Wednesday, November 19, 2014

သပိတ်မှောက်မှုကို ပညာရေးဝန်ကြီး ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို သက်ဆိုင်ရာ နည်းဥပဒေတွေမှာ ထည့်ပေးနိုင်ပေမယ့် ဥပဒေပြင်ဆင်/ပယ်ဖျက်ရေးကို အာမ မခံနိုင်ဘူးလို့ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က ပြောပါတယ်။ သပိတ်မှောက် ကျောင်းသားအရေး ပညာရေးဝန်ကြီး ဘာပြောလိုက်လဲ။

အမျိုးသားပညာရေး ဥပဒေမှာ မူဝါဒချမှတ်တဲ့ အဆင့်မှာပဲရှိပြီး လုပ်ငန်း အသေးစိတ်ကို သက်ဆိုင်ရာ နည်း ဥပဒေတွေ ထပ်မံရေးဆွဲရမှာဖြစ်လို့ ကျောင်းသားတွေ တောင်းဆိုချက်ကို အဲဒီဥပဒေတွေမှာ
ထည့်သွင်းပေးနိုင်တယ်လို့ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မင်းက ပြောပါတယ်။

ဒါပေမယ့် ဥပဒေပြုရေးကိစ္စဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပဲဖြစ်တာကြောင့် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်/ပယ်ဖျက်ရေးကို အာမ မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားတချို့ သပိတ်မှောက်နေတာနဲ့ ပတ်သက်ပြီး အဲဒီကျောင်းသားတွေ ပညာရေး ဥပဒေကို နားလည်တဲ့အထိ ရှင်းပြသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောပါတယ်။

“ဆန္ဒပြတဲ့ကျောင်းသားတွေ ဆိုတာလည်း ကိုယ့်သားသမီးတွေပါပဲ။ ဘာမှပိတ်ပင် တားဆီးဖို့ မရှိပါဘူး။ သူတို့ ဒီဥပဒေကို နားလည်လာတဲ့အထိ ရှင်းပြသွားမှာပါ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ဆန္ဒပြကျောင်းသားတွေကို ရှင်းပြဆွေးနွေးတာကို ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ပြုလုပ်မှာ မဟုတ်ဘဲ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက တာဝန်ယူ လုပ်ဆောင်မယ်လို့ ဒေါ်ခင်စန်းရီက ပြောပါတယ်။

ဒေါက်တာ အောင်မင်းကတော့ “သူတို့ လာဆွေးနွေးရမယ်။ ကျွန်တော်တို့ဘက်က အမြဲ တံခါးဖွင့်ထားပါတယ်” လို့ ထပ်မံပြောဆိုပါတယ်။

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အစိုးရက လာရောက်ညှိနှိုင်း ဖြေရှင်းပေးဖို့ သပိတ်မှောက် ကျောင်းသားတွေ ကြေညာလိုက်ပြီး ရန်ကုန်မြို့တော်မှာ လေးရက်ကြာ ပြုလုပ်ခဲ့တဲ့ သပိတ်မှောက်မှုကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ စတင် ရပ်နားလိုက်ပါတယ်။

ရက်ပေါင်း ခြောက်ဆယ်အတွင်း မဖြေရှင်း ပေးရင် တစ်ပြည်လုံး အတိုင်းအတာနဲ့ ကျောင်းသားလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေဟာ ကျောင်းသားထု လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ကန့်သတ်ထိန်းချုပ်ထားတယ် ဆိုပြီး တက္ကသိုလ်ကျောင်းသားတွေက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်ဆန္ဒပြခဲ့ကြပါတယ်။


Credit - The Voice


No comments:

Post a Comment