![]() |
အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့သို့လာရောက်စဉ် ကြိုဆိုသူများအား တွေ့ရစဉ် |
စူပါပါဝါနိုင်ငံတစ်ခု၏ သမ္မတတစ်ဦးကို ဤသို့ ဂရုတစိုက် အလေးပေးလုံခြုံရေး ဆောင်ရွက်ပေးခြင်းမှာ ထူးခြားသည်ဟုတော့ မဆိုနိုင်။ သမ္မတအိုဘားမား မလာမီကတည်းက သူ၏လုံခြုံရေးအတွက် မည်သို့ဂရုတစိုက် လုပ်ဆောင်နေသည်များကို မီဒီယာများမှာ ဖတ်ရှုနေရသည်။ သူ၏ ဒုတိယမြောက်ခရီးစဉ်မှာ အစိုးရအတွက်ရော နိုင်ငံသားတွေအတွက်ပါ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေသည်။ အစိုးရအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ခေါင်းဆောင်ကြီးများ၏ ဆက်စပ်အစည်းအဝေးများ အောင်အောင်မြင်မြင်ဖြစ်ဖို့ အလွန်အရေးကြီးသည်။ အထူးသဖြင့် တစ်ချိန်က သဘောထားအယူအဆမတူ မိတ်ဖက်နိုင်ငံ မဟုတ်ခဲ့သော စူပါပါဝါနိုင်ငံ တစ်နိုင်ငံ၏ သမ္မတကိုယ်တိုင် တက်ရောက်လာမည်ကို ထိပ်သီးအစည်းအဝေးမှာ အလွန်အရေးကြီးသည်။ သမ္မတအိုဘားမားသာမက တရုတ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်ကြီးများအပြင် အာဆီယံနိုင်ငံအသီးသီးမှ အကြီးအကဲများ အစုံအညီ ရောက်ရှိလာမည့် ဤကဲ့သို့ကြီးကျယ်ခမ်းနားသည့် ထိပ်သီးအစည်းအဝေးမျိုးကို ယခင်က လက်ခံကျင်းပခဲ့ဖူးခြင်း မရှိသည့်အတွက် ပိုဂရုစိုက်ရသည်။ နိုင်ငံ့ခေါင်းဆောင်အားလုံး၏ လုံခြုံရေးအပြင် ဧည့်ခံကြိုဆိုရေး၊ နေရာချထားရေး၊ လုပ်ငန်းဆောင်တာအားလုံး အမှားအယွင်းမရှိ အဆင်ပြေရေးမှာ အလွန်အရေးကြီးသည်။
ယခုတော့ ထိုသို့အရေးကြီးလှသော နိုင်ငံတကာ ထိပ်သီးအစည်းအဝေးကြီးတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့လေပြီ။ ထို့အတွက် အစိုးရအတွက် ဂုဏ်သိက္ခာ အမြတ်ထွက်ခဲ့သည်ဟုဆိုလျှင် ကျွန်တော်တို့ပြည်သူတွေအတွက်လည်း ထိုက်သင့်သောအမြတ်တော့ ရခဲ့ပါသည်။ ပြည်သူတွေက ‘အာဆီယံထိပ်သီးအစည်းအဝေး’ ဆိုတာထက် ‘အိုဘားမား’ ကို ပိုစိတ်ဝင်စားကြသည်။ အိုဘားမားဟုဆိုလိုက်လျှင် ဒီမိုကရေစီ၏ ပြယုဂ်တစ်ခုဟု လူတွေက သဘောပေါက်ကြသည်။ နေပြည်တော် ထိပ်သီးအစည်းအဝေးမှာ ဘာတွေပြောကြသည်ကို ပြည်သူတွေ စိတ်မ၀င်စားကြပါ။ ပြည်သူတွေ စိတ်ဝင်စားသည်က သမ္မတအိုဘားမားနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမည့်အရေး ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းနေထိုင်ခဲ့ရသော ပြည်သူတွေမှာ ယခုအချိန်အထိ အာဏာရှင်စနစ်၏ လောင်းရိပ်အောက်က ရုန်းမထွက်နိုင်သေးသည့် ယနေ့အခြေအနေတွင် စူပါပါဝါနိုင်ငံတစ်ခု ဒီမိုကရေစီဘိုးအေ နိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦး ရောက်ရှိလာခြင်းကို ကယ်တင်ရှင်မျှော်သလိုမျိုး အားကိုးမျှော်လင့်မှုမျိုး ရှိခဲ့ကြသည်။ အားလုံးသိကြသည့်အတိုင်း လက်ရှိမြန်မာ့နိုင်ငံရေးက သောင်မတင်ရေမကျ အပိတ်ထဲမှာ ရှိနေဆဲဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာချိန် ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးက ရှေ့ဆက်မတိုးတော့မည့် အသွင်ဆောင်နေသည်။
မည်သည့် ပြည်သူတစ်ဦးတစ်ယောက်ကမျှ ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သည့် အလိုအလျောက် လွှတ်တော်ထိုင်ခုံ ၂၅ ရာခိုင်နှုန်းကို နေရာယူထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု ထပ်တလဲလဲ တောင်းဆိုနေသည့် အဓိကဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုပါဟု လွှတ်တော်ထဲ မတ်တတ်ရပ်ဆွေးနွေးသောအခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ရှေ့ဆက်ဘယ်ကိုသွားမှာလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာသည်။ အံ့အားသင့်စရာကောင်းသည်မှာ ဤအဆိုကို ရွေးကောက်ခံအာဏာရပါတီမှ ကိုယ်စားလှယ်များကထပြီး ဆွေးနွေးလျှင် သဘာဝကျ လက်ခံနိုင်စရာရှိသေးသည်။ ယခုတော့ ပြည်သူလူထု၏ ရွေးကောက်ခံ ကိုယ်စားလှယ်လည်းမဟုတ်၊ ပြည်သူလူထုအသံ၊ ပြည်သူလူထု၏ ခံစားမှုနှင့်လည်း ဘာမျှမဆိုင်သော ‘တပ်မတော်သားကိုယ်စားလှယ်’ ဆိုသူများက ‘မပြင်လိုပါ’ ဟု မတ်တတ်ရပ် အဆိုပြုလာသည်။ ၂၅ ရာခိုင်နှုန်းသော ဤအစုအဖွဲ့သည် ဘာကိုစိုးရိမ်ကြောင့်ကြနေပါသနည်း။
သမ္မတအိုဘားမား ပြန်သွားခဲ့ပြီဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ အရေးကတော့ ဆုံးခန်းမတိုင်သေး။ ၂၀၁၅ မှာ ရွေးကောက်ပွဲရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ အဖြေမရသေး။ လက်ကျန်တစ်နှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခရီးလမ်း ဖြောင့်တန်းသာယာပါမည်လား စောင့်ကြည့်ရပါဦးမည် . . . . .
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ပါမည်ဟု ကြွေးကြော်နေသော ဤနိုင်ငံတွင် Military Supremacy ကို စွန့်လွှတ်ရန် ငြင်းဆန်နေခြင်းမှာ ၀ိရောဓိတစ်ခု ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဤအုတ်မြစ်ကို အခိုင်အမာ တည်ဆောက်ချထားခဲ့သည်။ တပ်မတော်ကြီးမှ မကယ်တင်လျှင် ဤနိုင်ငံကြီး ပျက်သုဉ်းသွားနိုင်သည်ဆိုသော နိုင်ငံတော်ကို ခေတ်နောက်ကျပြီး ဆင်းရဲတွင်းသို့ ပို့ဆောင်ခဲ့သည့် အာဏာရှင်အယူအဆကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ၀ိညာဉ်အဖြစ် သွတ်သွင်းထားခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် အဆိုပါအစုအဖွဲ့က ‘ပြင်ဆင်ရန်မလိုအပ်’ ဟု အတိအလင်း ထုတ်ဖော်လိုက်သောအခါ လက်ရှိမြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု လိုလားတောင့်တသည့် စစ်မှန်သောဒီမိုကရေစီနှင့်ဝေးကွာပြီး တပ်မတော်၏ လွှမ်းမိုးမှုပါဝင်နေသော လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်က စတင်ခဲ့သည့် အခြေအနေအတိုင်း စနစ်ဟောင်းထဲတွင် ဆက်လက်ရှိနေတော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။
တပ်မတော်သားအစုအဖွဲ့ထံမှ တိကျသောငြင်းဆန်မှု ပေါ်ထွက်လာသောအခါ နိုင်ငံသားတစ်ဦးအနေနှင့် အံ့အားသင့်မိသည်။ တစ်ဆက်တည်းမှာ စိတ်မကောင်းဖြစ်မိသည်။ ပြည်သူတို့မျှော်လင့်နေသော ဒီမိုကရေစီ မရသေးပါလားဟူ၍ စိတ်ထဲဖြစ်မိသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီခေါင်းစဉ်တပ်ထားသော တပ်မတော်လွှမ်းမိုးသည့်စနစ် မည်သည့်နိုင်ငံတွင်မျှ မရှိတော့ချိန်တွင် ကျွန်တော်တို့သည် ထူးခြားသော ‘တပ်မတော် လွှမ်းမိုးသည့်’ ဒီမိုကရေစီစနစ်အောက်တွင် ဆက်လက်ရှင်သန်ရဦးမည့် သဘောဖြစ်သည်။
ဤအခြေအနေတွင် သမ္မတအိုဘားမား နေပြည်တော်နှင့် ရန်ကုန်ကို ရောက်လာခြင်းဖြစ်သည်။ အိုဘားမားမလာမီ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ ပုဂ္ဂိုလ် ၁၄ ဦး တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု-ဦးစီးချုပ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီမှ ပုဂ္ဂိုလ်အချို့ ပါဝင်ကြသည်။ ဆွေးနွေးပွဲမဟုတ် တွေ့ဆုံပွဲဖြစ်သည်။ တစ်ဦးလျှင် ၁၀ မိနစ်စီ စကားပြောခွင့်ပေးပြီး နေ့လယ်စာစားသောပွဲ ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲလို အပြန်အလှန် ဆွေးနွေးကြတာမဟုတ်ဘဲ မိတ်ဆက်စကား ပြောပွဲဖြစ်သည်။ ဘာအတွက်ကျင်းပသလဲ မသိ။ တချို့က အိုဘားမားမလာမီ ဟန်ပြဆွေးနွေးပွဲလုပ်ပြသည်ဟု ဝေဖန်သည်။ ဒီလိုလည်း ဟုတ်ချင်မှဟုတ်မည်။ သေချာသည်ကတော့ အဓိပ္ပာယ်လေးနက်သော အဓိကကျသည့် ခေါင်းဆောင်များသာ ပါဝင်သော ဆွေးနွေးပွဲမဟုတ်ခြင်း ဖြစ်သည်။
ကျွန်တော်တို့က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှ ထွက်လာသောအသံအချို့ကို အားမလိုအားမရ ဖြစ်နေချိန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ယုံကြည်ချက်အပြည့် စိတ်ဓာတ်ခိုင်ခိုင်မာမာရှိနေတာ တွေ့လိုက်ရသည်။ သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး၊ တပ်မတော်လွှမ်းမိုးသော နိုင်ငံရေးစနစ်မှ ပြည်သူလူထု(အရပ်သား)လွှမ်းမိုးသော နိုင်ငံရေးစနစ်ပေါ်ထွန်းဖို့ စစ်မှန်သောဒီမိုကရေစီ နိုင်ငံတစ်ခု တည်ဆောက်ဖို့ ရယ်ရယ်မောမော တက်တက်ကြွကြွ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာ မြင်လိုက်ရသည်။
ဒီမိုကရေစီဆိုသည်မှာ သဘောထား အမြင်မတူသူများ အတူတကွလက်တွဲပေါင်းစည်းနိုင်ခြင်းဖြစ်၍ Compromise ညှိနှိုင်းသဘောတူမှုရယူခြင်း တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို ယနေ့အထိ တောင်းဆိုနေဆဲဖြစ်ကြောင်းနှင့် ဤခံယူချက်အတိုင်း Compromise ရသည်အထိ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားတွေရှေ့မှာ ယုံကြည်ချက်ရှိရှိ တက်တက်ကြွကြွပြောသွားတာမြင်ရတော့ နိုင်ငံသားတစ်ဦးအနေနှင့် ကျေနပ်ပီတိဖြစ်ရသည်။
သမ္မတအိုဘားမား ပြန်သွားခဲ့ပြီဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ အရေးကတော့ ဆုံးခန်းမတိုင်သေး။ ၂၀၁၅ မှာ ရွေးကောက်ပွဲရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ အဖြေမရသေး။ လက်ကျန်တစ်နှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခရီးလမ်း ဖြောင့်တန်းသာယာပါမည်လား စောင့်ကြည့်ရပါဦးမည်။
Credit - Eleven Media Group
No comments:
Post a Comment