Wednesday, November 19, 2014

အမေရိကန်အားကိုးပြီး အမေကျော် ဒွေးတော်လွမ်းတာ မလိုလားဘူးလို့ ဦးရွှေမန်းပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၈

အမေရိကန်နိုင်ငံကို အားကိုးပြီး အမေကျော် ဒွေးတော်လွမ်းတဲ့ ကိစ္စရပ်တွေကို မလိုလားဘူးလို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။
အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာ ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတာကို လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။
“အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို မပြောလိုဘူး၊ ဒါပေမယ့် အမေရိကန်ဟာ အမေရိကန်ပဲ၊ မြန်မာဟာ မြန်မာပဲ၊ ဒါကြောင့် အမေရိကန်နိုင်ငံကို အားကိုးပြီးတော့
အမေကျော် ဒွေးတော်လွမ်းတဲ့ ကိစ္စရပ်တွေ အားလုံးကို မိမိတို့ အနေနဲ့ မလိုလားဘူး” လို့ ဦးရွှေမန်းက ရှင်းပြပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောဆိုလိုက်တာပါ။
တပ်မတော်အစိုးရ လက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်သမ္မတ၏ အုပ်ချုပ်မှုအာဏာ EO-13441 အရ ပိတ်ဆို့ကန့်သတ် ခံသူများ စာရင်းမှာ အောက်တိုလ ၃၁ ရက်က စတင်ပြီး အမေရိကန်ပြည်ထောင်စု ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက ထည့်သွင်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက အမည်ပျက်စာရင်း တင်သွင်းတာကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်ခဲ့ကြပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment