Tuesday, November 18, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အချိန်ဆွဲနေခြင်း မဟုတ်ကြောင်း UNFC ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အကြား သဘောထားတင်းမာမှု အချို့ ဖြစ်ပွားခဲ့ခြင်းသည် UNFC က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် အချိန်ဆွဲနေခြင်း မဟုတ်ကြောင်း အဆိုပါအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် UNFC ကိုယ်စားလှယ်လေးဦး တွေ့ဆုံပွဲတွင်လည်း UNFC က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေး ကိစ္စရပ်များကို အချိန်ဆွဲ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း တင်ပြခဲ့သည်ဟု UNFC ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်ဟံသာက ပြောကြားသည်။

ယင်းထုတ်ပြန်ချက်ကို UNFC က နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သဘောထား တင်းမာသူများ နိုင်ငံလုံဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အချိန်ဆွဲနေသူများဟု လွဲမှားစွာ ထင်မြင်ယူဆနေမှုများ ရှိနေခြင်းကြောင့် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် UNFC အပေါ် အထင်အမြင် လွဲမှားပြီး စွပ်စွဲထားသည့် ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းခွင့် ရရှိခဲ့ကြောင်းလည်း UNFC ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ညှိနှိုင်းရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မူခြောက်ချက်နှင့် ပတ်သက်ပြီး UNFC အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ရှိနေကာ UNFC ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် သဘောတူညီမှု မရှိသောကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU သည် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီ နုတ်ထွက်ထားသည်။
ထို့အပြင် UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်သည်ကို သတိထားရန်လိုကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားထားသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ထိုင်နိုင်ငံ ချင်းမိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနေသော တစ်နိုင်ငံလုံး အပစ်အခတ်ရေးဆိုင်ရာ ညှိနှိုင်းရေးအလုပ်အဖွဲ့ NCCT အဖွဲ့ဝင် အချို့တွင်လည်း UNFC ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လျက်ရှိသည်။

Credit - The Voice Weekly

No comments:

Post a Comment