![]() |
Photo:AFP |
(၁)
ကျွန်တော် အမှောင်ကို ကြောက်တယ်။
ကျွန်တော် အမှောင်ကို ကြောက်တယ်။
ကျွန်တော် အမှောင်ကို ကြောက်တယ်။
သုံးကြိမ်သုံးခါတိတိ ကြွေးကြော်ကြေညာခြင်းအမှု ပြုပြီးသည့်အခါ ကျွန်တော့်အဖို့ စိတ်သက်သာရာရခဲ့၏။ ရှင်းပါဦးအံ့။
(၂)
စင်စစ်ကား စိတ်သက်သာရာရခြင်းဟူသည် လွယ်ကူသောကိစ္စ မဟုတ်ချေ။ ငွေဖြင့်ဝယ်၍လည်း မရ။ အာဏာဖြင့် အဲ့သဟာ ငါ့ကိုပေးဟု တောင်း၍လည်း ရစကောင်းသောကိစ္စ မဟုတ်။ သို့အတွက်ကြောင့်ပင် အရာခပ်သိမ်း ပြည့်စုံငြိမ်းချမ်းစွာ ရှိပေ၏ဟု လူတကာအထင်ကြီးကာ အားကျမက်မောရသည့် ဘ၀ကို ပိုင်ဆိုင်ကြသည်။ မချိသွားလည်း မဖြဲသာဘဲ ဟဲဟဲရယ်ကာ ဟန်ဆောင်ပန်ဆောင်ဖြင့် တည်တံ့သောအသွင်ကို ဆင်ယင်ကြကုန်သည်။ မနုဿအပေါင်းတို့မှာ စိတ်သက်သာရခြင်းကို အိပ်မက်ထဲမှာရရဟု လုံ့လပြုကာ အားထုတ်ကြကုန်၏။
(၃)
လူသည် အတ္တ၀ါဒီများပေတည်း။ မိမိ၏ ကိုယ်ကျိုးစီးပွားကို အလွန်လိုလား၏။ လိုလားမှုများလာသောအခါ ထိုထားစရာနေရာ ရှိမရှိ မထောက်ချင့်တော့ဘဲ ရရာကိုဆွဲကာ အိတ်ထဲထည့်၏။ အိတ်အကွဲ လူမသေခင်ခဏ ပိုင်ဆိုင်ရသမျှကို ထာဝရဟု မှတ်ထင်လေ၏။ ဤမှာပင် ပြဿနာက တက်လေတော့သည်။
(၄)
လူအများပြဿနာကို ကိုယ့်ပြဿနာ ဟု ခပ်တည်တည်ကြေညာပြီးကာမှ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မိ၏။ ထိုအခါ ကျွန်တော်ဟု ကိုယ့်ကိုယ်ကိုယ် နာမ်စားသုံးကာ ပြောဆိုတတ်သော မိမိကိုယ်ကိုယ်မိမိ အထင်အရှား တွေ့ရှိခဲ့လေတော့သည်။
(၅)
တွေ့ရှိသည့် ခဏ၌ပင်လျှင် ထောပနာပြုခြင်း၊ စောဒနာပြုခြင်း၊ ပြဿနာဖွဲ့တည်ခြင်း၊ အချေအတင် စကားစစ်ထိုးခြင်း စသည်တို့သည် အပေါင်းအပါ သောင်းရာထောင်ချီကာ ရောက်ရှိလာ၏။ အသင်ပဇာကြောင့် ဤသို့တွေးကာ ဤမျှရေး၍ ခေါင်းစဉ်ပေးရသနည်း။ မခြွင်းမချန် မှန်ရာတင်စေ မိန့်တော်မူ၏။
(၆)
ပြောရလျှင် ကျွန်တော့်အဖေ၏အဘိုး၊ သို့တည်းမဟုတ် ကျွန်တော်အဘိုး၏ အဖေသည်ကား ရဲရဲတောက်သခင်ကြီး ဖြစ်ချေ၏။ ဤသို့ဆိုခြင်းအတွက်ကြောင့် လူမြင်သူမြင် အင်္ဂါတစ်ခု ရဲရဲတောက်နေသော မျက်နှာဖြူ ဘိုကြီးတစ်ယောက်ဟု အထင်မှတ်မမှားစေလိုပါ။ အမှန်မှာကား ဒို့ဗမာအစည်းအရုံး၏ သခင်ပေါင်း မြောက်မြားစွာအနက်မှ ကြီးသည့်ဂုဏ်ဒြပ်ဝိသေသနတပ်ရသည့် ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ ကြီးသည့်သခင်ဟု အဓိပ္ပာယ်ရသည့် သခင်ကြီးဖြစ်ချေ၏။ အဘယ်အရာကြီးကို အဆိုပြု၍ ဤသို့ဆိုသနည်း။ သုတေသန ပြုလိုကြမူကား မိမိတို့ ကိုယ်ပိုင်ရန်ပုံငွေမှ ထုတ်နုတ်ကျခံကာ ဆောင်ရွက်ကြလေ။
အမှောင်ထဲတွင် ငြိမ်သက်စွာ ပုန်းနေသည်ဖြစ်ရကား မလှုပ်ဝံ့၊ အသံမထွက်။ ထိုအခါတွင် အာရုံပေါင်းစုံဝင်လာ၏။ ကြားဖူးနားဝ သရဲတစ္ဆေပုံပြင်များ အတွေးထဲရောက်လာ၏။ ခြိုးခြိုးချွတ်ချွတ်အသံများကို ကြောက်လာ၏။ အမှောင်ထဲတွင် ပုန်းနေသူအချင်းချင်း ထိမိသည်ကို အလန့်တကြား ဖြစ်မိ၏ . . . . .
(၇)
ဤသို့နှယ် ရာဇ၀င်တင်ခဲ့ရသည်။ ရဲရဲတောက်သခင်ကြီး၏ မျိုးစောင့်၊ မျိုးချစ်၊ မျိုးတင့်၊ မျိုးမြင့် သြ၀ါဒတစ်ရပ် ရှိခဲ့ဖူး၏။ ကျွန်ဟု မိမိကိုယ်ကိုယ် မသုံးစွဲရ။ ကျွန်စော်နံသည့် ကျွန်တော်ဟုလည်းကောင်း၊ ကျွန်မဟုလည်းကောင်း မရေးရ။ မပြောရ။ သတ်ပုံဆရာနှင့် ပြဿနာတက်ရလျှင် ငါသခင်ကြီးကိုယ်တိုင် ကျင်ကိုင်ရကိုင်ရ၊ လက်ဝှေ့ထိုးရထိုးရ၊ နပန်းလုံးရလုံးရ ရှေ့မှာနေ၍ အဖြေရှာရမည်။ ငါ တာဝန်ယူသည်ဟူ၏။
(၈)
သို့ဖြင့် ကျွန်တော်သည် ကျွန်တော်ဟု ကိုယ့်ကိုယ်ကိုယ် နာမ်စားသုံးကာ စကားဆိုတတ်သူ လူသတ္တ၀ါဖြစ်ခဲ့၏။ လူသတ္တ၀ါ ဖြစ်ခဲ့သည့်အလျောက် ငယ်ရာမှကြီးခဲ့ရ၏။ ငယ်စဉ်တောင်ကျေး ပုတုကွေးအရွယ်တွင် ကလေးတို့ဘာဝ ကစားနည်းမျိုးစုံ ပါရဂူဘွဲ့ရမတတ် ကစားခဲ့ဖူး၏။ ထုပ်ဆီးတိုး၏။ ဖန်ခုန်၏။ ကြက်ဖခွပ်၏။ ရွှေစွန်ညိုကစား၏။ ကျည်းသားရိုက်၏။ ဂျင်ပေါက်၏။ အရုပ်ကားထပ်၏။ လိုက်တမ်းပြေးတမ်းကစား၏။ စုံမဖွက်၏။ စစ်တိုက်တမ်းကစား၏။ တူတူပုန်း၊ တိုင်ဦးတမ်းကစား၏။ ကစားနည်းစုံကစား၏။ မိန်းကလေးကစားနည်း၊ ယောက်ျားလေးကစားနည်းဟူ၍ မခွဲခြားခဲ့။ ဘောလုံးကန်သော အခါတွင်မူကား မိန်းကလေး ဘောလုံးသမားများ ခေတ်မစားသေးသည့်အလျောက် မိမိတို့ဘာသာ ယောက်ျားလေးချည်းသာ ကစားကြရကုန်၏။
(၉)
ကစားခဲ့ကြသည့် ကစားနည်းများတွင် စိတ်ဝင်စားမှုအားလျော်စွာ ကျွမ်းကျင်လာကာ အကျိုးပေးကြကုန်၏။ ဗုဒ္ဓဘာသာ ကျမ်းဂန်လာစာပေများတွင် ဒိဋ္ဌဓမ္မဝေဒနိယကံဟူ၍ ရှိ၏။ ချက်ချင်းလက်ငင်း အကျိုးပေးစေသော ကံပေတည်း။ ချက်ချင်းလက်ငင်း အကျိုးပေးခြင်း မဟုတ်စေကာမူ ယခုဘ၀၌ပင် အကျိုးဆက်လာသည်တို့ကို တွေ့ရ၏။
ရွှေစွန်ညိုအ၀ဲကောင်းသော သူငယ်ချင်းမှာ စောစီးစွာအိမ်ထောင်ကျကာ ကလေးတွဲလောင်းနှင့် ဖြစ်ချေ၏။ စုံမ၀ှက်ရာတွင် ၀ါသနာပါသည့် သူငယ်ချင်းသည် လောင်းကစားဒိုင် ဖြစ်လာသည်။ စစ်တိုက်တမ်း ကစားရာတွင် သူငယ်ချင်းများက အရှုံးပေးဖန် များလာသောအခါ ငါသာစစ်ပါရဂူဟု အထင်ရောက်ပြီး သေနတ်ကိုင်စွဲ တိုက်ပွဲဝင်ရာမှ ပြန်မလာ။ တိုင်ဦးတမ်းကစားရာတွင် ကျွမ်းကျင်သူမှာ နေရာကောင်းကောင်း ရနေပြီဖြစ်၏။
(၁၀)
သူငယ်ချင်းများ ကစားသည့်အကြောင်း ပြောရင်းနှင့် ကျွန်တော်ကစားလေ့ရှိသည့် ကစားနည်းကို ပြောရပါဦးမည်။ တူတူပုန်းတမ်း ကစားခြင်းဖြစ် ပျောက်သူကို ရှာရသည့် အရသာကို နှစ်ခြိုက်၏။ ရှာသူ၏ မျက်စိအောက်တွင် ခြေရာဖျောက်ရခြင်းကို ခုံမင်၏။ ညအချိန်တွင် တူတူပုန်းကို နတ်ဝှတ်တတ်တယ်ဆိုသော်လည်း ပျော်ပျော်ရွှင်ရွှင် ပုန်းခဲ့၏။ မှောင်ရသည့်အထဲတွင် ချောင်ဝင်ကာ ပုန်းသည်ဖြစ်ရာ ပိန်းပိတ်အောင် မှောင်သည်ဟု ထင်ရတော့၏။
အမှောင်ထဲတွင် ငြိမ်သက်စွာ ပုန်းနေသည်ဖြစ်ရကား မလှုပ်ဝံ့၊ အသံမထွက်။ ထိုအခါတွင် အာရုံပေါင်းစုံဝင်လာ၏။ ကြားဖူးနားဝ သရဲတစ္ဆေပုံပြင်များ အတွေးထဲရောက်လာ၏။ ခြိုးခြိုးချွတ်ချွတ်အသံများကို ကြောက်လာ၏။ အမှောင်ထဲတွင် ပုန်းနေသူအချင်းချင်း ထိမိသည်ကို အလန့်တကြား ဖြစ်မိ၏။
လကွယ်ညမှောင် အလင်းရောင်မရှိဟု ဆိုသည့်တိုင် မျက်စိကျင့်သားရလာသောအခါ အလင်းရောင်ရေးရေးကို မြင်ရ၏။ အမှောင်ထဲက အလင်းပျပျ။
(၁၁)
အလင်းထဲမှာ အမှောင်မရှိနိုင်ပြီလော။ အလင်းထဲက ပိန်းပိတ်နေသော အမှောင်ရိုင်းရိုင်းများ ရှိနိုင်သည်။ ရှိလည်းရှိနေကြသည်။ သာမန်မျက်စိဖြင့်တော့ မမြင်နိုင်။ ဉာဏ်မျက်စိဖြင့် ဆင်ခြင်ကြည့်ရှုမှ မြင်နိုင်ပေမည်။
စွဲလမ်းတပ်မက်ခြင်းတည်းဟူသော အမှောင်။ ငွေကြေးဥစ္စာ၊ ရာထူးအာဏာတို့ကိုစွဲ လမ်းတပ်မက်ခြင်း၊ အကြွင်းမဲ့ယစ်မူးစေတတ်သော အရာတို့ကို အကြွင်းမဲ့ စွဲလမ်းတပ်မက်တတ်၏။ ထိုအခါ အဆိပ်သိပ်သည်းသော အမှောင်ထုသည် ဖွဲ့တည်ဖြစ်တည်လေတော့၏။ အမှောင်ထု၏ ဖိစီးမှုအောက်ဝယ် ညီအစ်ကိုလည်း မရှိတော့။ အဖေအမေလည်း မရှိတော့ချေ။
(၁၂)
ကျွန်တော် အမှောင်ကိုကြောက်တယ်။
အလင်းထဲမှာ စိတ်ရှင်းအေးချမ်းစွာ နေချင်ပါသည်။ လူကြီးမင်းလည်း ကျွန်တော်နဲ့ ထပ်တူထပ်မျှပါပဲလို့ ယုံကြည်ပါသည်။

Credit - Eleven Media Group
No comments:
Post a Comment