
“ကျွန်တော်တို့မှာ ခေါင်းဆောင်များ ကိုယ်စီရှိကြတယ်။ ထိုခေါင်းဆောင်များရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ ခေါ်ဆောင်မှုနောက်ကို လိုက်ပါလှုပ်ရှားနေကြရတယ်။ ခေါင်းဆောင်များ၏ တွေးခေါ်မြော်မြင်မှု၊
အရည်အချင်း မှန်ကန်ကောင်းမွန်မှု၊ ညံ့ဖျင်းမှားယွင်းမှုပေါ် မူတည်ပြီး လက်ရှိပစ္စုပ္ပန်အကျိုးနဲ့ အနာဂတ်ဘ၀ အကျိုးဆက်များကို ရရှိခံစားရမည်သာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်ရွေးတတ်ဖို့ အရေးကြီးတယ်။”အထက်ပါအယူအဆကို မိတ်ဆွေများအား ပြောပြရာ တချို့ကလက်ခံတယ်။ တချို့က လက်မခံနိုင်ဟု ဆိုပါတယ်။ လက်မခံနိုင်တဲ့မိတ်ဆွေက ပြောတယ်။ ငါ့မှာ ခေါင်းဆောင်မရှိ။ ဦးဆောင်လမ်းညွှန်မယ့်သူမရှိ။ ဘယ်သူရဲ့နောက်လိုက်မှ မဟုတ်။ ငါသာလျှင် ငါ့ဘ၀ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ငါ့ရဲ့ယုံကြည်ချက်၊ ခံယူချက်၊ ဆုံးဖြတ်ချက်များအတိုင်း လွတ်လွတ်လပ်လပ် ပြုမူနေထိုင်တယ်လို့ ပြောပါတယ်။ မိတ်ဆွေရဲ့ အသိအမြင်ဟာ ယေဘုယျအားဖြင့် မှန်ကောင်းမှန်ပါလိမ့်မယ်။ လေးနက်ကျယ်ပြန့်စွာ ရှုမြင်တွေးခေါ်ကြည့်မယ်ဆိုရင်တော့ လူတစ်ဦးတစ်ယောက်ဟာ ခေါင်းဆောင်မှု၊ ဦးဆောင်လမ်းညွှန်မှု တစ်ခုခုအောက်မှာ လှုပ်ရှားပြုမူနေကြရတယ်ဆိုတာ သိနိုင်ပါတယ်။
ကျွန်တော်တို့ လူသတ္တ၀ါအားလုံး ကမ္ဘာကြီးရဲ့ ဦးဆောင်ခေါ်ယူမှုနောက်ကို လိုက်ပါနေကြရပါတယ်။ ကမ္ဘာကြီးက သွားနေကျလမ်းကြောင်းအတိုင်း သွားမြဲသွားနေတယ်။ မွေးတဲ့အချိန်ကနေ ဒီနေ့အချိန်အထိ သမားရိုးကျသွားနေတဲ့ လမ်းဟောင်းကြီးအတိုင်း လိုက်ပါစီးမျောနေရတာ ငြီးငွေ့မိတယ်။ ဒါကြောင့် လမ်းကြောင်းအသစ်ကို သွားစေချင်တယ်။ နေ့စဉ်နဲ့အမျှ တွေ့မြင်ခံစားနေရတဲ့ အတွေ့အကြုံဟောင်းတွေအစား အတွေ့အကြုံသစ်ကို ခံစားကြည့်ချင်တယ်။ ဒါပေမဲ့ ခုချိန်အထိတော့ ဖြစ်မလာသေးပါဘူး။ ကမ္ဘာကြီးရဲ့ ဦးဆောင်ခေါ်ဆောင်ရာနောက်ကိုသာ လိုက်နေကြရတဲ့ နောက်လိုက်လူသားများသာ ဖြစ်နေပါသေးတယ်။ သူရဲ့ဆန္ဒသဘောထားကို ကျွန်တော်တို့ မလွန်ဆန်နိုင်ပါဘူး။ မလိုက်ဘူးလို့လည်း မငြင်းဆန်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကံဆိုးကံကောင်း ခံစားရမှုကတော့ ခေါင်းဆောင်လုပ်သူက ကမ္ဘာကြီးမှာသာ တာဝန်အပြည့်ရှိပါတယ်။ တကယ်လို့များ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှား ဥက္ကာပျံ၊ ဥက္ကာခဲတွေ ၀င်တိုက်ရင်လည်း ခံရမှာပါပဲ။
လူတို့ရဲ့ ယဉ်ကျေးမှုလက္ခဏာများကို နှစ်မျိုးနှစ်စား သတ်မှတ်လာကြပါတယ်။ ဒြပ်ရှိယဉ်ကျေးမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတို့ ဖြစ်တယ်။ ပုဂံ၊ တကောင်း၊ သရေခေတ္တရာ၊ ပျူ၊ ဗိဿနိုးတို့ဟာ ဒြပ်ရှိယဉ်ကျေးမှုဖြစ်ပြီး လူတို့ရဲ့ဘာသာစကား ဓလေ့စရိုက်ထုံးစံတို့က ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ထို့အတူ ကျွန်တော်တို့ရဲ့ခေါင်းဆောင်မှု၊ ဦးဆောင်လမ်းညွှန်မှုမှာလည်း ဒြပ်ရှိခေါင်းဆောင်နဲ့ ဒြပ်မဲ့ခေါင်းဆောင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒြပ်ရှိခေါင်းဆောင်ကိုတော့ မြင်ရပါတယ်။ ဒြပ်မဲ့ခေါင်းဆောင်ကိုတော့ မမြင်ရပါဘူး။ ဒါကြောင့် လက်မခံနိုင်တဲ့ မိတ်ဆွေက သူ့မှာခေါင်းဆောင်မှု ဦးဆောင်မှုမရှိဘူးလို့ ပြောတာပဲဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ သခင်နုတို့ဟာ ကျွန်တော်တို့မြင်ရတဲ့ ဒြပ်ရှိခေါင်းဆောင်များ ဖြစ်ပါတယ်။
မမြင်ရတဲ့ ဒြပ်မဲ့ခေါင်းဆောင်တို့ကတော့ နှစ်ဦးရှိပါတယ်။ အ၀ိဇ္ဇာနဲ့ ၀ိဇ္ဇာပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်နှစ်ဦးတို့ရဲ့ ဦးဆောင်ခေါ်ဆောင်ရာနောက်ကို လူသားတိုင်း လိုက်ပါလှုပ်ရှားနေကြရပါတယ်။ သူတို့နှစ်ဦးက တစ်ချိန်တည်းမှာ ခေါင်းဆောင်မှုမရနိုင်ပါဘူး။ တစ်လှည့်စီသာ ခေါင်းဆောင်မှု ရနိုင်ပါတယ်။ မသိနားမလည်မှုဆိုသော အ၀ိဇ္ဇာသည် မကောင်းမှုအကုသိုလ်ဖြစ်ရာလမ်းဆီသို့ ဦးဆောင်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ တတ်သိနားလည်မှုဆိုသော ၀ိဇ္ဇာကတော့ ကုသိုလ်ကောင်းမှုဆီသို့ ခေါ်ဆောင်သူ ခေါင်းဆောင်ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟပေါ် အခြေခံပြီး မရှက်ခြင်း၊ မကြောက်ခြင်း၊ မရှက်တရား၊ မကြောက်တရားဝါဒကို ကိုင်စွဲထားတဲ့ အ၀ိဇ္ဇာခေါင်းဆောင်ရဲ့ ဦးဆောင်နိုင်ခွင့် များများရလေလေ ကျွန်တော်တို့ မကောင်းမှုဆိုးကျိုးများ ခံစားရလေ ဖြစ်ပါတယ်။
ဒုက္ခဆင်းရဲဆိုတာ အမှားများမှ လာပါတယ်။ အပြောမှား၊ အလုပ်မှား၊ အတွေးအကြံမှားတို့မှ ဖြစ်လာပါတယ်။ မှားတာကလည်း မသိနားမလည်မှု အ၀ိဇ္ဇာကတဆင့် ဖြစ်ထွန်းလာပါတယ်။ ချမ်းသာခြင်းသုခကတော့ သိနားလည်မှု အပြောမှန်၊ အလုပ်မှန်၊ အတွေးမှန်ဖြစ်တဲ့ ၀ိဇ္ဇာမှလာပါတယ်။ ဒါကြောင့် မြတ်စွာဘုရားကလည်း အကောင်းဆုံးသောအရာမှာ သိနားလည်မှု ၀ိဇ္ဇာတိုးတက်မှုဖြစ်တယ်။ မသိနားမလည်မှု အ၀ိဇ္ဇာလျော့ကျခြင်းဖြစ်တယ်လို့ ဟောပြောခဲ့ပါတယ်။
ဒြပ်ရှိခေါင်းဆောင်ကိုတော့ မြင်ရပါတယ်။ ဒြပ်မဲ့ခေါင်းဆောင်ကိုတော့ မမြင်ရပါဘူး။ ဒါကြောင့် လက်မခံနိုင်တဲ့ မိတ်ဆွေက သူ့မှာခေါင်းဆောင်မှု ဦးဆောင်မှုမရှိဘူးလို့ ပြောတာပဲဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ သခင်နုတို့ဟာ ကျွန်တော်တို့မြင်ရတဲ့ . . . . .
တောအုပ်တစ်ခုရဲ့ သစ်ပင်ကြီးမှာ မျောက်အုပ်တစ်အုပ်နေကြတယ်။ ခေါင်းဆောင်လုပ်သူက ဘုရားလောင်းမျောက်မင်း ဖြစ်တယ်။ မြစ်ကမ်းနားမှာရှိနေတဲ့ သရက်ပင်ကြီးက သရက်သီးဟာ အလွန်အရသာထူးကဲတယ်။ ခေါင်းဆောင်လုပ်သူ ဘုရားလောင်းက တွေးမြင်ဆင်ခြင်မိတယ်။ ထိုသရက်သီးက သူတို့မျောက်မျိုးနွယ်တို့အတွက် အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့် မြစ်ရေပြင်ပေါ်မှာရှိနေတဲ့ သရက်သီးတွေကို ဖျက်ဆီးခိုင်းတယ်။ ကျန်နေခဲ့တဲ့ သရက်သီးတစ်လုံး မြစ်ရေထဲကြွေကျမျောပါရာကနေ လူသားတို့ဆီ ရောက်သွားတယ်။ လူသားတို့ သရက်သီးရှာရင်း ရောက်လာကြတယ်။ မျောက်အပေါင်း ထိုနေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ခေါင်းဆောင်သူမျောက်မင်းရဲ့ တတ်သိနားလည်မှု တွေးခေါ်မြော်မြင်မှုက မျောက်တို့ရဲ့အကျိုးကို ကြိုတင်စီမံလမ်းညွှန်မှုပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခေါင်းဆောင်၏ ၀ိဇ္ဇာဆိုသော တတ်သိနားလည်မှု အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။
ဘုရားလောင်းခေါင်းဆောင်တဲ့ ကုန်သည်တို့ တောအုပ်တစ်နေရာမှာ မှည့်ရွှန်းနေသော သရက်သီးများကို တွေ့ကြတယ်။ ၀ါဝင်းမှည့်ရွှန်းနေတဲ့ သရက်သီးတွေနဲ့ ပြည့်နေတဲ့ သရက်ပင်ဟာ နိမ့်လည်းနိမ့်တယ်။ လူနေအိမ်ခြေရွာနဲ့လည်း နီးတယ်။ ကုန်သည်အချို့စားပြီး မူးဝေအော့အန်ကြတယ်။ ဘုရားလောင်းက ဆင်ခြင်စဉ်းစားပြီး တားမြစ်တယ်။ မစားကောင်းသော အဆိပ်ရှိတဲ့အသီး ဖြစ်မယ်။ လူတို့ရဲ့ ထောင်ချောက်ဆင်ထားတာ ဖြစ်မယ်။ လူနေအိမ်ခြေရွာနဲ့နီးပြီး ခူးဆွတ်ဖို့လည်း လွယ်ကူတယ်။ ၀ါဝင်းမှည့်ရွှန်းနေတဲ့ အသီးကို မစားကောင်းလို့သာဖြစ်လိမ့်မယ်လို့ တွေးခေါ်ဆင်ခြင်နိုင်မှုကြောင့် နောက်လိုက်ကုန်သည်တို့၏ အသက်၊ ဓနဥစ္စာတို့ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ခေါင်းဆောင်လုပ်သူရဲ့ တတ်သိနားလည်မှုဆိုသော ၀ိဇ္ဇာဉာဏ် မြင့်မားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဒြပ်ရှိခေါင်းဆောင်တို့ရဲ့ လက်ရုံးရည် နှလုံးရည်နှင့် သူတို့တွင်ရှိသော အ၀ိဇ္ဇာနှင့် ၀ိဇ္ဇာကြီးစိုးမှု၊ မကောင်းမှုကို ပြုရမှာရှက်ခြင်း၊ ကြောက်ခြင်းတို့ကြောင့် ကျွန်တော်တို့တွေ အကောင်းအဆိုး သုခ၊ ဒုက္ခတွေ ခံစားရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုကြောင့် လွတ်လပ်ခြင်းသုခချမ်းသာကို ခံစားရတယ်။ အ၀ိဇ္ဇာနဲ့ အလိုဆိုးကြီးစိုးသော ခေါင်းဆောင်လုပ်သူတွေကြောင့် ကျွန်တော်တို့ ဆိုးကျိုးဒုက္ခတွေ ခံစားရတာ အားလုံးအသိပင် ဖြစ်ပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ဖို့ နိုင်ငံသားတို့ရဲ့ (mind set) များ ကောင်းမွန်မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုကြတယ်။ ထို့အတူ နိုင်ငံသားတို့ကို ဦးဆောင်မှုပြုတဲ့ ခေါင်းဆောင်တို့ရဲ့ (mind set) ကောင်းမွန်မြင့်မား မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်ရာမှာ မြင်ရတဲ့ စွမ်းဆောင်ရည်များ၊ ပြုမူပြောဆိုမှုများကိုသာ ကြည့်ရှုအကဲဖြတ်နိုင်ပါတယ်။ မမြင်ရတဲ့အရာဖြစ်တဲ့ ထိုခေါင်းဆောင်၏ လောဘ၊ ဒေါသ၊ မောဟပေါ်မှာ အခြေခံတဲ့ အ၀ိဇ္ဇာတရား၊ မရှက်မကြောက်တရားများကို ရှုမြင်သိရှိဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ နိုင်ငံသားတို့အနေနဲ့ အနီးစပ်ဆုံး အမှန်ကန်ဆုံးဖြစ်အောင် ဝေဖန်ရှုမြင်ဖို့တော့ အရေးကြီးပါတယ်။ မိမိတို့ရဲ့ ဘ၀ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းခေါင်းဆောင်မှန်ကို ရွေးချယ်တတ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အလွန်အရေးကြီးလှပါတယ်။
မြင်ရတဲ့ ပြုမူဆောင်ရွက်မှု၊ ပြောဆိုမှုတို့က မမြင်ရတဲ့ ယုံကြည်မှု ခံယူမှု သဒ္ဓါတရားပေါ်မှာ မှီတည်နေပါတယ်။ မမြင်ရတဲ့ ယုံကြည်မှု၊ ခံယူမှု၊ သဒ္ဓါတရားကို မြတ်စွာဘုရားကိုယ်တိုင်ပင် အာမ,မခံနိုင်ပါဘူး။ ရှင်သီဝလိရဲ့ဖခင်နဲ့ သူဌေးကြီးတစ်ဦးတို့ ဆွမ်းစားပင့်တာ ရက်တိုက်ဆိုင်နေရာမှာ သူဌေးကြီးကို ရက်နောက်ဆုတ်ပေးဖို့ တိုက်တွန်းခဲ့တယ်။ သူဌေးကြီးက မြတ်စွာဘုရားထံမှ အာမခံတောင်းတယ်။ သူ့ရဲ့ အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ သဒ္ဓါတရားတို့ မပျက်ဆီးဖို့ အာမခံရင် နောက်ဆုတ်ပေးပါမယ်လို့ ဆိုတယ်။ မြတ်စွာဘုရားက အသက်ခန္ဓာနဲ့ စည်းစိမ်ဥစ္စာကိုတော့ အာမခံတယ်။ မမြင်ရတဲ့ စိတ်ခံစားမှုဖြစ်သော ယုံကြည်မှုသဒ္ဓါတရားကိုတော့ အာမ,မခံနိုင်ပါဘူးလို့ ဆိုခဲ့တယ်။ မိမိရဲ့ ယုံကြည်မှုသဒ္ဓါတရားကို မိမိကိုယ်တိုင်သာ စောင့်ရှောက်ရမယ်လို့ မိန့်ကြားခဲ့ပါတယ်။ မိမိကိုယ်တိုင်စောင့်ရှောက်နိုင်သော ခေါင်းဆောင်ကောင်းကို ရွေးချယ်မိဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။
Credit - Eleven Media Group
No comments:
Post a Comment