![]() |
အစိုးရတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေဆုံးသွားသော ဗိုလ်လောင်းသင်တန်းသားများ၏ အသုဘအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ − Htingnai Tsa Bawk) |
ကေအိုင်အေဗိုလ်လောင်းများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီးနောက် ဗဟိုဌာနချုပ်နှင့် နီးကပ်စွာ တပ်စွဲထားသည့် မြန်မာ့တပ်မတော်တပ်စခန်းများကို ရုပ်သိမ်းပေးရန် ကေအိုင်အိုက တောင်းဆိုလိုက်ပြီး မြန်မာ့တပ်မတော်ကမူ တမင်ရည်ရွယ်ချက်ဖြင့် ပစ်ခတ်jခင်းမဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
နိုဝင်ဘာ ၁၆ နှင့် ၁၇ ရက်က မန်စီမြို့နယ်အတွင်း ပုံမှန်တာဝန်လဲလှယ်သော တပ်မတော် စစ်ကြောင်းများကို ကေအိုင်အေဘက်က ပစ်ခတ်၍ စစ်သည်ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ (ကေအိုင်အို)ထံ နှောင့်ယှက်ပစ်ခတ်မှု မပြုရေးနှင့် နှောင့်ယှက်လာပါက လိုအပ်သလို တန်ပြန်အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးအကြောင်းကြားထားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက် တွင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၉ ရက်ကလည်း တပ်မတော်၏ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်း ဖောက်လုပ်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တပ်မတော်စစ်ကြောင်းက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရပြီး တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန်သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေစခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုဝင်ဘာ ၁၉ ရက်က ခရာဘွမ်တောင်ကြောတွင် တပ်စွဲ ထားသော မြန်မာ့တပ်မတော်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံး၍ သင်တန်းနည်းပြများအပါအ၀င် ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအိုင်အိုကဆိုသည်။
သေဆုံးခဲ့သော ဗိုလ်လောင်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ချင်းအမျိုးသားတပ်မတော် စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ သင်တန်း လာရောက်တက်နေသည့် ဗိုလ်လောင်းများလည်း ပါဝင်ခဲ့သည်။
နှစ်ဖက် ဖြစ်ပွားနေသော ပြဿနာများကို ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့က လစဉ် ပုံမှန် တွေ့ဆုံဆွေးနွေး၍ စစ်ရှိန်လျှော့ချနိုင်ရန် ကြိုးပမ်းနေစဉ် ကာလအတွင်း ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ကေအိုင်အိုဗဟိုကော်မတီက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ချောမွေ့စွာ အောင်မြင်နိုင်ရန် ဗဟိုဌာနချုပ် နှင့် နီးစပ်စွာဖြန့်ကြက်ထားသော ခရာဘွမ် တောင်ကြော တစ်လျှောက်မှ လက်နက်ကြီးများနှင့် တပ်စခန်းများကို ရုပ်သိမ်းပေးရန် ကေအိုင်အိုက တောင်းဆိုလိုက်သည်။
ယခု ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် ထိခိုက်လာစေနိုင်ပြီး လိုင်ဇာမြို့ အနီးရှိ မြန်မာ့တပ်မတော်စခန်းများ ရုပ်သိမ်းပေးရန်အကြောင်း ကြားစာကိုလည်း UPWC ဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ လိပ်မူ၍ ကေအိုင်အိုက ပေးပို့ခဲ့ပြီး မိတ္တူ ကိုလည်း ကုလအဖွဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန်ထံသို့လည်း ပေးပို့ခဲ့သည်။
‘‘အခုထိတော့ အကြောင်း မပြန်သေးဘူး။ ဘယ်လိုဆက်လုပ်မလဲဆိုတာက ဒီအကြောင်းပြန်တဲ့အပေါ်မှာပဲ မူတည်တယ်’’ ဟု ကေအိုင်အေထိပ်ပိုင်းအရာရှိတစ်ဦးက နိုဝင်ဘာ ၂၀ ရက်ည နေတွင် ပြောသည်။
မြန်မာ့တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းထံဆက်သွယ်၍ တပ်မတော်၏သဘောထားနှင့် သတင်းထုတ်ပြန်ရန် အစီအစဉ် ရှိ၊မရှိ ဆက်သွယ်မေးမြန်းခဲ့ရာ စာနယ်ဇင်း ကောင်စီနှင့် ယခင်ညှိနှိုင်းသဘောတူညီချက်များအရသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးက ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ပွင့်လင်းရာသီ လမ်းများဖောက်လုပ်ရာတွင် လုံခြုံရေးဆောင်ရွက်သော တပ်မတော်စစ်ကြောင်းများကို ကေအိုင်အေဘက်က တမင်လာရောက်ပစ်ခတ်မှုများကြောင့်သာ သတိပေးသည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာ ၂၀ ရက်ညနေတွင် ပဋိ ပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ အစိုးရဘက် တာဝန်ရှိသူများက မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲတွင် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ပစ်ခတ်တိုက်ခိုက်မှုများမပြုလုပ်ရန် ကြိုတင်အကြောင်းကြားညှိနှိုင်းထားသော်လည်း ကေအိုင်အေဘက်က ပစ်ခတ်မှုများရှိသည့်အတွက်ကြောင့် ပြန်သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
‘‘မမျှော်လင့်ဘဲနဲ့ သွားရောက်ပြီးတော့ သတိပေးတဲ့အနေနဲ့ ပြန်ပစ်ခတ်ရင်းနဲ့ ဖြစ်ပွားခဲ့တဲ့ အနေအထားဖြစ်ပါတယ်’’ဟု နယ်လုံဝန်ကြီးကပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုဖြစ်စဉ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့ စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က ပြင်းထန်စွာရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် များစွာ အဟန့်အတားဖြစ်စေကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ကလည်း လိုအပ်သော စုံစမ်းအရေးယူမှုများ ပြုလုပ်ဆောင်ရွက်ပေးရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
သေဆုံးသွားသူများအတွက် အောက်မေ့ဆုတောင်းပွဲများကို မြစ်ကြီးနား၊ လိုင်ဇာ အပါအ၀င် ပြည်ပနိုင်ငံအချို့တွင် နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ အတွက် ဆန္ဒဖော်ထုတ်ပွဲကို နို ၀င်ဘာ ၂၂ ရက်မှစတင်၍ နှစ်ရက်ကြာ မြစ်ကြီးနားမြို့ မနောကွင်း ရှေ့၌ ပြုလုပ်သွားရန် စီစဉ်နေကြောင်းဒေသတွင်း အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment