Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
စာရေးသူတို့နိုင်ငံက ရာစုနှစ်ဝက်ကျော်လောက် နိုင်ငံတိုးတက်မှု နှောင့်နှေးခဲ့တာကြောင့် အဘက်ဘက်မှာ အောက်ဆုံးအထိ ကျဆင်းလာခဲ့တယ်။ ရှေ့မှာလျှောက်ခဲ့သူတွေက ဖြည်းဖြည်းလျှောက်ပြီး သူတို့အိတ်ထဲဖောင်းအောင် ထည့်သွားခဲ့ကြတယ်။ အခုလည်း ဒီမိုကရေစီကို အရောင်ပြပြီး နောက်ကနေ ကြိုးဆွဲထားတာကြောင့် မြန်မြန်မသွားနိုင်ဘဲ ဖြေးဖြေးသာလျှောက်လှမ်းနေကြရဆဲ ဖြစ်တယ်။ အရင် ရှေ့ကသွားသူက အသက်ရလာပြီဆိုတော့ သူ့ခမျာ မြန်မြန်မလျှောက်နိုင်တာကြောင့် သူ့ကိုငဲ့ပြီး နှေးနှေးလျှောက်နေကြရတယ်။
နှေးနှေးလျှောက်ခိုင်းတာမှာ အကြောင်းအမျိုးမျိုးရှိတယ်။ သူက ရှေ့ကနေသွားပြီး ရသမျှကောက်ယူကာ အိတ်ထဲပြည့်အောင် ထည့်ခဲ့တာတွေကို ယိုယွင်းမသွားစေလိုတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ကျင့်သုံးနေတာမို့ သူ့နောက်ကနေလိုက်ရတဲ့ သူ့ကျေးဇူးခံ ကျေးဇူးစားတွေက သူတို့ဆရာကို ကြောက်လည်းကြောက် ရွံ့လည်းရွံ့နေကြရဆဲမို့ ပြေးဖို့ဝေလာဝေး၊ မြန်မြန်သော်မှမလျှောက်နိုင် နှေးနှေးပဲလျှောက်လှမ်းနေကြရတယ်။
ဒီကနေ့ခေတ်က သတင်းခေတ်မို့ မိမိတို့ တစ်ဦးချင်းရဲ့ လုပ်ဆောင်ချက် ကောင်းတာဆိုးတာတွေက အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကို တန်းရောက်သွားနိုင်တယ်။ အဲဒီ့မှာ ဖွချင်တဲ့သဘောနဲ့ အင်တာနက် စာမျက်နှာပေါ် တင်တာလည်းရှိတယ်။ ၂၁ ရာစုမှာ ဘာတွေပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် စေတနာမှန်ကန်စွာ တွဲလုပ်ဆောင်နိုင်ကြဖို့ လိုအပ်တယ်။ မိမိနိုင်ငံနဲ့ မိမိနိုင်ငံသားအရေးကို ရှေ့တန်းတင်လုပ်ဆောင်ပေးကြရမှာ ဖြစ်တယ်။ လူနည်းစုအကျိုးကို မကြည့်ဘဲ လူများစုအကျိုးကိုသာကြည့်ပြီး ဆောင်ရွက်တတ်ကြဖို့ လိုအပ်တယ်။ အရေးကြီးတာက နာမည်ကောင်းကျန်ရစ်စေဖို့ပါ။
မသေခင်မှာ မကောင်းတာမဟုတ်တာ မှန်သမျှလုပ်ဆောင်ခဲ့ပြီး အဲဒီလိုလူတွေက သေခါနီးနိမိတ်ပုံပေါ်မှ နောင်တရကာ လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း နောက်ကျအသိမရှိစေဘဲ မသေမီကောင်းမွန်သော လုပ်ဆောင်ချက်တွေကို မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအကျိုး သယ်ပိုးရွက်ဆောင်ကြဖို့ လိုအပ်တယ်။ အင်္ဂလိပ်စကားတစ်ခုမှာ Slow and steady wins the race ဆိုတာရှိတယ်။ သို့ပေမယ့် စာရေးသူတို့နိုင်ငံလို အရာရာမှာ အောက်တန်းနောက်တန်းကျနေတဲ့ နိုင်ငံအဖို့ သူများက ခြေတစ်လှမ်းလှမ်းရင် ကိုယ်ကခြေလှမ်းများများလှမ်းဖို့ လိုအပ်တယ်။ အခု ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းရာမှာ ပန်းတိုင်ကို အယောင်သာပြထားပြီး ရှေ့ကလူကို အကာအကွယ်ပေးနိုင်စေဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုနေတယ်။ ဒီကနေ့ ပြည်သူလူထုက လူအတွေငအတွေ မဟုတ်တော့ဘဲ အင်တာနက်နဲ့ အကျွမ်းဝင်နေတာမို့ နိုင်ငံတကာ သတင်းတွေနဲ့ အမြဲထိတွေ့နေတယ်။ အာရုံပြောင်းလုပ်ဆောင်ချက်တွေ၊ နှုတ်ကနေ အချိုသတ်ပြောပြီး လက်တွေ့နဲ့ကွာခြားတဲ့ လုပ်ဆောင်မှုတွေက အတွင်းသန္တာန်ကို ပေါ်လွင်စေတာဖြစ်တယ်။
နိုင်ငံကိုအုပ်ချုပ်မယ့်သူက မိမိနိုင်ငံတိုးတက်ဖို့ မိမိနိုင်ငံသားတွေ စားရေး၊ ၀တ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါး ပြေလည်နိုင်စေဖို့အတွက်က စဉ်းစားမျှော်ခေါ် အလုပ်လုပ်ကြရတာဖြစ်တယ်။ ဒီကနေ့အခြေအနေက နေရာတိုင်းမှာ ၀ိုင်းဝန်းပူးပေါင်း လုပ်ဆောင်မှုတွေ လိုအပ်နေတယ် . . . . .
အာဏာရှင်ပုံစံနဲ့ ငါတို့ပြောချင်ရာပြော လုပ်ချင်တာလုပ်မယ်ဆိုတာနဲ့ မိမိနိုင်ငံကို အောက်တန်းနောက်တန်း ကျနေစေတာဖြစ်တယ်။ ခေါင်းဆောင်ဖြစ်လာရင် နည်းနည်းပြော များများနားထောင်ရမယ်ဆိုတာ ရှိတယ်။ အပြောမှားရင် ဆဲသလိုဖြစ်သွားတတ်တယ်။ ခေါင်းဆောင်နေရာရလာရင် အပြောအဆို ဆင်ခြင်တတ်ရမယ်။ မပြောခင် ဘာတွေပြောမလဲ ကြိုတင်စဉ်းစားထားရမယ်။ ပြောလို့ အမှားပါသွားရင်လည်း တစ်ခါတည်း ချက်ချင်းပြန်လည် တောင်းပန်ကြရမယ်။ ငါပြောတဲ့အတိုင်းလုပ်ဆိုတာက အာဏာရှင်ပုံစံဖြစ်တယ်။ စစ်တပ်တွေမှာ အဆင့်ဆင့် အမိန့်နာခံကြရတယ်။ အထက်လူက အပြောမှားရင်လည်း ပြန်ပြောလို့မရဘူး။ အလုပ်မှားရင်လည်း ပြန်ပြောလို့မရဘူး။ ဒီပုံစံနဲ့ နိုင်ငံသားတွေကို အုပ်ချုပ်ရာမှာ စစ်တပ်ပုံစံအုပ်ချုပ်လို့ မရပါ။
နှစ်ပေါင်း (၅၀) ကျော် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခံရတာ နည်းတဲ့နှစ်မှတ်လို့။ အဓိကဖြစ်ရပ်က နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြီး မညီညွတ်ခဲ့ကြလို့ဖြစ်တယ်။ နွားကွဲရင် ကျားဆွဲလိမ့်မယ်ဆိုတဲ့ စကားလည်းရှိတယ်။ ပြည်ထောင်စုနိုင်ငံဆိုတဲ့အတိုင်း ပြည်ထောင်စုသားအချင်းချင်း စည်းစည်းလုံးလုံးနဲ့ စုစည်းနေထိုင်ကြရမှာဖြစ်တယ်။ မိမိနိုင်ငံသားအချင်းချင်း တိုက်နေတဲ့ တိုက်ပွဲတွေကြောင့် မြေစာပင်ဖြစ်တဲ့ ပြည်သူလူထုတွေပဲ ပြေးရလွှားရနဲ့ ဒုက္ခရောက်ကြရတာဖြစ်တယ်။ နှစ်ကိုယ့်တစ်စိတ်ဆိုတာလို ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ နေထိုင်ကြသူတွေ အားလုံးက တစ်စိတ်တစ်ဝမ်းတည်းစိတ်ဓာတ် ထားရှိနိုင်ကြရမှာ ဖြစ်တယ်။
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ပြီး အေးအတူပူအမျှ နေထိုင်ကြရမှာဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်ပုံစံကို လေ့လာကြရမှာဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ ပြည်နယ် ၅၀ ရှိတယ်။ ပြည်နယ်တိုင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦးစီကနေ ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ အုပ်ချုပ်တယ်။ ပြည်နယ်တိုင်းက အုပ်ချုပ်ရေးမှူးတွေကနေ မိမိနိုင်ငံ မိမိနိုင်ငံသားတွေအတွက် ရှေ့တန်းတင်ဆောင်ရွက်ပေးသူက ပြည်သူ့အကြိုက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံလာကြရတာဖြစ်တယ်။ မိမိနိုင်ငံသားတွေအတွက် ရှေ့တန်းတင်ဆောင်ရွက်ရာမှာ အပြောနဲ့သာမရဘဲ လက်တွေ့အလုပ်နဲ့ သက်သေပြပေးရတယ်။ ပြည်သူတွေကမကြိုက်ရင် သမ္မတကနေ ဆင်းပေးရတယ်။
နိုင်ငံကိုအုပ်ချုပ်မယ့်သူက မိမိနိုင်ငံတိုးတက်ဖို့ မိမိနိုင်ငံသားတွေ စားရေး၊ ၀တ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါး ပြေလည်နိုင်စေဖို့အတွက်က စဉ်းစားမျှော်ခေါ် အလုပ်လုပ်ကြရတာဖြစ်တယ်။ ဒီကနေ့အခြေအနေက နေရာတိုင်းမှာ ၀ိုင်းဝန်းပူးပေါင်း လုပ်ဆောင်မှုတွေ လိုအပ်နေတယ်။ ၂၄-၁၀-၂၀၁၄ နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ရန်ကုန်မြို့တွင်း ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်မှုတွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားတာ ဖတ်လိုက်ရတယ်။ စေတနာ့ဝန်ထမ်းထက် စာရေးသူ Daily Eleven မှာ ရေးသားခဲ့တဲ့ အခုလို ပူးပေါင်းဆောင်ရွက်ပေးသူတွေကို ဒဏ်ကြေးကနေ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုနဲ့ ပြန်လည်ပြီး လုပ်အားခအဖြစ် ချီးမြှင့်ပေးနိုင်ရင် ပိုကောင်းမယ်။ စာရေးသူအမြင်က မြန်မြန်ပဲလျှောက်လျှောက် နှေးနှေးပဲလျှောက်လျှောက် စိတ်ရင်းစေတနာမှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့ကသာ အဓိကဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။
Credit - Eleven Media Group
No comments:
Post a Comment