နေပြည်တော်၊ နိုဝင်ဘာ ၂၀
တပ်မတော်သည် အခြေခံဥပဒေ ပြင်ဆင်ရေး
အခန်းပါ ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း
ဦးသန်းရွှေ၏ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
နိုဝင်ဘာ ၂၀
ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မီဒီယာများနှင့်
တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး
ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ
ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို
မပြင်လိုကြောင်း သဘောထား ထုတ်ဖော်ပြောခြင်းသည်
လက်ရှိ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
၎င်းပတ်ဝန်းကျင်၏ သဘောထား ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏
သဘောထား မဟုတ်ကြောင်း ဦးဌေးဦးက ဆိုသည်။
“ကျွန်တော်တို့
သူ့ဆီကိုသွားတယ် သူဘာမှ ဝင်မပြောဘူး၊ ၄၃၆ နဲ့ ပတ်သက်ပြီး သူဘာမှ မပြောဘူး၊
အားလုံးကို ပြောပြီးပြီပဲဗျာ အစိုးရတို့၊ လွှတ်တော်တို့ကို လွှဲခဲ့ပြီးပြီပဲ၊
ရှိတဲ့လူတွေက ဆက်လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။
တပ်မတော်အစိုးရမှ
အရပ်သားအစိုးရ အဖြစ်သို့ ကူးပြောင်းနိုင်ရေးအတွက် တပ်မတော်
ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို
ထည့်သွင်းခဲ့ခြင်း ဖြစ်သောကြောင့် တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကို
သတိထား ကိုင်တွယ်ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF
ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
“အာဏာကို လွှဲပေးခဲ့တာ စစ်ခေါင်းဆောင်တိုင်းဟာ နောက်ကြောင်း အေးမအေးကို အမြဲစောင့်ကြည့်နေမှာ သေချာပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုလွှတ်တော် အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုများ
ရှိသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစု
လွှတ်တော်ကိုယ်စားလှယ်များ အကြား အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မ ၄၃၆၊
နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် အခန်းပါ ပုဒ်မ ၅၉ (စ) နှင့်
ပတ်သက်ပြီး ထိပ်တိုက်ဆွေးနွေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း လွှတ်တော်
ကိုယ်စားလှယ်များထံမှ သိရသည်။
Credit - The Voice Weekly
No comments:
Post a Comment