Wednesday, November 19, 2014

မြန်မာငွေတန်ဖိုးကျမှု အခြေအနေဆိုးလာ၊ ပြည်ပပို့ကုန်ရငွေ (Earning) တစ်ဒေါ်လာလျှင် ကျပ် ၁၀၇၀ မှ ၁၀၇၅ အတွင်းသို့ ရောက်ရှိ

သတင်းဆောင်းပါး

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ အခြေအနေ ပိုမိုဆိုးလာခဲ့ပြီး ယခုအခါ ပြည်ပပို့ကုန်မှရငွေ Earning တန်ဖိုးမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က အမေရိကန်တစ်ဒေါ်လာ ကျပ် ၁ဝ၇ဝ မှ ကျပ် ၁ဝ၇၅ အတွင်း ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၈၂၄ ကျပ်ရှိခဲ့သည်။ ယင်းနောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် တစ်ဒေါ်လာ ၈၄၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာတွင် တစ်ဒေါ်လာ ၉၇၆ ကျပ် ပေါက်ဈေးရှိခဲ့သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင်မူ အမေရိကန်တစ်ဒေါ်လာ ၁ဝ၇ဝ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ပို့ကုန်မှရသည့် ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁ဝ၇ဝ မှ ၁ဝ၇၅ ကျပ်အတွင်းထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တစ်ဒေါ်လာ ကျပ် ၁ဝ၇ဝ အထိ မြင့်တက်ခဲ့သည့်အတွက် ရက်ပိုင်းအတွင်း၌ပင် မြန်မာကျပ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာဖြင့် နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ နိုင်ငံတကာတွင် သုံးရာခိုင်နှုန်းဝန်းကျင်သာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းစိန်အစိုးရသစ် လက်ထက်အတွင်း နှိုင်းယှဉ်တွက်ချက်မည်ဆိုပါက မြန်မာငွေတန်ဖိုးမှာ ၂ဝ၁၂ ခုနှစ်ကတန်ဖိုးဖြင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ၃ဝ နီးပါးအထိ ထိုးဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
အမေရိကန်ဒေါ်လာဖြင့် နှိုင်းယှဉ်သဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျခြင်းမဟုတ်ဘဲ အခြားသော စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်းတန်ဖိုးများဖြင့် နှိုင်းယှဉ်လျှင်လည်း မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ ပေါ်လွင်လျက်ရှိသည်။
စင်ကာပူဒေါ်လာ တစ်ဒေါ်လာလျှင် ယခင်ရက်ပိုင်းအတွင်းက ၇၈၉ ကျပ်သာရှိရာမှ ယခုနိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာ ၈၂၅ ကျပ်အထိ ခုန်တက်လာခဲ့ပြီး မြန်မာကျပ်ငွေမှာ စင်ကာပူဒေါ်လာဖြင့် နှိုင်းယှဉ်လျှင်လည်း ရက်ပိုင်းအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
ထိုင်းဘတ်ဖြင့် နှိုင်းယှဉ်လျှင်လည်း ယခင်လပိုင်းအတွင်းက တစ်ဘတ်လျှင် ၂၉ ကျပ်၊ ကျပ် ၃ဝ ဝန်းကျင် ပုံမှန်ရှိနေရာမှ ယခုနိုဝင်ဘာ ၁၈ ရက်တွင် တစ်ဘတ်လျှင် ၃၂ ဒသမ ၅ ကျပ်သို့ မြင့်တက်ခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုးမှာ ဘတ်ဖြင့်နှိုင်းယှဉ်လျှင်လည်း ၈ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုလိုငွေပြခြင်းက မြန်မာငွေတန်ဖိုး ကျဆင်းရခြင်း အကြောင်းရင်းတစ်ခုအနေဖြင့် ရှိနေပြီး ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်အထိ သုံးစွဲထားပြီး ပို့ကုန်မှအမေရိကန်ဒေါ်လာ ငါးဘီလျံသာ ရရှိသည့်အတွက် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာသုံးဘီလျံအထိ ရှိလာခဲ့ကြောင်း သိရသည်။
“၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ခြောက်လတာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ဝ၂ ဒသမ ၅ဝ၈ သန်းရှိလာခဲ့ပြီးတော့ ယခင်ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှု ပမာဏထက် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ပေမယ့် ကုန်သွယ်မှုလိုငွေပြနေတာကိုလည်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်မှု ၁၄ ဘီလျံမှာ သွင်းကုန်တင်သွင်းမှုက ရှစ်ဘီလျံကျော်ရှိနေပြီးတော့ ပို့ကုန်တင်ပို့မှုက ငါးဘီလျံပဲ ရှိနေသေးတဲ့အတွက် ကုန်သွယ်မှုလိုငွေ သုံးဘီလျံနီးပါး ရှိနေတယ်။ ဒါကလည်း ဒေါ်လာဈေးတက်ရခြင်းရဲ့ အကြောင်းတရားတစ်ခုလို့ သုံးသပ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း လက်ကြီးသမားတွေ ဈေးကစားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာပါ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
မြန်မာငွေတန်ဖိုး ကျဆင်းရခြင်း၏ အကြောင်းအချက်များထဲတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဟုဆိုကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြပြီး မြှုပ်နှံသည့်ငွေများအပေါ် ငွေဖြူဟုတ်မဟုတ် စစ်ဆေးခြင်းမရှိဘဲ ခွင့်ပြုပေးခဲ့ခြင်းများကြောင့်လည်း ပါဝင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြခဲ့ကြသည်။
၂ဝ၁၄ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားသည့် ပမာဏမှာ ကျပ်ဘီလျံပေါင်း ၄၅၇ဝ ကျော်အထိ ရှိခဲ့သည်။ ထိုသို့မြှုပ်နှံရာတွင် ဘဏ်အကောင့်ပြရုံဖြင့် မြှုပ်နှံခွင့်ပေးခဲ့ခြင်းများ များစွာပါဝင်ပြီး ရလမ်းပြနိုင်သည့်ငွေများ ဟုတ်မဟုတ် တိကျစွာစိစစ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မူးယစ်ဆေးဝါး၊ ကျောက်မျက်၊ သစ်မှောင်ခို စသည်ဖြင့် မည်သည့်ကဏ္ဍမှ စီးဝင်လာသည့် ငွေများဟုတ်မဟုတ် စိစစ်မထားသည့် ငွေများဖြင့် အများအပြား မြှုပ်နှံထားသူများသည် မြှုပ်နှံပြီးနောက် စီမံကိန်းအတွက် ပြည်ပမှ ပစ္စည်းများတင်သွင်းရန်လိုအပ်သော နိုင်ငံခြားငွေများကို ပြည်တွင်း၌ပင် အလုံးအရင်း ဝယ်ယူအသုံးပြုရသည့်အတွက်လည်း အမေရိကန်ဒေါ်လာလိုအပ်ချက်ကို ပိုမိုဖြစ်ပေါ်စေပြီး မြန်မာငွေတန်ဖိုး ကျဆင်းရခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ငွေဖြူငွေမည်း ခဝါချမှုနဲ့ပတ်သက်ပြီး စစ်ဆေးခဲ့သည့်အမှုနှင့် ကုမ္ပဏီပေါင်းစုစုပေါင်း ၄၆ မှုကို စစ်ဆေးပြီးခဲ့ပြီဖြစ်သော်လည်း အရေးယူခံရတဲ့ကုမ္ပဏီ တစ်ခုမှမရှိသေးဘူးဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးကနေပြီး စုံစမ်းသိရှိရသည်။ “ကုမ္ပဏီထူထောင်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေနဲ့ ပတ်သက်ပြီး မြှုပ်နှံတဲ့ငွေကြေးတွေက တရားဝင်ငွေကြေးလား၊ တရားမဝင်ရရှိထားတဲ့ ငွေကြေးလားဆိုတာကို စစ်ဆေးတာတွေ ရှိပါတယ်။ ဒါ့အပြင် အမှုကနေ သိမ်းဆည်းထားတဲ့ ငွေကြေးတွေကိုလည်း စစ်ဆေးပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးပြီးသွားတဲ့ အမှုပေါင်း ၄၆ မှုရှိပါတယ်။ ဒါပေမဲ့ ငွေဖြူငွေမည်းကိစ္စနဲ့ ပတ်သက်ပြီး အရေးယူခံလိုက်ရတဲ့ ကုမ္ပဏီတွေ အခုအစိုးရလက်ထက်မှာ မရှိသေးပါဘူး။ ဟိုအရင်တုန်းက မြန်မာယူနီဗာဆယ်ဘဏ်ကို မူးယစ်ဆေးဝါးက ရရှိတဲ့ငွေကြေးနဲ့ လည်ပတ်တယ်ဆိုပြီး အရေးယူခဲ့တာပဲ ရှိပါသေးတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“များသောအားဖြင့်တော့ မြန်မာပြည်မှာ ဒေါ်လာဈေးအပြောင်းအလဲ အဖြစ်များတဲ့ အချိန်က ပုံမှန်ကတော့ သင်္ကြန်နားနီးရင် တက်တတ်ပါတယ်။ နောက်တစ်ခုကတော့ ဘိန်းပေါ်တဲ့ ရာသီတွေပါ။ ဒါကြောင့် တက်တာမျိုးရှိသလို ကျောက်မှောင်ခို၊ သစ်မှောင်ခိုတွေနဲ့ ဆက်စပ်ပြီးဝင်လာတဲ့ တရားမဝင် ငွေကြေးတွေကြောင့်လည်း ဒေါ်လာဈေးတက်တတ်ပါတယ်။ စောစောကပြောတဲ့ သွင်းကုန်မြင့်လို့ တက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဗဟိုဘဏ်က ဒေါ်လာဈေးကွက်ကို ထိန်းမလား၊ ဈေးကွက်အတိုင်းပဲ ထားမလားဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစပိုင်းမှာ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှာ အခြေအနေဆိုးလာတယ်။ ဒေါ်လာဈေးကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘူး။ အခုဒေါ်လာဈေးတက်တာကတော့ ဈေးကစားတာတွေပါ။ အခုအချိန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဒေါ်လာတွေ စီးဝင်တာတဲ့အချိန်မှာ ဒီလိုဖြစ်တာ ဈေးကစားလို့ ဖြစ်တာပါ။ ဒေါ်လာအမြောက်အမြား ကိုင်ထားတဲ့သူတွေ ဈေးဆွဲတင်ထားတာလည်း ဖြစ်နိုင်တာပဲ။ ဒါက နိုင်ငံရေးမဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ တချို့လည်း ရည်ရွယ်ချက်ရှိမယ်။ တချို့လည်း ရောယောင်ပြီး လိုက်ဝယ်တာမျိုးလည်း ရှိမယ်။ ဈေးတက်မယ်ထင်ပြီး လိုက်ဝယ်တာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်နှစ် IMF ရဲ့Short Term အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်မှ စုဆောင်းထားသော အရန်ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလျံရှိပြီး၊ ယင်းအနက် နိုင်ငံပိုင် အရန်ငွေကြေး သုံးဘီလျံကျော်သာရှိကြောင်း၊ ကျန်သည့်ပမာဏက ပုဂ္ဂလိကကဏ္ဍ (ဘဏ်)က ငွေကြေးများဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်၏ အရန်ငွေကြေးမှာ ၄ ဒသမ ၅ ဘီလျံရှိကြောင်း၊ ယင်းပမာဏမှာ သွင်းကုန်ပမာဏ၏ သုံးလစာအတွက် ကာမိကြောင်း၊ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်၏ သုံးလစာကို အနည်းဆုံး အရန်ငွေကြေးအဖြစ် ထားရမည်ဖြစ်ကြောင်း သိရသည်။
ယခု ဗဟိုဘဏ်၏ အရန်ငွေကြေး အနေအထားမှာ သွင်းကုန်အတွက် ထားရှိရမည့် ပမာဏအတွက် လောက်ငရုံသာသာလေး ရှိနေသည့် အနေအထားဖြစ်ရာ ဒေါ်လာဈေး ရေရှည်မြင့်တက်လာမည်ဆိုပါက ဝင်ရောက်ထိန်းသိမ်းရန်အတွက်မူ အားနည်းသည့် အနေအထား ရှိနိုင်သည်ဟုလည်း ခန့်မှန်းတွက်ချက်ထားကြသည်။
“အဓိကကတော့ သွင်းကုန်ပဲထင်တယ်။ သူက အမြဲတမ်းတစ်လျှောက်လုံး သွင်းကုန်ထက်ပိုများနေတာ။ ကျွန်တော်တို့ ဒီနေ့ပဲ စကားပြောဖြစ်သေးတယ်။ ဗဟိုဘဏ်ကလည်း သိပ်မထိန်းနိုင်ဘူးလို့ ပြောတယ်။ သူတို့ကလည်း Reserve ကို အထိမခံနိုင်ဘူး။ တစ်ခုရှိတာက Reserve က အခုအနေအထားက မဆိုးပါဘူး။ မဆိုးပေမယ့် ဘယ် Sector တွေကြောင့်ဆိုတာ မသိတဲ့အခါကျတော့ ဝင်ထိန်းတယ်ဆိုတာ အရင်နှစ်တွေက သူတို့ထုတ်ထုတ်ရောင်းပေးနေတယ်။ အခုတော့ ရပ်လိုက်တဲ့သဘော ရှိတာပေါ့။ ဒါကတော့ သူ့ဘာသာသူ settle လုပ်မှပဲ ဖြစ်မှာပေါ့။ ဗဟိုဘဏ်ကတော့ အဲဒီလောက် လုပ်ပေးနိုင်လောက်တဲ့ အနေအထား မရှိဘူးထင်တာပဲ။ မြန်မာနိုင်ငံကတော့ Intervene လုပ်လေ့မရှိဘူး။ ထိန်းနိုင်တဲ့ အင်အားလောက်ကို လုပ်နိုင်တဲ့အင်အားရှိလား၊ သတ္တိရှိသလား။ အဲဒီအပိုင်းတွေပေါ့လေ။ တကယ်တမ်းကျတော့ Exchange Rate က ဘယ်နေရာမှာ ငြိမ်မလဲပေါ့။ ဒီ Condition ကို မသိဘဲနဲ့ Other Factor တွေကြောင့် ဖြစ်နေတာဆိုရင် Intervene လုပ်တာက ရေတိုအတွက်ပဲ လုပ်လို့ရတယ်။ ရေရှည်အတွက်ကျတော့ Macro Economic နဲ့ Imbalance ကြောင့် ဖြစ်လာတာဆိုရင် ဘာမှလုပ်လို့မရဘူး။ သွင်းကုန်ကတောက်လျှောက် များနေမယ်ဆိုရင် မြန်မာငွေကတော့ ကျကိုကျမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မသိနိုင်တာတွေ ဟွန်ဒီတွေဘာတွေ ဒါတွေကလည်း ရှိသေးတာကိုး။ အခုက သွင်းကုန်များတဲ့ကိစ္စက အစောပိုင်းမှာ သိပ်မသိသာပေမယ့် ကြာလာတော့ သိသာလာတယ်” စီးပွားရေးပညာရှင် ဦးစိုးသိမ်းက ဆိုသည်။
“ဆိုပါတော့ သွင်းကုန်ကိုထိန်းမယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ policy ကလည်း အခုတစ်မျိုး အခုတစ်မျိုး လုပ်လို့မရဘူး။ အမှန်တော့ သွားထိန်းရင်လည်း အစိုးရက ပိတ်လိုက်ဖွင့်လိုက် လုပ်တယ်ဆိုတဲ့ ပြဿနာက ရှိလာဦးမယ်။ အဲဒီတော့ ဒါကိုကာကွယ်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များများစားစား ဝင်လာရင်တော့ တစ်မျိုးပေါ့။ အခုကတော့ FDI ကလည်း Commitment တွေသာများနေတာ တကယ်က တအားကြီးမများဘူး။ အခုကဈေးနှုန်းရဲ့ သဘာဝက တက်ပြီဆိုရင် လိုက်ဝယ်ပြီပဲ။ ကြောက်နေကြတာ။ ကျပြီဆိုရင်တော့ မထားချင်ဘူး ပြန်ရောင်းချင်ကြတာပဲ။ အဲဒီအခါ သူ့နေရာမှန် သူပြန်ရောက်သွားမယ်။ အခု ဖြစ်နေတာကတော့ သူ့နေရာမှန်လို့ ပြောဖို့စောသေးတယ်” ဟု ဦးစိုးသိမ်းက ဆိုသည်။
ဗဟိုဘဏ်၏ အရန်ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံသာရှိသည့် အချိန်တွင် အစိုးရ၏ အသုံးစရိတ်မှာ ဆက်တိုက်မြင့်တက်လာပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေမှာ GDP ၏ ငါးရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အစိုးရအသုံးစရိတ် မြင့်တက်လာခြင်းကြောင့် GDP လိုငွေပြခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်သုံးစွဲမှုပိုင်းကိုကြည့်လျှင် နှစ်စဉ်တိုးမြှင့်တောင်းခံခဲ့ပြီး နှစ်စဉ် ကျပ်ဘီလျံပေါင်းများစွာ တိုး၍သုံးစွဲလာခဲ့ကြောင်း သိရသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က ထပ်မံတောင်းခံသည့် ဘတ်ဂျက်မပါ မူလခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်သည်ပင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ တစ်မျိုးတည်းအတွက်ကိုပင် ကျပ်ဘီလျံပေါင်း ၆၃၇ဝ နီးပါး ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက်ကိုပင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က ထပ်တိုးဘတ်ဂျက်မပါ မူလခွင့်ပြုပေးသည့် အသုံးစရိတ်သည် ကျပ်ဘီလျံပေါင်း ၇၇၂ဝ ကျော်အထိ ရှိခဲ့ရာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ကထက် ကျပ်ဘီလျံပေါင်း ၁၃၅ဝ အထိ အသုံးစရိတ်ကို တိုးမြှင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက်ကိုပင် မူလဘတ်ဂျက်၌ ကျပ်ဘီလျံပေါင်း ၁ဝ၁၈၃ ကျော်အထိ ခွင့်ပြုပေးခဲ့ရာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ကထက် နှစ်ဆနီးပါးအထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
နှစ်စဉ် မူလခွင့်ပြုသည့် ဘတ်ဂျက်ထက် ထပ်မံ၍ လိုအပ်သည့်အသုံးစရိတ်များကိုလည်း တိုးမြှင့်တောင်းခံလေ့ရှိကြပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်လိုငွေအဖြစ် ထပ်မံတိုးတောင်းခဲ့သော ဘတ်ဂျက်ပမာဏမှာ ကျပ်ဘီလျံပေါင်း ၂၆၇ဝ ဒသမ ၇၅ဝ အထိ ရှိခဲ့သည်အထိ သုံးစွဲငွေ ဆက်တိုက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အဂတိလိုက်စားမှုအား ထိရောက်စွာဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ဘတ်ဂျက်သုံးစွဲမှု ကြီးမားခြင်းသည်လည်း ငွေကြေးကို ကမောက်ကမ ဖြစ်စေနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြမှုများ ရှိလာခဲ့သည်။
ကုန်သွယ်မှုလိုငွေပြသည်ဖြစ်စေ၊ ဘတ်ဂျက်လိုငွေပြသည်ဖြစ်စေ ယခုအချိန်တွင် ဗဟိုဘဏ်အနေဖြင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုအပ်ကြောင်း သုံးသပ်လျက်ရှိသည်။
“ဈေးကွက်အခြေအနေက အခုအချိန်မှာ ပြောရခက်နေပြီ။ ပြန်ကျရင်လည်း ဝုန်းဆိုပြန်ကျတတ်တယ်။ ဒါမျိုးက ပြန်ကျရင်လည်း ဝုန်းဆိုပြန်ကျတတ်တယ်။ ဟိုတုန်းက ၁၄ဝဝ လောက် ရောက်ခဲ့သေးတယ်။ ပြိုကျတော့လည်း တောက်လျှောက်ပဲ။ အခုက အမေရိကန်စီးပွားရေး အခြေအနေလည်း တအားကောင်းလာတော့ သူ့ငွေကြေးကလည်း ထောင်တက်နေတယ်။ အမှန်တော့ ဗဟိုဘဏ်က ဒီအချိန်မှာ ဒေါ်လာထုတ်ရောင်းရမှာ။ သူထုတ်မရောင်းတော့လည်း ခက်တာပေါ့။ အခု သူ့ရဲ့ Reserve က ၄ ဒသမ ၅ လောက်ရှိတယ်ဆိုတော့ ထိန်းမယ်ဆိုရင်တော့လည်း ထိန်းလို့ရပါတယ်။ ဗဟိုဘဏ်က ထုတ်ရောင်းပေးနိုင်ရင်ကောင်းတယ်။ နောက်တစ်ခုက Market ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ရမယ်။ သူတို့ထုတ်ရောင်းပေးဖို့လိုသလို အခုသူတို့က ငြိမ်နေတော့ ကောလာဟလနဲ့ ဘာနဲ့ဆိုတော့ ပိုတက်သွားတာပေါ့။ ဈေးကွက်က နိုင်ငံခြားမှာလည်း ဖြစ်တတ်တယ်။ သို့သော် ဈေးကွက်က ရင့်ကျက်တယ်။ ဈေးကွက်ကပဲ ပြန်ထိန်းတာ။ မြန်မာပြည်မှာကျတော့ ဈေးကွက်က မရင့်ကျက်သလို ကောလာဟလနဲ့ဘာနဲ့ လုံးထွေးနေတယ်။ အစိုးရ အဖွဲ့အစည်းတွေကလည်း ပွင့်ပွင့်လင်းလင်း မရှိလှဘူး။ တကယ်တော့ အခုအချိန်မှာ ဗဟိုဘဏ်က မီဒီယာတွေဘာတွေ ခေါ်တွေ့ပြီး ပြောပေးရမယ်။ အဲဒါဆိုရင် ဈေးကွက်မှာတန့်သွားမယ်။ အဲလို Intervene မလုပ်ဘူး။ အဲတော့ မလုပ်တတ်တာလား မသိဘူး။ အဲဒါဆိုရင်လည်း ကျွမ်းကျင်တဲ့သူတွေ ပညာရှင်လိုတယ်။ ရှာရမှာပေါ့။ ဆိုတော့ အခုအချိန်မှာ ဗဟိုဘဏ်နဲ့ အစိုးရနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်နေပြီ။ ဒါတွေကလည်း သူတို့ဆီက ဘာအသံမှမထွက်ဘူး ဖြစ်နေတယ်။ တကယ်တော့ ဗဟိုဘဏ်က မြွေခေါင်းလိုပဲ သူကလှုပ်မှ အောက်ကလှုပ်မှာ” ဟု ကမ္ဘောဇဘဏ်က အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်က ပြောပြသည်။
လက်ရှိအနေအထားတွင် နိုင်ငံအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပိုင်းတွင်လည်း အကျပ်အတည်း တွေ့ကြုံရသကဲ့သို့ စီးပွားရေးပိုင်းတွင်လည်း ယခုဒေါ်လာဈေးမြင့်တက်မှု အပါအဝင် စီမံခန့်ခွဲမှု အမှားများကြောင့် အကျပ်အတည်း ပြဿနာများကို ကြုံလာရပြီး အစိုးရအနေဖြင့် ထိန်းသိမ်းရန် ခက်ခဲမှုအချို့ ရှိလာသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။
ဒေါ်လာဈေးမြင့်တက်မှု ကာလကြာရှည်လာသည်နှင့်အမျှ အဆိုပါ မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများသာ အဓိကခံစားရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအဝိုင်းက သုံးသပ်ထားသည်။

Credit - Eleven Media Group

No comments:

Post a Comment