Wednesday, November 19, 2014

ဘာတွေမှားနေတာလဲ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ ၂၃.၁၀.၂၀၁၄ နေ့က ဦးဝိစာရ အထိမ်းအမှတ်နေ့အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ စာပေဟောပြောပွဲမှာ ထင်လင်းဦး (Wisdom Villa) ရဲ့ ဟောပြောမှု တစ်ပိုင်းတစ်စ ရုပ်သံကို Facebook မှာ ကြည့်ရှုရပါတယ်။ ဟောပြောမှု အစအဆုံးကိုတော့ မကြည့်ရှုရသေးပါဘူး။ ဟောပြောမှု အစအဆုံး ရုပ်သံကို ရှာဖွေနေပါတယ်။

ကြည့်ရှုထားရတဲ့ တစ်ပိုင်းတစ်စ ရုပ်သံမှာတင်ပဲ လူငယ်တွေအတွက် အတွေးအခေါ် ချွတ်ချော် တိမ်းစောင်းစေနိုင်တာတွေ၊ ပြန်ရှင်းသင့် ရှင်းထိုက်တာတွေ ပါရှိနေလို့ ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။
မိမိအနေနဲ့ ထင်လင်းဦး (Wisdom Villa) ကို ချစ်လို့၊ မုန်းလို့၊ သူရဲ့ဟောပြောမှုကို အပြစ်တင်ချင်လို့ စတဲ့ စိတ်ခံစားမှုတွေနဲ့ ရေးသားရခြင်း မဟုတ်ပါဘူး။ မိမိအနေနဲ့ အကျယ်အကျယ် ဖြစ်လာမှာမို့ ယခုလို ဆောင်းပါးမျိုး ရေးသားလိုစိတ် မရှိပါဘူး။ သို့သော်လည်း မိမိလေးစားကြည်ညိုရတဲ့ လောကအကျိုး၊ သာသနာ့အကျိုးကို အမှန်တကယ် သယ်ပိုးဆောင်ရွက်နေတဲ့ ဆရာတော်ကြီးတစ်ပါးက “င့ါရှင် မိုးသုရေ ကြည့်ပြောလိုက်ပါဦး” လို့ အမိန့်တော် ရှိလာတာကြောင့်ရယ်၊ ရေးထိုက်တဲ့ အကြောင်းအရာလည်း ဖြစ်နေတာကြောင့်ရယ် ရေးသားရခြင်း ဖြစ်ပါတယ်။

“ပြောတာက တရားဓမ္မ၊ လုပ်တာက မဟားဒယား။ ပြီးရင် ကိုယ်က ဝတ်ထားတဲ့ ဝတ်စုံနဲ့ လူတွေကို လှိမ့်ပိန့် ဟိန်းဟောက်ပြီးတော့ မတော်မတရား ပြောချင်တဲ့ လူမျိုးတွေကို ကျွန်တော် အလွန်ရွံတယ်။ ကျွန်တော် အလွန်မုန်းတယ်။ အခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုတဲ့ လူတွေက အဲဒီမြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာ အမှန်၊ ငါပြောတဲ့အတိုင်း လုပ်လို့ ပြောနေတာ မှန်သလား။ မှန်လား။ မှန်သလား။ ကျွန်တော် အဲဒါအသိပေးချင်တာ။ ဒီနေ့ အဲဒါမပြောဘူးလို့ နေတာ။ ဒါပေမဲ့ ကျွန်တော့်ကို မပြောပါနဲ့လို့ လာပြောတဲ့အတွက် အဲဒီ စကားပြောတာ။ ဒါပဲ..” လို့ ထင်လင်းဦး (Wisdom Villa) က ပြောသွားပါတယ်။

ပြောတာက တရားဓမ္မ၊ လုပ်တာက မဟားဒယား။ ပြီးရင် ကိုယ်က ဝတ်ထားတဲ့ ဝတ်စုံနဲ့ လူတွေကို လှိမ့်ပိန့်ဟိန်းဟောက်ပြီးတော့ မတော်မတရား ပြောချင်တဲ့ လူမျိုးတွေကို ကျွန်တော် အလွန်ရွံတယ်။ ကျွန်တော် အလွန်မုန်းတယ်ဆိုတဲ့ ဟောပြောမှုကို နားထောင်ရပါတယ်။ ထင်လင်းဦး (Wisdom Villa) မုန်းသလို ထိုပုဂ္ဂိုလ်များကို မိမိလည်း ရွံပါတယ်။ မုန်းပါတယ်။

မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုတဲ့ လူတွေက အဲဒီမြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန် ငါပြောတဲ့အတိုင်းလုပ်လို့ ပြောနေတာ မှန်သလားလို့ ပြောသွားပါတယ်။ ဒီဟောပြောမှုနဲ့ ပတ်သက်လို့ ထင်လင်းဦး (Wisdom Villa) ကို မေးချင်တာ အကြံပြုချင်တာ ရှိပါတယ်။

ထင်လင်းဦး (Wisdom Villa) အနေနဲ့ ရဟန်းနဲ့ သံဃာဆိုတဲ့ အသုံးအနှုန်းကို အမှန်တကယ် ခွဲခွဲခြားခြား သိရှိနားလည်ပါသလား။ သိရှိနားလည်ရင် အခုလိုမျိုး သံဃာတော်ဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းသင့်ပါဘူး။ တစ်ဦးတစ်ယောက်ကို ရဟန်းလို့ ခေါ်ဆိုပြီးတော့ ရဟန်းတော်များ စုပေါင်းထားတဲ့ အဖွဲ့အစည်းကို သံဃာလို့ ခေါ်ပါတယ်။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ မြတ်စွာဘုရားရဲ့ တပည့်သား ရဟန်းတော်ပါ ဆိုတဲ့ ဦးဖြူက၊ ဦးဖြူတို့လို ပုဂ္ဂိုလ်တွေက အဲဒီမြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန် ငါပြောတဲ့အတိုင်း လုပ်လို့ ပြောနေတာ မှန်သလားလို့ ဂိုဒ်လိုင်းပေးပြီးတော့ ခွဲခွဲခြားခြား ပြောဆိုသင့်ပါတယ်။ ဦးဖြူ ဦးဆောင်နေတဲ့ ရဟန်းအဖွဲ့အစည်းက ပြောနေတာ မှန်သလားလို့ ရှင်းလင်းကွဲပြားစွာ ပြောဆိုသင့်ပါတယ်။ သံဃာတော်တွေက ဆိုတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းအားလုံးကို ရည်ညွှန်းထားတဲ့ အသုံးအနှုန်းနဲ့ မပြောဆိုသင့်ပါဘူး။

ရဟန်းသာမဏေကောင်းတွေကိုပါ ထိခိုက်နစ်နာစေတဲ့ သံဃာတော်တွေက ဆိုတဲ့ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းသွားတဲ့ ထင်လင်းဦး (Wisdom Villa) ရဲ့ စကားကို မိမိအနေနဲ့ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။

“ရှင်းရှင်းလေး ကျွန်တော့်ဘာသာ ကျွန်တော်ဆိုရင် အဲဒီစကား မပြောဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ဆရာ အဲဒီစကားမပြောပါနဲ့လို့ ပြောရင် ဒီမိုကရေစီဗျ။ ကျုပ်ပြောချင်ရင် ပြောမှာပေါ့။ ရှင်းရှင်းလေး။ ကျုပ်ပါးစပ်က ခင်ဗျားဆီ လပေးနဲ့ ငှားထားတာ မဟုတ်ဘူး။ ရှင်းလား။ ကျွန်တော့် ပါးစပ်က သူများဆီ လပေးနဲ့ ငှားထားတာ မဟုတ်ဘူး။ ကျွန်တော့်ပါးစပ် ကျွန်တော်ပိုင်တယ်။ ကျွန်တော်ပြောမှာ။ သေချာတာ မြတ်စွာဘုရား ဗမာလူမျိုး မဟုတ်ဘူး။ ဟုတ်လား။ မဟုတ်ဘူး။ ရှမ်းလူမျိုးလား။ မဟုတ်ဘူး။ ကချင်လူမျိုးလား။ မဟုတ်ဘူး။ ကရင်လူမျိုးလား။ မဟုတ်ပါဘူး ။ ရခိုင်လူမျိုး မဟုတ်ဘူး။ မြတ်စွာဘုရား ချင်းလူမျိုးလား မဟုတ်ပါဘူး။ သေချာတာတော့ မြတ်စွာဘုရားသည် ကျွန်တော်တို့ နိုင်ငံထဲက တိုင်းရင်းသား ဟုတ်လို့လား။ မဟုတ်ဘူးနော်။ မဟုတ်ဘူးနော်။ အစ်ကိုတို့ အစ်မတို့ အဲဒါသိရဲ့လား။ မြတ်စွာဘုရားက မြန်မာနိုင်ငံသား တိုင်းရင်းသား မဟုတ်ဘူးနော်။ ဟုတ်လို့လား။ ကောင်းပြီ။ ကျွန်တော်တို့ ဒီနေ့ကစပြီး မကိုးကွယ်တော့နဲ့ဗျာ။ မကိုးကွယ်နဲ့။ ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရား မကိုးကွယ်နဲ့။ ကျုပ်တို့အမျိုး မဟုတ်ဘူး။ ကျွန်တော်ပြောတာ ရှင်းလား။ ရှင်းမယ်ထင်တယ်။ မြတ်စွာဘုရား ရခိုင်မဟုတ်ဘူးလေ။ မြတ်စွာဘုရား ရှမ်းမဟုတ်ဘူး။ မြတ်စွာဘုရား မြန်မာအမျိုးသား မဟုတ်ဘူး။ ကချင်လူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ဘူး။ ကျွန်တော်တို့ ဘာလို့ ကိုးကွယ်မလဲ။ ဘာလို့ရှိခိုးမလဲ။ ကိုယ်တောင်မှ ဒီမြတ်စွာဘုရားက နှာခေါင်းချွန်လား၊ မျက်လုံးပြူးလား၊ မျက်ခုံးမွေးကောင်းလား မသိဘဲနဲ့ ကျွန်တော်တို့ ဘာဖြစ်လို့ ဦးချကန်တော့နေတာတုံး။ သူပြောခဲ့တဲ့ သူဟောကြားဆုံးမခဲ့တဲ့ တရားတွေကြောင့် မဟုတ်ဘူးလား။ အဲဒီတရားတွေထဲမှာ ဟိုလူမျိုးကိုသတ် မုတ်ဆိတ်မွေးနဲ့မို့လို့။ ဒီလူမျိုးကိုပေါင်း၊ မျက်စိမှေးမှေးလေးနဲ့ အသားဖြူဖြူလေးနဲ့မို့လို့ ပါသလား။ ပါလား။ ကျွန်တော်မပြောဘူးလို့ နေတာ။ ကျွန်တော့်ကို မပြောပါနဲ့လို့ လာပြောလို့ ကျွန်တော် အဲဒါပြောတာ” လို့ ထင်လင်းဦး (Wisdom Villa) က ဟောပြောသွားပါတယ်။

မှန်ပါတယ်။ မိမိတို့တစ်တွေ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြတာ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ တရားတော်တွေကြောင့်ပါ။ လူမျိုးစွဲ ပုဂ္ဂိုလ်စွဲနဲ့ ကိုးကွယ်နေကြတာ မဟုတ်ပါဘူး။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာတွေရဲ့ နားထဲမှာ ကန့်လန့်ကြီး ဖြစ်သွားစေတဲ့ နှာခေါင်းချွန်လား မျက်လုံးပြူးလားဆိုတဲ့ အသုံးအနှုန်းတွေကို မသုံးနှုန်းသင့်ပါဘူး။ ဖြူတယ်ညိုတယ် မသိဘဲနဲ့ဆိုတဲ့ အသုံးအနှုန်းလောက်နဲ့တင် လုံလောက်ပါတယ်။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ ညီညွတ်ရေး ငြိမ်းချမ်းရေးကို လိုလားရင် တစ်ဖက်သား ခံရခက်အောင် မပြောဆိုသင့်ပါဘူး။ နောက်ပြီးတော့ သူပြောခဲ့တဲ့၊ သူ ဟောကြားဆုံးမခဲ့တဲ့ စသဖြင့် သူဆိုတဲ့ အသုံးအနှုန်းကိုလည်း မသုံးနှုန်းသင့်ပါဘူး။ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ စသဖြင့် အရိုအသေပါတဲ့ စကားလုံးများကို သုံးနှုန်းပြောဆိုသင့်ပါတယ်။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ မည်သည့်ဘာသာဝင် ဖြစ်နေပါစေ၊ ဘာသာမဲ့ပဲ ဖြစ်နေပါစေ ညီညွတ်ရေး ငြိမ်းချမ်းရေးကို လိုလားသူမှန်ရင် ဘာသာတစ်ခုရဲ့ ဘုရားရှင်ကို အရိုအသေတန်တဲ့၊ ရိုသေလေးစားမှု ကင်းမဲ့တဲ့ စကားလုံးတွေနဲ့ မသုံးနှုန်း မပြောဆိုသင့်ပါဘူး။

မြတ်စွာဘုရားရှင်ဟာ မြန်မာနိုင်ငံသား မဟုတ်ပေမယ့်၊ မြန်မာနိုင်ငံသား တိုင်းရင်းသား မဟုတ်ပေမယ့် မြတ်စွာဘုရားက မြန်မာနိုင်ငံကို၊ မိမိတို့တစ်တွေကို ဒုက္ခပေးဖို့ မပြောနဲ့၊ ဒုက္ခပေးနိုင်တဲ့ အရိပ်အယောင်လေးတောင် မရှိဘဲ မိမိဘဝခရီး၊ မိမိတို့ သံသရာခရီးရဲ့ ကောင်းကျိုးစီးပွားများကို လမ်းညွှန် ပြသပေးတော်မူတာကြောင့် မိမိတို့အနေနဲ့ မြတ်စွာဘုရားရှင်ကို ဆည်းကပ် ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

“ဒီထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အများစု ပါမှာပါ။ ဟုတ်လား။ အားလုံးထဲမှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ဗုဒ္ဓဘာသာဝင်တွေ ပါမှာပါ။ အဲတော့ အစ်ကိုတို့ အစ်မတို့ ကျွန်တော်မေးမယ်။ အစ်ကိုတို့ အစ်မတို့သည် ကိုယ့်ကို ဗုဒ္ဓဘာသာဝင်စစ်လို့ ခံယူသလား။ ခံယူလား။ ကောင်းပြီ။ ကျွန်တော် တစ်ခွန်းမေးမယ်။ ၈၈ အရေးအခင်းမှာ ဒီမိုကရေစီရရှိရေး တို့အရေး တို့အရေး မအော်ခဲ့ဘူးလား။ ကောင်းပြီ။ တစ်ခွန်းလောက် မေးချင်တယ်။ ဒီမိုကရေစီရရှိရေး မြအေးမပါ။ ကိုနီမပါလို့ အော်လား။ အော်လား။ မြအေး လူမဟုတ်ဘူးလား။ ကိုနီကရော လူပဲလား။ ရှည်တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါလို့ မေတ္တာပို့နိုင်ရဲ့သားနဲ့ ဘာကိစ္စ မြအေးနဲ့ ကိုနီကို ခင်ဗျားတို့ မုန်းရတာတုံး။ ဟမ် ငြိမ်သွားသလား ငြိမ်သွားသလား။ ဇဝေဇဝါ ဖြစ်သွားသလား။ ဟမ် ဟုတ်ပါတယ်လို့ဆိုရင် သေသေချာချာလေ့လာ။ ဒါပေမဲ့ ဘယ်သူ့ကိုတော့ မေတ္တာမထားနိုင်ဘူးဆိုရင် ခင်ဗျား ဗုဒ္ဓဘာသာ အရေခြုံ။ အယောင်အဆောင်ကလိမ် ဒါပဲ” လို့ ထင်လင်းဦး (Wisdom Villa) က ဟောပြောသွားပါတယ်။

ထင်လင်းဦး (Wisdom Villa) ရဲ့ ဒီဟောပြောချက်ဟာ လွန်ကဲလွန်းပါတယ်။ ပုထုဇဉ်တွေဟာ ချစ်ခြင်း၊ မုန်းခြင်း၊ မချစ်မမုန်းဆိုတဲ့ စိတ်ထား သုံးမျိုးလုံး ရှိကြပါတယ်။ ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်ကျမ်းမှာ “မုန်းထား သသူ-လွန်ချစ်သူနှင့်-လယ်လူတစ်ဖြာ- ရန်သူမှာ- မေတ္တာမစလင့်” လို့ မှာကြားထားတာ ဖြစ်ပါတယ်။ မေတ္တာဘာဝနာ ပွားများတဲ့အခါမှာ မိမိမုန်းတီးနေသူ၊ မိမိအလွန်ချစ်ရတဲ့ သူတွေကို ပထမဦးဆုံး မေတ္တာမပို့သင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မုန်းနေရုံနဲ့ ဗုဒ္ဓဘာသာ အရေခြုံ အယောင်အဆောင်ကလိမ်လို့ ပြောဆိုသုံးနှုန်းတာဟာ အလွန်အင်မတန်မှကို မှားယွင်းလွန်းလှပါတယ်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မုန်းတီး နာကြည်းနေတဲ့သူဟာ ဗုဒ္ဓဘာသာအရေခြုံ အယောင်အဆောင် ကလိမ်ဖြစ်တယ်လို့ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာများမှာ လုံးဝလုံးဝ မပါရှိပါဘူး။

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အနေနဲ့ သရဏဂုံသုံးပါးကို ခံယူဆောက်တည်လိုက်ရင် ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါပြီ။ ကံ၊ ကံ၏ အကျိုးတရားကို ယုံကြည်သက်ဝင်ပြီးတော့ ဒါန သီလ ဘာဝနာမှုတွေကို ပွားများအားထုတ်နေရင်တော့ ဘုရားရှင် အလိုတော်ကျ အဆင့်အတန်းမြင့် ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သွားပါပြီ။ ဒါပေမဲ့ ထိုပုဂ္ဂိုလ်မျိုးမှာလည်းပဲ မုန်းနေတဲ့သူ ရှိမှာပါပဲ။ အနာဂါမ် ရဟန္တာ မဖြစ်မချင်းတော့ ချစ်ခြင်း၊ မုန်းခြင်း၊ မချစ်မမုန်းဆိုတဲ့ စိတ်နေသဘောထားများနဲ့ မကင်းလွတ်နိုင်သေးပါဘူး။ အရေးကြီးတာက စိတ်ထဲက အမုန်းကို လက်တွေ့ အကောင်အထည် မဖော်ဆောင်ဖို့ပါပဲ။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ ညီညွတ်ရေး ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလားသူမှန်ရင် ယခုလိုမျိုး ဘုရားဟောကို ကျော်လွန်ပြီးတော့ လွန်လွန်ကဲကဲ မှားမှားယွင်းယွင်း မပြောဆိုသင့်ပါဘူး။

ဒါကြောင့် ထင်လင်းဦး (Wisdom Villa) ရဲ့ အထက်ပါ ဟောပြောမှုကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။


Credit - The Voice

No comments:

Post a Comment