![]() |
အမေရိကန်သမ္မတ အိုဘားမား၏ နိုဝင်ဘာ ၁၄ ရက် ရန်ကုန်ခရီးစဉ်တွင် ရန်ကုန်လေဆိပ်အ၀င်ဝတွင် သတင်းဓာတ်ပုံရိုက်ယူရန် ကြိုတင်စောင့်ဆိုင်းနေသည့် မီဒီယာသမားများအား တွေ့ရစဉ် |
မိမိအား အကောင်းပြောသည့်အခါ ကျေနပ်လေ့ရှိကြပြီး မကောင်းပြောသည့်အခါ ဘဝင်မကျဖြစ်လေ့ရှိသည်မှာ လူ့သဘာဝ ဖြစ်သည်။ သို့သော် အကောင်းပြောစကားများထဲတွင် မြှောက်ပင့်မှုများ ပါလာလေ့ရှိပြီး မကောင်းပြောသည့် စကားများထဲတွင်လည်း ဆင်ခြေစကားများ ပါလာလေ့ရှိသည်ကို သတိပြုမိသူနည်းလေ့ရှိသည်။
အဖွဲ့အစည်းတစ်ခုအား ကိုယ်စားပြုရသူ ခေါင်းဆောင်ရသူများအတွက်မူ အကောင်းစကားရော အဆိုးစကားကိုပါ စိစစ်လက်ခံသင့်သည်။အထူးသဖြင့် အပြစ်ပေးအရေးယူနိုင်သည့် အခွင့်အာဏာရှိသူများအတွက် ပိုဆင်ခြင်ရမည် ဖြစ်သည်။ထို့ကြောင့် အင်းဝခေတ်က မင်းကြီးစွာစော်ကဲအား အမတ်တစ်ဦး ဖြစ်သူ ဝန်ဇင်းမင်းရာဇာက “အရှင်မင်းကြီးမင်းတို့၏ တိုင်ပင်ခြင်းလော၊ ကျွန်ုပ်တို့၏ တိုင်ပင်ခြင်းလော၊ ပညာရှိတို့၏ တိုင်ပင်ခြင်းလော”ဟု မေးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ တိုင်ပင်ခြင်းဟူသည် အရှင်သခင်အလိုအတိုင်း ထောက်ခံမှုကို သေချာပေါက်ရမည်ကို သိသောကြောင့် တိုင်ပင်ခြင်းဖြစ်ပြီး မင်းတို့၏ တိုင်ပင်ခြင်းဟူသည် သဘောညီလျှင် နှစ်သက်မည်ဖြစ်သော်လည်း သဘောမညီခဲ့လျှင် ဒဏ်ထိနိုင်သည်။ ပညာရှိတို့၏ တိုင်ပင်ခြင်းဟူသည် နှစ်သက်လျှင် လက်ခံပြီး မနှစ်သက်ပါက အပြစ်မယူဘဲနေခြင်း ဖြစ်သည်။ မင်းကြီးစွာစော်ကဲသည် ပညာရှိတို့၏ တိုင်ပင်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။ အုပ်စိုးသူအခွင့်အာဏာရှိသူတို့သည် အင်းဝခေတ်က မင်းကြီးစွာစော်ကဲကဲ့သို့ ကျင့်နိုင်မှသာ အမှားအမှန်ကို ပိုင်းခြားနိုင်မည်ဖြစ်ပြီး ဘုန်းတော်ဘွဲ့များ၏ေ လောင်းရိပ်က လွတ်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် အုပ်စိုးသူနှင့် အနုပညာသည်များ ပြည်သူလူထု သတင်းမီဒီယာတို့အကြား ဆက်ဆံရေးမှာ မင်းကြီးစွာစော်ကဲ၏ ဆက်ဆံရေးမျိုး ရှင်သန်နေရန် လိုအပ်နေလျက်ရှိသည်။
သတင်းစာများမပေါ်မီက သဘင်အနုပညာသည်များကလည်း မည်သည့်အတားအဆီးများရှိနေစေကာမူ အုပ်ချုပ်သူတို့ကို ဆုံးမတတ် အသိပေးတတ်ကြသည်။ ကုန်းဘောင်ခေတ်က တောင်စမုတ်တွင် စင်တော်ကြီး ကပြအသုံးတော်ခံရာတွင် မင်းသားကြီးတစ်ဦးဖြစ်သူ ဆရာသိုက်သည် ရာဇနီတိ၊ ရာဇသေဝက၊ ရာဇဝသတီ၊ ဓမ္မသတ်တို့ကို ပိုင်ပိုင်နိုင်နိုင် အဆက်မပြတ်ပြောဆိုနေသဖြင့် ဘုရင်ကပြုံးသည်ကို ဖောင်ဝန်မင်းဖြစ်သူက “အင်း တယ်ကောင်း၊ တို့မင်းကြီးတွေတောင် ဓမ္မသတ်၊ ရာဇသတ် မင်းခမ်းမင်းနားတွေကို ဆရာသိုက်လောက်မှ မတတ်သေးတာ၊ မနက်ကျတော့မှ ဆရာသိုက်ထံမှာ ပုရပိုက်တစ်ဆူနဲ့ သွားရေးကူးဦးမှပဲ” ဟုပြောယူရသည်။ ခံယူတတ်သူတို့က ခံယူသည့်ဓလေ့ ရှိခဲ့ကြသည်။ ထိုခေတ်အခါက သတင်းစာများ မပေါ်သေးသည့်အတွက် သတင်းမီဒီယာ၏ တာဝန်ကို သဘင်အနုပညာရှင်တို့က ထမ်းဆောင်နေကြသည်ဟုပင် ဆိုရမည်ဖြစ်သည်။
သတင်းစာဆရာကြီးတစ်ဦးဖြစ်သူ ကြေးမုံဦးသောင်းက သူ့ခေတ်အခါက အစိုးရနှင့် သတင်းစာဆက်ဆံရေးကို “ထိုစဉ်က သတင်းစာတို့နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့သည် အောင်ပကုလားဆွေသားမိတ်တူသဖွယ် ချစ်ခင်ရင်းနှီးကြသည်လည်း ရှိသည်။
ဓမ္မာသောကအင်းဝရာဇာ တစ်ဦးကိုတစ်ဦး ရှာနေကြသည်လည်းရှိ၏” ဟု ရေးသားခဲ့ဖူးသည်။ ဝန်ကြီးချုပ်ဦးနု မော်လမြိုင်တွင် တရားထိုင်ရန် တရားရိပ်သာဆောက်လုပ်ရေးအတွက် ရန်ပုံငွေကောက်ခံသည့်သတင်းကို ကြေးမုံက ဖော်ပြလိုက်သည့်အခါ ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်အဖြစ် ကြေးမုံအား တရားစွဲခွင့်ကို ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် တင်ပြရသည်။ ဝန်ကြီးအဖွဲ့ကလည်း လက်ခံလိုက်သည်။ သတင်းမှာ အမှန်ပင်ဖြစ်သော်လည်း ကြေးမုံကပင် တောင်းပန်ရသည့်အဖြစ် ရှိခဲ့သည်။ဂျာနယ်ကျော်မမလေးက“သတင်း စာ ဆရာဘဝဟာ ထောင်နှုတ်ခမ်းနင်းနေရတာပါပဲလား” ဟု သူ၏နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်သော “သူလိုလူ” တွင် ရေးသားခဲ့သည်။ သို့သော် ဂျာနယ်ကျော် ဦးချစ်မောင်က “သတင်းစာဟာ စင်စစ် ကလောင်နဲ့ အုပ်ချုပ်နေ Government ”ဟုပြောဆိုခဲ့သည်။
“အိုင်စီအက်စ်များ” ဟူသည့် ခေါင်းကြီးပိုင်းရေးသားမှုကြောင့် မြန်မာ့အလင်းသတင်းစာအား အစိုးရကပိတ်လိုက်သည့်အခါ ဦးချစ်မောင်သည် ဂျာနယ်ကျော်မှနေ၍ ကျွန်ုပ်တို့ကလည်း အစိုးရကို အတိအလင်းမေးရလိမ့်မည်။ အစိုးရကလည်း ကျွန်ုပ်တို့ကို အတိအလင်း ဖြေရလိမ့်မည်ဟု ပြင်းထန်သော ခေါင်းကြီးတစ်ပုဒ်ရေးသားလိုက်သည်။ ထိုခေါင်းကြီးအတွက် အစိုးရအတွင်းဝန်ဦးကျော်က ထိုမျှပြင်းပြင်းထန်ထန် မရေးရန်ပြောခဲ့ပြီး ရဲမင်းကြီး ပရက်စကော့က “ခင်ဗျားကို ဒီခေါင်းကြီးအတွက် ဒီနေ့ဖမ်းဖို့ရာ ဆိုင်ရှင်တောင်းလို့ ကျုပ်တားထားရတယ်။ ဒီလိုမရေးပါနဲ့” ဟု တောင်းပန်ရသည်အထိ ဖြစ်ခဲ့သည်။ သတင်းသမားများနှင့် အုပ်စိုးသူတို့မှာ ကြေးမုံဦးသောင်းပြောသည့် အောင်ပ ကုလားဆွေသားမိတ်တူထက် ဓမ္မာသောက အင်းဝရာဇာ ဖြစ်ရသည်ကသာ များနေမည် ထင်သည်။ ယခင်က နိုင်ငံတကာတွင်သာ သတင်းသမားများ အသေအပျောက်ရှိခဲ့သော်လည်း ယခုအခါ ကိုပါကြီးကဲ့သို့သော အဖြစ်ဆိုးများ မြန်မာပြည်တွင်ပေါ်ထွက်လာနေသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းမီဒီယာများ၏ အရေးပါပုံကို ပြောဆိုနေကြပြီး မကြာမီကပင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးအတွက်ပင် သတင်းမီဒီယာများက ကူညီကြရန်ဆိုလာသည့်အပြင် ပြည်ထောင်စုတရားသူကြီးချုပ်က တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့် သတင်းမီဒီယာများနှင့် ထိတွေ့ဆက်ဆံရန် စီစဉ်လျက်ရှိသည်ဟု လွှတ်တော်တွင်ဖြေကြားခဲ့သော်ငြား သတင်းမီဒီယာများအပေါ် အရေးယူမှုများက ယခုတလော စိပ်လာနေသည်။
အစိုးရသည် မိမိတို့ပြည်သူလူထုကို အသိပေးလိုသည်တို့ကို သတင်းမီဒီယာမှ အသိပေးနိုင်သကဲ့သို့ သတင်းမီဒီယာတို့၏ ထောက်ပြဝေဖန်မှုကိုလည်း ခံနိုင်ရည်ရှိမှသာ သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရဘဝသို့ ရောက်ရှိမည်သာဖြစ်သည်။
Credit - Eleven Media Group
No comments:
Post a Comment