Thursday, November 20, 2014

လူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြရန် ကုလသမဂ္ဂတောင်းဆို

မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပိုမို ရင်းနှီးမြှုပ်နှံကြပါရန် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ဆိုသည်။

UNFPA သည် ၂၀၁၄ ခုနှစ် ကမ္ဘာ့လူဦးရေအစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား လူငယ်များသည် ၁ ဒသမ ၈ ဘီလျံရှိပြီး ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံဖြစ်ကြောင်း အစီရင်ခံစာတွင် ဆိုထား သည်။


အဆိုပါလူငယ်များတွင် အနာဂတ်အား ပြောင်းလဲဖြစ်နိုင်သည့် စွမ်းရည်များ ရှိနေကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် မကြာသေးမီက လူဦးရေဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်ကာ လက်ရှိ
စာရင်းတွင် ပါရှိသော လူငယ်များအနက် ၈၉ ရာခိုင်နှုန်းသည် အာရှနှင့်အာဖရိကတို့ရှိ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော နိုင်ငံများတွင် နေထိုင်နေကြကြောင်းနှင့် ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာတွင် ထောက်ပြပြောဆိုထားသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ် ၅၇ သန်းခန့်သည်လည်း ကျောင်းမတက်နိုင်ကြောင်း၊ အသက် ၁၀ နှစ်မှ ၁၉ နှစ်အကြား လူငယ် ၂ သန်းခန့်သည်လည်း AIDS ရောဂါ ကူးစက်ခံထားရကြောင်းနှင့် နေ့စဉ် အသက် ၁၈ နှစ်အောက် မိန်းကလေး ၄၀၀၀၀ ခန့်သည်လည်း လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးမှုများဖြင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထား သည်။

၁၉၆၉ ပြည့်လွန်နှစ်များအတွင်း အရှေ့အာရှဖွံ့ဖြိုးတိုးတက်လာခြင်းကို ဥပမာပေးကာ၊ ကျန်နိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ စီးပွားရေး တည်တည်ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များအား ကျန်းမာရေး စောင့်ရှောက် ပေးရန်နှင့် ပညာရေးကဏ္ဍတွင် အခွင့်အလမ်းများ ပေးအပ်ရန် လိုအပ်ကြောင်း UNFPA က အလေးအနက်ထား တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရသည်။

Ref:NHK

စည်သူကျော်စွာ

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

  


No comments:

Post a Comment