Thursday, November 20, 2014

ပြည်သူလူထုအကျိုးအတွက် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်ပေးရန်

ပြည်သူလူထုအကျိုးအတွက် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တောင်းဆို
ပြည်သူ့အကျိုးအတွက် လက်ရှိလွှတ်တော်သက်တမ်းအတွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်ပေးရန် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတောင်းဆိုသည်။
နိုဝင်ဘာ ၁၉ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်၍ဆွေးနွေးရာတွင် ဦးသိန်းညွန့်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က "အခြေခံဥပဒေပုဒ်မကတော့ ၁၈၈ ပါ။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို သက်ဆိုင်ရာလူထုကပါဝင်ပြီးတော့ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲနိုင်ဖို့ ဒီအုပ်ချုပ်ရေးမှူးတွေကို လျှို့ဝှက်မဲနဲ့ရွေးချယ်ဖို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ဒီလိုပါပဲ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေကနေရွေးဖို့၊ သမ္မတကအတည်ပြုပေးဖို့၊ ၀န်ကြီးတွေကို သက်ဆိုင်ရာဝန်ကြီးချုပ်တွေကရွေးဖို့ တင်ပြခဲ့ပါတယ်။ နောက်တစ်ခုက ဒီနေ့နာမည်ပျက်နေတဲ့ တရားစီရင်ရေးစနစ်ကို ပြန်လည်တည့်မတ်နိုင်ဖို့ အကြံပြုချက်တင်ခဲ့ပါတယ်။ တရားရေးဝန်ကြီးဌာနဖွဲ့စည်းဖို့ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားပြန်လည်သင့်မြတ်ရေးအားနည်းနေတဲ့အချိန်မှာ ရေးဆွဲခဲ့ရကြောင်း၊ လက်ရှိအချိန်၌ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကြီးအား လွှတ်တော်တွင်ပြင်ဆင်နိုင်ရန် အခါအခွင့်ရလာကြောင်း၊ ၎င်းပြင်ဆင်ခွင့်ရရှိလာခြင်းအပေါ် ထားရမည့်ရပ်တည်ချက်သည် အင်မတန်အရေးကြီးကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အင်အားစုအသီးသီးဆွေးနွေးပြီး ပြင်ဆင်ရန် ဘုံတူညီသည့်အချက်များကို ချက်ချင်းအကောင်အထည်ဖော်ပေးရန်လိုကြောင်း ဦးသိန်းညွန့်ကဆိုသည်။
ကွဲလွဲသည့်အချက်များကိုမူ အချိန်ယူကာဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြင်ဆင်ခွင့်ရချိန်တွင် အနိမ့်ဆုံးတိုင်းရင်းသားများအတွက် ဒေသဆိုင်ရာအာဏာများ တိုးပေးနိုင်ရန်အတွက် အားလုံးတူညီနိုင်သည့် အာဏာခွဲဝေမှုဇယားကိုပြင်ဆင်နိုင်ရန် ယခုလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ပေးစေလိုကြောင်း ဦးသိန်းညွန့်ကဆိုသည်။
"ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေမှာ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ဆင်နိုင်မယ့်အချက်တွေကို ဘယ်လိုလုပ်ရမယ်လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ၇၅ ရာခိုင်နှုန်းကျော်ပြီးတော့ ဆန္ဒခံယူပွဲလုပ်ရရင်လည်း ဘယ်လိုလုပ်ရမယ်လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာကို အခြေခံဥပဒေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးဘောင်အတွင်းကနေ ပြင်သင့်ပြင်ထိုက်တဲ့အချက်တွေကို ပြင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ဖို့အတွက် ဒီ ၂၀၁၅ မှာပဲ ကျွန်တော်တို့လွှတ်တော်ကြီးက ဆွေးနွေးချက်တွေကိုအခြေခံပြီးတော့ ဒီလွှတ်တော်သက်တမ်းမှာ ပြည်သူလူထုအကျိုးအတွက် ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ပေးဖို့လိုတယ်လို့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအပ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment