပြန်ထားသော အမျိုးသားမြေအသုံးချမှု မူဝါဒမူကြမ်းသည် ပြည်သူလူထု အကျိုးစီးပွားထက် မြေလက်ဝယ်ကစားလိုသည့် လုပ်ငန်းရှင်ကြီးများ အကျိုးအတွက်သာ ဦးတည်ရေးဆွဲထားခြင်းဖြစ်သည်ဟု ဝေဖန်သူများရှိနေကြောင်း သတင်းတစ်ပုဒ် ဖတ်ရသည်။

“ကျွန်တော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးကို အခြေခံပြီးတော့ လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။ မြေယာပေါ် မှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေတာ။ နောက်ပြီးတော့ တိုင်းပြည်မှာ ပြည်တွင်းစစ်ပြဿနာတွေ ဖြစ်နေတာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေဖြစ်နေတာ၊ အလုပ်အကိုင် ရှားပါးနေတာ၊ ဒီပြဿနာ တွေ ဖြစ်နေတာဟာ မြေကြီးမြေယာကို လူတစ်စုကနေပြီးတော့ ခေတ်အဆက်ဆက် အာဏာနဲ့ငွေကြေးနဲ့ ချုပ်ကိုင် လက်ဝါးကြီးအုပ် ဆုပ်ကိုင်ထားလို့ ဒီနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နေရတာ။

မြေယာမူဝါဒဟာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ ကျေးလက်နေလူထုအတွက်တင် မကဘူး၊ မြို့ပြနေတဲ့ အောက်ခြေလူတန်းစားတွေ၊ လူလတ်တန်းစားတွေနဲ့ ဆိုင်ပါတယ်။ အကြမ်းဖျင်း အနှစ်ချုပ် သုံးသပ်လိုက်ရင် ပြည်သူလူထုကို ဗဟိုပြုရေးဆွဲထားတာမျိုး မတွေ့ရဘူး” ဟု ၈၈ အဖွဲ့၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ တာဝန်ခံက ပြောသည်။ (The Daily Eleven ၈-၁၁-၂၀၁၄ နေ့ထုတ်)။

မြေတစ်ဆုပ်ကို၊ မိုးချုပ်ညရီ
မှောင်ကျသည်ထိ၊ ကိုင်ထားမိစဉ်...။

မြေယာသမားတို့သည် မိမိတို့၏ ရှိစုမဲ့စု မြေတစ်ဆုပ်ကို ကိုင်ထားရင်း အမိုးအကာမဲ့၊ အားထားရာမဲ့၊ အလင်းမဲ့သည့်နေရာ၌ မိမိတို့ အကျိုးစီးပွားကို မြှင့်တင်ကာကွယ်ပေးမည့် အခွင့်အခါကျရောက်မည့် ကာလအား မျှော်လင့်တကြီး စောင့်စားနေမိသည်။ သို့သော်. . .။

မုန်တိုင်းမိုးစက်၊ လျှပ်နွယ်ခက်က
လက်ခုပ်စွန်မှ၊ မြေပွင့်ပွကို
တစ်စစီဖျော်၊ ပျော်ဝင်စီးကျ
ဆောင်ယူကြသော်။
ကြယ်ပွင့်မလင်း၊ ရှိုက်ငိုရင်းနှင့်
ကြွေဆင်းပျောက်ဆုံးသွားပြီကော။
(မဟေသီမဂ္ဂဇင်း - ၁၉၈၆ခု)


Credit - Eleven Media Group

No comments:

Post a Comment