နည်းဥပဒေကို ၀င်ရောက် ဆွေးနွေးဖို့ သပိတ်တိုက်ပွဲ ဆင်နွှဲနေတာမျိုး မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ပြောဖို့နေတာ
….
စာမေးပွဲ စနစ်ဆိုးကျိုးကြောင့် အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးတွေ ပေါ်လာပြီ
….
လူမှုရေးအသင်းအဖွဲ့ ဆိုပြီးတော့ ပြောပါတယ်။ ကျောင်းသားသမဂ္ဂ ဆိုတာက လူမှုရေး အသင်းအဖွဲ့ မဟုတ်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အစိုးရက ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေ၌ ဗဟိုချုပ်ကိုင်မှု ရှိနေခြင်း၊ ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့် မရှိခြင်း စသည့် အချက်များကြောင့် အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းကို ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဦးဆောင် ၍ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင် ပြုလုပ်ခဲ့သည်။ ယင်းကော်မတီတွင် ရက်ပေါင်း ၆၀ အတွင်း အစိုးရဘက်မှ ညှိနှိုင်းမှုများ ပြုလုပ်မှုခြင်း မရှိပါက လက်ရှိ ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုများထက် ပိုမိုပြင်းထန်၊ ပိုမိုကျယ်ပြန့်၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများ ဆင်နွှဲ ဖော်ဆောင် တုံ့ပြန်သွား မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရာဇသံပေး ထုတ်ပြန် ထားသည်။
ယင်းသို့ ရာဇသံပေး ထုတ်ပြန်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့က ပညာရေးဌာန တာဝန်ရှိသူများက အဆိုပါ ကော်မတီဝင် များနှင့် တွေ့ ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း တိကျရေရာသည့် အာမခံချက်များ ပေးနို င်ခြင်း မရှိခဲ့ပေ။ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ က နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများမှတစ်ဆင့် ၎င်းတို့၏ သဘောထားများကို ထုတ်ပြန်ခဲ့သည်။
ယင်းတုံ့ပြန်မှု၌ ကျောင်းသားများ၏ တောင်းဆိုချက် ၆ ချက်အပေါ် ရှင်းလင်းချက်နှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး ဖိတ်ခေါ်ချက်ဟုဆိုကာ လက်ရှိ အမျိုးသားပညာရေး ဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်ကြောင်းနှင့် ဆက်လက် ရေးဆွဲ နေသည့် နည်းဥပဒေ၊ ကဏ္ဍအလိုက် ဥပဒေနှင့် တက္ကသိုလ် ပဋိညာဉ် မူကြမ်းများ ရေးဆွဲပြီး အများပြည်သူထံ ချပြမည်ဖြစ်ရာ ၀ိုင်းဝန်းဆွေးနွေး နိုင်ရေးအတွက် ဖိတ်ခေါ်အပ်ပါသည်ဟု ပါရှိသည်။
သို့သော် ယင်းကမ်းလှမ်းချက်နှင့် ပတ်သက်၍ ညှိနှိုင်းစရာ မရှိကြောင်း သပိတ်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင် က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာသံတော်ဆင့်မှတစ်ဆင့် တုံ့ပြန်လိုက်သည်။ မဖြိုးဖြိုးအောင် မှာ ၂၀၀၇ ရွှေဝါရောင် အရေးအခင်း ကာလ အတွင်း ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် လူသိများခဲ့ သူ ဖြစ် သည်။ ကော်မတီ၏ ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မဖြိုးဖြိုးအောင်၏ သဘောထားများကို ယခုကဲ့သို့ မေးမြန်း ဖော်ပြလိုက်ပါသည်။
ဝိုင်းမော်
● ပထမဆုံး မေးချင်တာကတော့ ဒီ ဥပဒေကို အတည်ပြုဖို့ ကြိုးစားနေတဲ့ ကာလတုန်းမှာ အခုလိုမျိုး ကန့်ကွက်မှုတွေ လုပ်ခဲ့ရင် ပိုထိရောက်မယ်လို့ သုံးသပ်မှုတွေ ရှိသလို အခုသပိတ် ဖြစ်လာပေမယ့်လည်း ဥပဒေက ပြဋ္ဌာန်းပြီးဖြစ်လို့ ကန့်ကွက်မှု အပိုင်းမှာ အားနည်း နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒီအပေါ်မှာ မဖြိုးဖြိုးအောင်ရဲ့ အမြင်လေးကို သိပါရစေ။
ကျွန်မတို့က အဲဒီဥပဒေ မပေါ်လာခင်ကတည်းက ကြိုးစားခဲ့တာတွေ အများကြီး ရှိပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့ အဲဒီတုန်းက ဘယ်သူ တစ်ဦး တစ်ယောက်ကမှ အသံမထွက်ပေးတဲ့ အချိန်ပေါ့။ အဲဒီလို အချိန်မျိုးမှာ NNER ဆိုတဲ့ Network ကို ဖွဲ့ပြီးတော့ တစ်နိုင်ငံလုံး အနှံ့မှာ ဥပဒေ မပေါ်ခင်မှာ အရင်ဆုံး မူဝါဒကို အရင်စဉ်းစားရတယ်။ ဘယ်လိုမူဝါဒတွေနဲ့ သွားမလဲဆိုတာ စဉ်းစားရတယ်။ အဲဒီကနေ ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံဆိုပြီးတော့ လုပ်တယ်။ ပညာရေးမူဝါဒတွေ အဲဒီမှာထွက်လာတယ်။ အားလုံးဆန္ဒ တူညီတဲ့ ဟာတွေ ရွေးပြီးတော့ တကယ် ကျောင်းသားပြည်သူရဲ့ ဆန္ဒပဲ။ အဲဒီမူဝါဒကို လွှတ်တော်ထဲကို တင်သွင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ အဲဒီမှာ လွှတ်တော်က စပြီးတော့ ဥပဒေရေးဆွဲနေပြီ ဆိုတော့လည်း ကျွန်မတို့ လွှတ်တော်ကို သွားတယ်။ သမ္မတဘက်က ရေးဆွဲနေတဲ့ အချိန်မှာလည်း သမ္မတရုံး ဆွေးနွေးပွဲတွေ သွားတယ်။ တောက်လျှောက် ဒီလို ညှိနှိုင်းမှုတွေ စပြီးတော့ လုပ်ခဲ့ရပါတယ်။ အဲဒီကာလ အတောအတွင်းမှာလည်း ဥပဒေကြမ်း ထွက်လာတဲ့အချိန်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ တောက်လျှောက် လုပ်ခဲ့တယ်။ တစ်ဆင့်ချင်းနဲ့ ပြင် လာမလား၊ ပြင် လာမလား ဆိုပြီးတော့ တောက်လျှောက် လုပ်ခဲ့တယ်။ အစိုးရ ဘက်က အခုအချိန်ထိ အဲဒီဆွေးနွေးပွဲတွေမှာ ဖိတ်သယောင်ယောင် လုပ်ပေမယ့်လည်း ကျွန်မတို့ရဲ့ ဆွေးနွေးချက်တွေကို အမြဲတမ်း လျစ်လျူရှုခဲ့တယ်။ လျစ်လျူရှုတဲ့ အတွက်ကြောင့်မို့လို့ အခုလို သပိတ်အထိ ဖြစ်လာတာပေါ့နော်။
● အခုကတော့ ထိုင်သပိတ်ပေါ့။ ဒီကနေပြီး ဘယ်လောက်အထိ တိုးမြှင့် လုပ်ဆောင်ဖို့ ပြင်ထားလဲ။
ကျွန်မတို့က ညှိနှိုင်းမှုက အရင်သွားတယ်။ ညှိနှိုင်းမှုတွေပြီးတော့ ဆန္ဒပြပွဲတွေနဲ့ သွားတယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ အစိုးရက ကျွန်မတို့ကို အမြဲတမ်း လျစ်လျူရှုတယ်။ ဒီ့အတွက်ကြောင့်မို့ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း မြှင့်မြှင့် လာရတာ။ သပိတ်ကတော့ အမြင့်ဆုံးအဆင့်ပဲ။ အခုက တစ်နိုင်ငံလုံး က ကျောင်းသား တွေက ရန်ကုန်မှာလာပြီးတော့ သပိတ်ထိုင်တာ။ ဒီသပိတ်က မြင့်တယ်။ ဒီ့ထက်မြင့်တဲ့ ပုံစံမျိုးလည်း ကျွန်မတို့ သွားမှာမို့လို့။ ကျွန်မတို့ မနေ့က အင်တာဗျူးတွေမှာ ပြောခဲ့သလိုပဲ ရက်ပေါင်း ၆၀ အတွင်းမှာ အစိုးရကို အချိန်ပေးတာဖြစ်တယ်။ အရင်တုန်းက တစ်နိုင်ငံလုံး က ကျောင်းသားတွေက ရန်ကုန်မှာ လာပြီးတော့ သပိတ် လုပ်တယ်။ အခုက တစ်နိုင်ငံလုံးမှာ သပိတ်တိုက်ပွဲ ဆင်နွှဲဖို့ရှိတယ်။
● အခုပြုလုပ်တဲ့ ထိုင်သပိတ်မှာ ဘယ်လို အချက်အလက်တွေကို အဓိကထားလဲ။ နောက်ပြီး ဘယ်လို အချက်အလက်တွေ ရရင်တော့ဖြင့် သပိတ်ရဲ့ အရှိန်ကို အတိုးအလျှော့ လုပ်ဖို့ ရှိသလဲ။
မနေ့က ရွှေတိဂုံဘုရား အမျိုးသားနေ့မှာ ပြောခဲ့ပါတယ်။ ကျွန်မတို့ကိုလာပြီးတော့ တွေ့တဲ့ အချိန်တုန်းက အဓိက ပြောခဲ့တာက အစိုးရက မနေ့က MRTV မှာလည်း ပါတယ်။ သတင်းစာထဲမှာလည်း ပါတယ်။ နည်းဥပဒေမှာ ၀င်ရောက်ဆွေးနွေးဖို့ သူတို့ ဖိတ်တယ်။ ကျွန်မတို့က နည်းဥပဒေကို ၀င်ရောက် ဆွေးနွေးဖို့ သပိတ်တိုက်ပွဲ ဆင်နွှဲနေတာမျိုး မဟုတ်ဘူး။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ပြောနေတာ။ အမျိုးသားပညာရေး ဥပဒေက အချက်တွေက အရေးကြီးလို့ ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးလို့ ဒီဟာကို ပြောနေတာ ဖြစ်တယ်။ အဲဒါကြောင့် နည်းဥပဒေမှာ ၀င်ရောက် ဆွေးနွေးမှာ မဟုတ်ဘူး။ ဒီလို ဖိတ်ခေါ်ခြင်း မျိုးကိုလည်းကျွန်မတို့က လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ကျွန်မတို့ လိုချင်တာကတော့ မူဝါဒ ဥပဒေလို့ ခေါ်တဲ့ အမျိုးသားပညာရေး ဥပဒေမှာ ဆွေးနွေးဖို့ဖြစ်တယ်။ ဆွေးနွေးမယ် ဆိုရင်လည်း ကျွန်မတို့ အဲဒီနေ့ ကတည်းက တစ်ခါတည်း ပြောခဲ့တယ်။ လွှတ်တော်ဘက်က ပညာရေး မြှင့်တင်မှု ကော်မတီရှိတယ်။ အစိုးဘက်ကလည်း ပညာရေးမြှင့်တင့်မှု ကော်မတီဆိုပြီးတော့ ဖွဲ့ထားတာရှိတယ်။ အဲဒီနှစ်ဖွဲ့ရယ်၊ ကျွန်မတို့ Network တွေ အားလုံးပါတဲ့ ပညာရေး Network ဖြစ်တဲ့ NNER ၊ သပိတ် ကော်မတီလို့ခေါ်တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီရယ် တွေ့ပြီးတော့ ဆွေးနွေးရင် အဖြေပိုပြီးတော့ ထုတ်နိုင်လိမ့်မယ်လို့ ကျွန်မက ယူဆတယ်။
● အခုပြုလုပ်တဲ့ ကျောင်းသားထုရဲ့ သပိတ်နဲ့ ပတ်သက်လို့ အာဏာပိုင်ဘက်က ဖမ်းတာဆီးတာ၊ အာဏာပိုင်နဲ့ ထိပ်တိုက် တွေ့တာမျိုး၊ ရိုက်နှက်တဲ့ အထိ ဖြစ်လာခဲ့ရင် ကြုံခဲ့ရင်၊ အဲဒီလို ကြုံခဲ့ရင် ပြည်သူနဲ့ အဖွဲ့အစည်း တွေက ပါဝင်လာရင် တိုင်းပြည်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒီအပေါ် မှာကော အစ်မတို့ဘက်က ကြိုတင် ပြင်ဆင်ထားတာ ရှိပါသလား။
အဲလိုမျိုး ဖြစ်ခဲ့လို့ရှိရင်လည်း အဲဒီပြဿနာက ကျွန်မတို့စတာ လုံးဝမဟုတ်ပါဘူး။ အစိုးရက ပြန်တုံ့ပြန်မှု အပေါ်မှာ ဖြစ်လာ တဲ့ ပြဿနာပေါ့နော်။ ကျွန်မအနေနဲ့ ပြောရရင် ဒါကျွန်မတို့ နိုင်ငံအတွက် ထူးထူးဆန်းဆန်း ကိစ္စလို့ မမြင်ပါဘူး။၁၉၈၈ တုန်းကလည်း ရှေ့မှာ သာဓကတွေ အများကြီးရှိတယ်။ အခုအချိန်ထိလည်း ၁၉၈၈ လူထု လှုပ်ရှားမှုကြီးက ကျွန်မတို့ အားလုံးအတွက် စံပြုထားရမယ့် အနေအထား တစ်ခုပေါ့နော်။ ကျွန်မအနေနဲ့ ဒီလိုဟာမျိုး ပြန်ပေါ်လာမယ်၊ မပေါ်လာဘူးလို့တော့ ယတိပြတ် ပြောလို့တော့ မရဘူး။ ဒါပေမဲ့ အဲလိုကိစ္စမျိုး ဖြစ်လာရင်လည်း ဒါအစိုးရရဲ့ ယန္တရားကြောင့် အစိုးရရဲ့အပြုအမူ လုပ်ရပ်ကြောင့်လို့ ကျွန်မအနေနဲ့ ပြောလို ပါတယ်။
● ဒီနေ့မနက် သတင်းစာမှာ ရေးထားတယ်။ အစ်မတို့ တောင်းဆိုတဲ့ ဗဟိုချုပ်ကိုင်မှု လိုမျိုးတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တချို့ဟာတွေက ဒီအထဲမှာပါတယ် ပေါ့နော်။ ဒီအသင်းမျိုး ဖွဲ့တာတွေကလည်း နည်းဥပဒေမှာ ပါလာမယ်။ တချို့လည်း ဒီဥပဒေမှာ ပါပြီးသားဆိုပြီး သူတို့ပုံစံ ကြည့်ရတာတော့ မပေးနိုင်ဘူး ပုံစံမျိုး သဘောထားတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ မသိဘူး။
ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ ပညာရေးစနစ်လို့ ပြောတော့ သူတို့ကလည်း ဆိုလိုတာက ဗဟိုချုပ်ကိုင်မှု လျှော့ချ တယ်လို့ ပြောလို့ရှိရင် ကျွန်မတို့မှာ ပြဿနာတက်တာက ဘယ်လောက် ရာခိုင်နှုန်းလဲ ပြောရ မလို ဖြစ်နေပြီ။ အစိုးရက ပြောတာတော့ တက္ကသိုလ်တွေ၊ ကျောင်းတွေက ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိရင် တက္ကသိုလ်ဖြစ်တယ် ဆိုတဲ့ အပိုဒ်ကို ထည့်ရေးထားပြီးတော့ အနောက်မှာတော့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် သဘောပေါက်ပါတယ်။ တက္ကသိုလ်တွေ၊ ကောလိပ်တွေ က ကိုယ်တိုင်စီမံခန့်ခွဲ ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ ခွင့်ပြုချက်အောက်မှာ။
နောက်တစ်ခုက အသင်းအဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ အမျိုးသားပညာရေး ဥပဒေကြီးမှာ တောင်မှ တစ်ချက်တလေတောင် မပါဘူးဆိုရင် နည်းဥပဒေမှာ ပါဖို့ဆိုတာ ဘယ်နည်းနဲ့မှ အာမခံချက် မပေးနိုင်ဘူး။ ကျွန်မတို့ ဒါကိုလည်း ယုံကြည်လို့မရဘူး။ ပါလာပြီး ဆိုရင်တောင်မှ ပထမတွေးခဲ့သလိုပဲ လူမှုရေး အသင်းအဖွဲ့ ဆိုပြီးတော့ သူတို့က ပြောပါတယ်။ ကျောင်းသားသမဂ္ဂဆိုတာက လူမှုရေး အသင်းအဖွဲ့ မဟုတ်ဘူး။
● မနေ့ကလည်း ပညာရေးပိုင်းက လူတွေနဲ့ သပိတ်ကော်မတီနဲ့ တွေ့ဆုံခဲ့ တယ်ဆိုတော့ သူတို့ဘက်က သဘောထား ဘယ်လို ရှိတယ်လို့ ထင်ပါသလဲ။
စပြီးတော့ တွေ့ကတည်းက တစ်ဦးချင်း ပုဂ္ဂိုလ်ရေးအရ နိုင်ငံသားတစ်ယောက် အနေနဲ့ ပညာရေးကို စိတ်ဝင်စားတဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ လာတွေ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒါကို မယုံကြည် ဘူး။ နိုင်ငံသား တစ်ယောက်အနေနဲ့ လာတွေ့တယ်ဆိုရင် ဘယ်နည်းနဲ့မှ လာတွေ့ရဲမှာ မဟုတ်ဘူး။ မီဒီယာသမား တော်တော်များများလည်း သိမှာပါ။ ရန်ကုန် တက္ကသိုလ်ထဲ ၀င်ဖို့ကြိုးစားတာတောင်မှ သူတို့ဘက်က တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဒီလိုလာတွေ့တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ပါချုပ် တော်တော်များများနဲ့ အစညကို အစိုးရက အမိန့်တစ်စုံတစ်ရာပေးလို့ သူတို့က လာတွေ့တာ ဖြစ်ပါတယ်။ အဲဒီမှာလည်း သူတို့က နည်းဥပဒေ ညှိနှိုင်းဖို့ ပြောတယ်။ ကျွန်မတို့က နည်းဥပဒေ ညှိနှိုင်းဖို့ ဒီသပိတ်တိုက်ပွဲ ကလည်း ဖြစ်နေတာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေမှာရှိတဲ့ အချက်တွေကို မကြိုက်လို့ လုပ်နေတာ ဖြစ်တယ်။ အဲဒီမှာတင် ကွာဟချက်ရှိတယ်။သူတို့ ကျွန်မတို့ကို အာမခံချက် မပေးနိုင် ဘူး။
သူတို့ဘက်က တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်တာက ကျွန်မတို့ ဆက်ဆွေးနွေးဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် မို့လည်း ကျွန်မတို့က အဲဒီဆွေးနွေးပွဲက ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ထုတ်တဲ့ မြန်မာ့အလင်း သတင်းစာထဲမှာ ပါလာတာကျတော့ အဲဒီဆွေးနွေးပွဲကြောင့် သပိတ်က ရပ်တန့် သွားသယောင်ယောင် ရေး ထားတယ်။ အဲဒါ ကျွန်မတို့ကို သိသိကြီးနဲ့ လိမ်နေတာပေါ့နော်။ ဒါကအစညက ညွှန်ချုပ်နဲ့ ပါချုပ်တွေကပဲ လိမ်နေတာလား။ ဒါမှမဟုတ် မြန်မာ့အလင်း သတင်းစာကပဲ လိမ်နေတာလားတော့ မသိဘူး။
● တချို့ကလည်း ကျောင်းသားထုရဲ့ သပိတ်ကို ဘာတွေတော့ လုပ်နိုင်ပါတယ်၊ ဘာတွေေ တာ့ေ ဆွးနွေး နိုင်ပါတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဇာတ်မျောကြီးဖြစ်အောင် လုပ်ချင်တဲ့ သဘောတွေရှိတယ်လို့ သတင်း စာ ဖော်ပြမှုကို ကြည့်ပြီး သုံးသပ်မှုတွေရှိ လာပါတယ်။ ဒီအပေါ်မှာကော အစ်မတို့ဘက်က ကြိုတင်ပြင်ဆင် ထားတာမျိုး ရှိလား။
ကျွန်မတို့ စိတ်ပူတာက သပိတ်က ဒီအတိုင်း ဆက်သွားလို့ရှိရင် ကျွန်မတို့ကို ဒီလိုပဲဆက်ပြီးတော့ လျစ်လျူရှု ထားမယ် ဆိုလို့ရှိရင်၊ ဥပမာ ကျွန်မတို့ကို ဖမ်းဆီး ထိမ်းသိမ်းတာမျိုးဆိုရင် အဲဒီလိုမျိုး အဖြစ်ခံလို့မရဘူး။ ဒီကျောင်းသားတွေက တကယ်ကို တက်ကြွတဲ့ ဒေသအသီးသီးက ကျောင်းသား ရဲဘော်တွေ ဖြစ်ပါတယ်။ ဆိုတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့က ဒီ့ထက်ပိုပြီးတော့ အရှိန်မြှင့်ဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်မတို့ နောက်မှာ က ကျောင်း သားတွေ၊ ပြည်သူတွေ အလုံးအရင်းနဲ့ ပါလာဖို့လိုတယ်။ အခုအချိန်ဆိုရင် နောက်ထပ် ပြဿနာတစ်ခုတွေ့ရတာက ဒီသိပ္ပံနဲ့ နည်းပညာ လက်အောက်က ကျောင်းတွေရဲ့ အောင်စာရင်းမှာ တော်တော်များများက ကျွန်မတို့ စာမေးပွဲစနစ်ရဲ့ ဆိုးကျိုးကြောင့် အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မျိုးတွေ ပေါ်လာပြီ။
ကျောင်းသားတွေ စိတ်ဓာတ်တွေကျ၊ တချို့ဆိုရင် မခံချင်စိတ်တွေနဲ့ ဒီပေါ်မှာ တော်တော်ကို မကျေမနပ် ဖြစ်နေ တာတွေ့ရတယ်။ ဒါကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်က လူ့အသက်ကိုတောင် သတ်နိုင်တယ်ဆိုတာ ကျွန်မ တို့ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က ဒီပညာရေးနဲ့ ပတ်သက်ပြီးတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူတွေအား လုံးပါအောင် ကျွန်မတို့က ဒီအချိန်ယူတယ်။ အစိုးရကိုလည်း ကျွန်မတို့က အချိန်ပေးတာ ဖြစ် ပါတယ်။ ဒီကြားထဲမှာ အစိုးရဘက်က တစ်ခုခု တုံ့ပြန်ဖို့ လိုတယ်ပေါ့။
● ဥပဒေ ပြဋ္ဌာန်းတာဟာ လွှတ်တော်က ဖြစ်လို့ လွှတ်တော်နဲ့ ပြောသင့် တယ်ဆိုတဲ့ ပုံစံမျိုး အစိုးရသတင်း မှာ ဖော်ပြထားပါတယ်။ ဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ပညာရေး ဥပဒေကြမ်းနှစ်ခုပေါ့နော်။ အစိုးရဘက်က ရေးဆွဲထားတဲ့ ပညာရေး ဥပဒေကြမ်းနဲ့ လွှတ်တော် ဘက်က ရေးဆွဲထားတဲ့ ပညာရေးဥပဒေကြမ်း။ အဲဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်က အစိုးရကကျတော့ အစိုးရရဲ့ ချုပ်ကိုင်မှုကို ပိုပြီးတော့ လိုချင်တယ်။ လွှတ်တော်ကကျတော့ လွှတ်တော်ရဲ့ ချုပ်ကိုင်မှုကို ပိုပြီးတော့ လိုချင်တယ်။ အဲဒါပဲ ကွာပြီးတော့ တော်တော်များများ ကျောရိုးက အတူတူပဲ။ ဒါပေမဲ့ တကယ်တမ်း အတည်ပြု လိုက်တဲ့အခါမှာ အစိုးရဘက်က အသာရသွားတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ဒီပညာရေး ဥပဒေကို လွှတ်တော်က ချုပ်ကိုင်နေတာလား၊ အစိုးရက ချုပ်ကိုင် နေတာလား ဆိုတာ မြင်သာပါတယ်။ ဒီဥပဒေ စတင်ဖြစ် တည်လာတာရော၊ ဒီဥပဒေ အတည်ပြုတာရောမှာ အစိုးရက တောက်လျှောက် ကိုင်တွယ်မှု ရှိနေတယ်။ Process အရ၊ နိုင်ငံရေး Process အရ ကြည့်မယ်ဆိုရင်တော့ လွှတ်တော်နဲ့ပဲ ဆိုင်သယောင်ယောင် ရှိတယ်။ ဒါပေမဲ့ ဒါဟာ အစိုးရနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ကျွန်မတို့က မြင်တယ်။
● ကျောင်းသားထုရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ သတင်းစာပါ တုံ့ပြန်ချက်ကို ကြည့်ရင် သူတို့ လုပ်ပေး နိုင်တဲ့ အတိုင်းအတာအထိပဲ ထုတ်ပြန်ထားတယ်။ ဒီအပေါ်မှာ လက်ခံချင်ခံ၊ မခံချင်နေဆိုတဲ့ သဘော သက်ရောက်မှု တွေလည်း ရှိနေတာ တွေ့ရပါတယ်။ အကယ်လို့များ သူတို့က သူတို့လုပ်ချင်သလိုပဲ ဆက်လုပ်မယ် ဆိုရင်ကော။
အဲဒီလို ဆက်သွားမယ်ဆိုရင် ကျွန်မတို့ ပြောခဲ့သလိုပါပဲ ကျွန်မတို့ မနေ့ကလည်း ပြောခဲ့ပါတယ် ကျွန်မတို့ အခုလိုမျိုး တောင်းဆိုနေတယ်၊ ရက်ပေါင်း ၆၀ အတွင်းမှာ အစိုးရက တစ်ခုခု လုပ်ပေးလိမ့်မယ်လို့ ယုံကြည် လို့ တောင်းဆိုနေတာ မျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ရှေ့မှာလည်း သာဓကတွေက အများကြီး ရှိတယ်လေ။ ဒါပေမဲ့ ဒီအတိုင်းအတာအထိ ပညာရေး ဥပဒေတစ်ခုအတွက် ရက်ပေါင်း ၆၀ အချိန် ပေးတယ်။ အဲဒီအတောအတွင်းမှာလည်း ကျွန်မတို့ ပြင်ဆင်မှုတွေ အပြည့်အ၀လုပ်မယ်။ ပြီးရင် ကျွန်မတို့က အစိုးရကို ကိုင်လှုပ်နိုင်တဲ့ ဖိအားတစ်ခုကို ကျွန်မတို့ပေးမှာပါ။ နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူ လူထုတွေ၊ ကျောင်းသားတွေ အားလုံး ပါဝင်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖိအားပေးမှာပါ။ ပြင်းထန်တဲ့ ဖိအားပေးမှာပါ။
● တကယ်လို့ သူတို့ဘက်က ပြီးခဲ့တဲ့ရက်ကလို လာညှိဦးမယ် ဆိုရင်ရော ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိလား။
ကျွန်မတို့ အနေနဲ့ကတော့ ခုနပြောတဲ့ အမျိုးသားပညာရေး ဥပဒေအပေါ်မှာ ညှိနှိုင်းမယ်ဆိုရင် ကျွန်မတို့က အသင့်ပါပဲ။ ကျွန်မတို့ အမြဲတမ်း ညှိနှိုင်း ဖို့ စောင့်နေပါတယ်။ နည်းဥပဒေ အပေါ်မှာဆိုရင်တော့ ကျွန်မတို့ ညှိနှိုင်းစရာ မရှိပါဘူး။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment