Wednesday, November 19, 2014

လက်စားချေခံရမှာကို တပ်မတော်က စိုးရိမ်နေသလား

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေကမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မပယ်ဖျက်ဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဖေကြိုင်က ပြောဆိုလိုက်ပါတယ်။ အဲဒီပြဋ္ဌာန်းချက် ပယ်ဖျက်ခံရမှာကို တပ်မတော်က ဘာကြောင့် စိုးရိမ်နေတာလဲ။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးရာမှာ သူက အခုလို ပြောဆိုတာပါ။

အခြေခံဥပဒေပါ ပုဒ်မ ၄၃ ပါ "မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်း ပြန်အာဏာ သက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ" ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် အခုလို ဆွေးနွေးတာလို့ ဒုတိယ ဗိုလ်မှူးကြီး ဖေကြိုင်က ပြောပါတယ်။

"ဒီပုဒ်မကို ပယ်ဖျက်လိုက်ရင် နောင်ကာလ ဥပဒေပြု အဖွဲ့အစည်းဟာ နောက်ကြောင်းပြန် အာဏာ သက်ရောက်စေနိုင်တဲ့ ဥပဒေတွေကို လွတ်လပ်စွာ ပြဌာန်းလာနိုင် ပါတော့မယ်။ အဲဒီအခါကျရင် အာဃာတ တရားများနဲ့ ယှဉ်တဲ့ ဥပဒေတွေ မပေါ်ပေါက်နိုင်ဘူးလို့ အာမမခံနိုင်တော့ပါဘူး" လို့ သူက ဆိုပါတယ်။

ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အဖွဲ့အစည်းအရ ဖြစ်စေ မကျေလည်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြစ်စဉ်တွေကို ပြန်လည် ဖော်ထုတ်ပြီးတော့ နောက်ကြောင်းပြန်အာဏာ သက်ရောက်နိုင်တဲ့ ဥပဒေတွေ ပေါ်ထွက်လာပြီး လက်စားချေ အရေးယူမှုနဲ့ နှိမ်နင်းမှုတွေ ပွားများလာနိုင်တယ်လို့ ဒုတိယ ဗိုလ်မှူးကြီးဖေကြိုင်က ပြောဆိုပါတယ်။

ပုဒ်မ ၄၃ ကို ပယ်ဖျက်လိုက်ရင် လက်စားချေ အရေးယူမှုနဲ့ နိမ်နှင်းမှုတွေ ဖြစ်လာနိုင်တဲ့အပြင် ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆီ ရောက်ရှိဖို့ နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ပဋိပက္ခတွေကြား ရောက်ရှိသွားမှာကို အထူးဂရုပြုရမယ်လို့လည်း သူက ပြောဆိုပါတယ်။

တပ်မတော်ဟာ စစ်အုပ်ချုပ်ရေးဆီ ဦးတည်ပြီး ဘယ်တော့မှ နောက်ကြောင်းပြန် လှည့်မှာ မဟုတ်ကြောင်းကိုလည်း ဒုတိယဗိုလ်မှူးကြီး ဖေကြိုင်က ထပ်လောင်းပြောဆိုပါတယ်။


Credit - The Voice

No comments:

Post a Comment