(ကျော်ဗလ)
၁၉၈၈ ခုနှစ် အထွေထွေသပိတ်ကြီးတွင် ကျွန်တော်သည်
ဝန်ထမ်းပေါင်းစုံ သမဂ္ဂ အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ရပါသည်။
ကျောင်းဆရာများ သမဂ္ဂတွင်လည်း အတွင်းရေးမှူးတာဝန် ထမ်းဆောင်ရင်းက
ဆန္ဒပြမှုများအပြင် မြို့တွင်း၌ ပေါ်ပေါက်နေသည့် ပြဿနာ ပေါင်း
သောင်းခြောက်ထောင်ကိုလည်း တာဝန်ယူဖြေရှင်းပေးနေရချိန် ဖြစ်သည်။
ထိုအချိန်တွင် ကျောင်းသားများ ကလည်း ကျောင်းတိုင်းနီးပါးလောက်တွင်
သပိတ်စခန်းများဖွင့်ထားပြီး သူတို့ကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်း
မရှိပါ။ မိဘများကိုယ်တိုင်ကပင် ကိုယ့်သားသမီးများကို
ကိုယ်ပြန်မခေါ်နိုင်သည့် အချိန်ဖြစ်သည်။ ယောက်ျားလေးများက ပြဿနာ မရှိ။
မိန်းကလေးကျောင်းသူများက အိမ်ပြန်မလိုက် ဆိုသည့်အပြင် မိဘများကိုပါ
ကျောင်းထဲသို့ပေးမဝင်သည့် အနေအထားကြောင့် သောက ရောက်ခဲ့ကြရသည်။
၁၉၈၈
ခုနှစ်သည် ကျောင်းသားများက စခဲ့သည့် တော်လှန်ရေးတစ်ရပ်ဟု ဆိုနိုင်ပါသည်။
သို့သော် အရပ်သားများ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ သပိတ်တွင်
ပါဝင်လာကြပြီး ကိုယ့်သပိတ် စခန်းက ကိုယ်ခေါင်းဆောင်တင်မြှောက် ထားသူ၏
စကားကိုပင် မည်သူမျှ နားမထောင်ဘဲ ထင်ရာစိုင်းလာကြသည့်အခါတွင် ထိန်းသိမ်းရ
အခက်ခဲဆုံး အနေအထားကို ရောက်ရှိသွားခဲ့သည်။
ခေတ်စကားဖြင့် ပြောလျှင်
အားလုံးမာန်တက်ပြီး ဟန်ချက်တွေ ပျက်နေချိန်ဟု ဆိုရမည်။ ဆရာတွေကလည်း
ကျောင်းသားတွေကို သွားမထိန်းနိုင်။ ဆရာသမဂ္ဂ ဆိုသည်ကလည်း မူလတန်း၊ အလယ်တန်း၊
အထက်တန်းသာမက အထွေထွေလုပ်သားများကအစ သမဂ္ဂ ခွဲထောင်ခွင့်ကို
တောင်းဆိုနေချိန် ဖြစ်သည်။ သမဂ္ဂဆိုသည်မှာ “အလုံးစုံသော၊ ညီညွတ်သော၊
တစ်ပေါင်းတည်း ဖြစ်သော” ဆိုသည့်အဓိပ္ပာယ်ကို နားမလည်ကြသောကြောင့်
ဘာမှမဟုတ်သည့် ကာလလေးအတွင်းမှာပင် ခွဲထွက်ခွင့်များ တောင်းလာကြသည်။
အဓိပ္ပာယ်ကတော့ ရှင်းပါသည်။ တပ်ပျက်တွင် ဗိုလ်လုပ်ချင်ကြခြင်းသာ ဖြစ်သည်။
အားလုံးသည် ခေါင်းဆောင်နေရာ တွင်သာ နေချင်ပြီး နောက်လိုက်များ
မလုပ်ချင်ကြသောကြောင့် ဝန်ထမ်းတွေကလည်း ခွဲထွက်ချင်၊ ကျောင်းသားတွေကလည်း
သပိတ်စခန်းတွေ ခွဲထောင်နှင့် ဘာတစ်ခုမျှ ထိန်းချုပ်ပြီး ညီညွတ်စွာ
လုပ်ဆောင်၍ မရနိုင်မီမှာပင် စစ်တပ်က အာဏာဝင်သိမ်းလိုက်သောကြောင့်
ကိစ္စပြတ်သွားခဲ့ ရသည်။
ကျွန်တော်ပြောချင်သည့် သဘောမှာ
ကိုယ့်အချင်းချင်း ညီညွတ်စွာ တိုက်ရမည့် နေရာတွင် သွေးကွဲနေသောကြောင့်
မလိုလားအပ်သည့် ပြဿနာများ၊ အဖျက်အမှောင့် လုပ်ရပ်များ ပေါ်လာခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ကျောင်းသားတစ်စုက (ကျောင်းသားတွေ ဟုတ်ချင်မှလည်း ဟုတ်မည်)
အဘိုးကြီး အဘွားကြီး နှစ်ဦးကို ကြိုးတွေနှင့် တုပ်လာပြီး “ကျွန်တော်တို့
မြို့မှ ခေါင်းမဖြတ်ရသေးဘူး။ ခေါင်းဖြတ်ရမယ်။ ဒီလင်မယားဟာ စစ်သားရဲ့ အဖေနဲ့
အမေ။ သူတို့ကို ခေါင်းဖြတ်ပြီး တော်လှန်ရေးကို သက်သေပြရမယ်” ဆိုကာ
လုပ်လာသည်။ ထိုအနေအထားကို စာသင်တိုက်တစ်တိုက်မှ ဆရာတော်နှင့်
သံဃာတော်များသာ ဝင်မကယ်လျှင် ကျွန်တော်တို့မြို့တွင် ရှက်ဖွယ်ကောင်းသည့်
အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ရပေ တော့မည်။ သံဃာများ ရောက်လာချိန်တွင်
ထိုကျောင်းသားဆိုသူများ ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားသည်။ ဆိုလိုသည်မှာ
သပိတ်တစ်ခု ဆင်နွှဲရာတွင်ဖြစ်စေ၊ ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ရာတွင် ဖြစ်စေ
အဖျက်အမှောင့်များသည် အတွင်းထဲတွင် ပါလာတတ်သည်ကို သတိ ပြုစေလိုပါသည်။
ယခုကျောင်းသားများ ဆန္ဒပြပွဲကို လေ့လာသုံးသပ်ကြည့်လျှင် ကဗျာဆရာ
ဆိုသူတွေကလည်း ကဗျာတွေ ဝင်ရွတ်နေသည်။ ကျောင်းသားတွေကို ဝန်းရံပေးသည်
ဆိုပြီး ဘယ်ကမှန်းမသိသောသူ များက နောက်က၊ ဘေးက တစ်ကောက်ကောက် လိုက်နေကြသည်။
ဆန္ဒပြသည် ဖြစ်စေ၊ သပိတ်မှောက်သည်ဖြစ်စေ ကျောင်းသားများက ကျောင်းသားပီပီ
တည်တည်ခံ့ခံ့ ဝတ်ပြီး တည်ငြိမ်စွာ လမ်းလျှောက်၊ ကြွေးကြော်သွားလျှင်
ပြဿနာမရှိပါ။ ကျောင်းသား ဟုတ် မဟုတ်ဆိုသည်ကို အကြမ်းမဖက်
ငြိမ်းချမ်းတည်ငြိမ်စွာ လုပ်ဆောင်နိုင်မှုနှင့် ခွဲခြားနိုင်ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြ မည်ဆိုသော ကျောင်းသားများသည် ငြိမ်းချမ်းမှု၊
တည်ငြိမ်မှုကိုသာ ရှေးရှု လုပ်ဆောင်သွားပါလိမ့်မည်။ အကြမ်းဖက်မည့်
အသွင်ဆောင်လာသူများ ပါလာလျှင်၊ အကြမ်းဖက်မှုကို ဦးဆောင်လုပ်လာလျှင်
ထိုသူများသည် အလိုအလျောက် ကျောင်းသားမဟုတ်ကြောင်း ပေါ်လွင်သွားပါလိမ့်မည်။
၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ ကစခဲ့သော သပိတ်သည် အဖျက်အမှောင့်များ၊
ကျောင်းသားမဟုတ်သော ပယောဂများ ဝင်ရောက်ပူးကပ်ပြီး လူသတ်၊ ခေါင်းဖြတ်ကြ
ခြင်းကြောင့် စစ်တပ်က အာဏာသိမ်းရန် အခွင့်အလမ်းကောင်း ရသွားခဲ့ခြင်း
ဖြစ်ပါသည်။ တိုင်းပြည်ဆူပူပြီး ငြိမ်းချမ်းမှုမရှိစေရန် နည်းမျိုးစုံ
ဖန်တီးလာမှုများ၊ သပိတ်ကာလ ရှည်လာပြီး ပြည်သူများ စားဝတ်နေရေး ဒုက္ခ
ရောက်လာမှုများ၊ သူတစ်လူ ငါတစ်မင်း စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း
မအိပ်ရသည့် အနေအထားများ ဖြစ်ပေါ်လာစေရန် စစ်တပ်က ဇာတ်မျှောထားပြီးမှ
အာဏာသိမ်းလိုက်ခြင်းဖြင့် တိုင်းပြည်ကို ချောက်ထဲမကျစေရန်
ကယ်တင်လိုက်ရကြောင်း ပြောခွင့်ရသွားခြင်းမှာ စည်းကမ်းမရှိခြင်း၊
အဖျက်အမှောင့် ပယောဂများက နေရာရလာခြင်းများကြောင့် ဖြစ်ပါသည်။
ယခုကျောင်းသားများ ပြုလုပ်နေသည့် သပိတ်သည် တစ်မျိုးသားလုံး ပါဝင်လာသည့်
သပိတ်အသွင် မဟုတ်ပါ။ သာမန်ပညာရေး ဥပဒေကို မကြိုက်သောကြောင့် ဆန္ဒပြသည့်
အဆင့်လောက်တွင် သာရှိပါသည်။ ဟောင်ကောင်ကျောင်းသား တွေလည်း ဆန္ဒပြနေကြပါသည်။
သူတို့သပိတ်စခန်းကို ယနေ့ သိမ်းပေးလိုက်ကြသည်။ သူတို့ဆန္ဒပြနေသည့်
အကြောင်းမှာ ဟောင်ကောင် အုပ်ချုပ်ရေးကို တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းအား
တိုက်နေသောကြောင့် တစ်မျိုးသားလုံး အရေး ဖြစ်သွားပါသည်။ ဟောင်ကောင်
ကျောင်းသားသပိတ်သည် အာရှတွင် စည်းကမ်းအရှိဆုံးနှင့် ကျောင်းသားများ
စည်းလုံးညီညွတ်မှု အရှိဆုံးဟု ချီးကျူးခြင်း ခံရလောက်အောင် သူတို့လုပ်ဆောင်
ပြနိုင်ကြသည်။ သူတို့ကို မည်သူကမျှ လာပြီး ဝန်းရံပေးရန်လည်း မတောင်းဆို။
သူတို့ကျောင်းသားများ နေထိုင်၊ အိပ်စား နေသည့်နေရာကိုလည်း မည်သည့်အဖျက်သမား
များကမှ ဝင်ရောက် လာခြင်းလည်း မရှိ။ မငြိမ်းချမ်းသော၊ အကြမ်းဖက်
လုပ်ရပ်များကို ဘယ်တော့မှမလုပ်၊ မည်သူမျှ မလုပ်ဟု ခံယူပြီး လာရိုက်လျှင်ပင်
ခေါင်းထိုးပေးလိုက်သည့် ဟောင်ကောင် ကျောင်းသားများ၏ သပိတ်မှာ
ဆင်ခြင်စရာတွေ၊ အတုယူစရာတွေ များလှသည်။
ယနေ့ကျောင်းသားများသည်
နောင်တွင် တိုင်းပြည်ခေါင်းဆောင်များ ဖြစ်လာနိုင်စရာ အကြောင်းများစွာ
ရှိပါသည်။ ဒီမိုကရေစီ လမ်းကြောင်းအတိုင်းသာ သွားမည်ဆိုလျှင် လုပ်ချင်၊
ကိုင်ချင်၊ ပြောချင်၊ ဝေဖန်ချင်၊ ထောက်ပြချင်သည့် စိတ်ဓာတ်ရှိသော
ကျောင်းသားများ ပေါ်ထွက်လာသည်မှာ အားရစရာကောင်း ပါသည်။ သို့သော်
အာဏာရှင်ဆိုသည်မှာ နည်းမျိုးစုံဖြင့် မိမိတို့အာဏာရရေးကို
လုပ်ဆောင်တတ်ကြောင်း နားလည်ထားရန် လိုပါသည်။ ထိုင်းနိုင်ငံတွင် အာဏာရှင်
ပူပူနွေးနွေးများ အဘယ်ကြောင့် နေရာရသွားသည် ဆိုခြင်းမှ
ကျွန်တော်တို့သင်ခန်းစာ ယူစရာများ ဖြစ်တော့သည်။
-------------------------
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။
-------------------------
Related Post ►http://goo.gl/6dYmyG
တောင်းသင့်တာတောင်း၊ ပြောင်းသင့်တာပြောင်း
Credit - The Voice Weekly
No comments:
Post a Comment