Thursday, November 20, 2014

သူရဦးရွှေမန်းပြောကြားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အချိန်ဇယားများနှင့်ပတ်သက်၍ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

  ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အချိန်ဇယားများနှင့်ပတ်သက်၍ သဘာဝကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၉ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
သတင်းထောက်တစ်ဦးမေးမြန်းသည့် နိုဝင်ဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အချိန်ဇယားများနှင့်ပတ်သက်၍ သုံးသပ်ပေးပါရန်မေးခွန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "သူက Process ကိုပြောတာပါ။ Process က ဒီလိုပဲသွားရမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄၃၆
ကို ပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်မယ်ဆိုပါတော့။ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေကို ပြောင်းလဲလို့ရမယ်လေ။ အဲဒီတော့ အဲဒီဟာတွေကျတော့ အချိန်အရရော အခုလက်ရှိသွားနေတဲ့ လုပ်ငန်းတွေအရရော Process အရတော့ ဒီလိုပဲလုပ်ရမှာပဲ။ ဥပဒေသဘောတရားအရ ဥပဒေပညာရှင်တွေကိုမေးကြည့်လို့ရှိရင် ပိုပြီးကောင်းတယ်။ ဦးဝင်းမြင့်တို့ကိုပေါ့လေ။ သူတို့ကိုမေးကြည့်လို့ရှိရင် ပိုပြီးရှင်းရှင်းလင်းလင်းပြောတတ်လိမ့်မယ်" ဟုပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "အဲဒီဟာတွေပြင်ဖို့အတွက်ဆိုတာက Process အရ သူသွားရမယ်လေ။ ၅၉ (စ)ကို မပြင်ခင် ၄၃၆ ကို ပြင်ရမယ်မဟုတ်လား။ အဲဒီလို သူ့အဆင့် သူ့အဆင့်တော့ရှိတယ်။ သူ့ရဲ့လုပ်ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့သဘာဝကျပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် "အန်တီတို့ကရှင်းရှင်းလင်းလင်းပဲ။ အခု ဒီမိုကရေစီလမ်းကြောင်းသွားတယ်ဆိုရင် ပိုပိုပြီးတော့ ဒီမိုကရေစီစံနှုန်း၊ စံထားတွေနဲ့ကိုက်ညီရမယ်နော် ဒါပဲ။ အဲဒီတော့ အန်တီတို့လည်းပြောပြီးပြီ။ ဒီတပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့သဘောမတူတာက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးကိုက်ညီစေချင်တယ်။ ဒါကို တပ်မတော်ကို ဦးတည်ပြီးတော့၊ တပ်မတော်ကိုအပြစ်ရှာပြီးတော့ ဒီလိုပုံစံမဟုတ်ဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့လိုတာ။ ဘယ်လိုပဲပြောပြော တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ကဏ္ဍဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့မကိုက်ညီဘူး။ ဒါတော့ လူတိုင်းလွယ်လွယ်နဲ့သိမှာပါ" ဟု ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "ဖွဲ့စည်းပုံကိုဆွေးနွေးမယ့်ရက်က ၂၁ မဟုတ်ပါဘူး။ ၂၅ ရက်မှာ အပြီးဆောင်ရွက်မှာပါ။ နိုဝင်ဘာ ၂၅ ရက်မှာ အပြီးဆောင်ရွက်မှာပါ။ ထွက်ပေါ်လာမယ့်။ ပြည်ထောင်စုလွှတ်တော်ကတင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တစ်ပတ် လွှတ်တော်အစည်းအဝေးတွေမှာ ဆုံးဖြတ်အတည်ပြုမယ်။ အဲဒီကထွက်ပေါ်လာမယ့် ဥပဒေကြမ်းတွေကို တချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒါကို လာမယ့် ၂၀၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲဒီကထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ကျင်းပတဲ့အခါကျမှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းလိုက်တဲ့ ပြဋ္ဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ။ ပြည်သူ့ဆန္ဒခံယူပွဲပြီးပြီးချင်း အခုနကပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွေကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချိန်ရောက်လာအောင် အထူးဝီရိယထားပြီးတော့ ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီလိုဖြစ်ပေါ်အောင်လည်း အားလုံးဝိုင်းပြီးတော့ အကူအညီပေးကြပါ။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်တဲ့ကိစ္စကလည်း အင်မတန်ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက်လည်း စနစ်တကျပြီးမြောက်သွားအောင် ဥပဒေများပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်" ဟု နိုဝင်ဘာ ၁၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Credit - Eleven Media Group

No comments:

Post a Comment