မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်းနှင့် အင်အားကြီးနိုင်ငံကြီးများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက်ဆံခြင်းကို လက်မခံနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက် ဆံမှုကိုလည်း လက်မခံဘဲ လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်ရန် တပ်မတော်အနေဖြင့် ခိုင်မာစွာ လုပ်ဆောင်ပိုင်ခွင့် ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံအား လုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်နေပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမပြုသလို မြန်မာနိုင်ငံ ရေးတွင်လည်း ပြည်ပမှ ဝင် ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်း နိုဝင်ဘာ ၁၇ ရက်က လာအို ကာကွယ်ရေးဝန်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း အစိုးရ၊ အတိုက်အခံ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားလူငယ်များအား အချိန်ပေးတွေ့ဆုံခဲ့သော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်ဘက်တာဝန်ရှိသူများကို တွေ့ ဆုံခဲ့ခြင်းမရှိခဲ့ပေ။
ကန်သမ္မတ အိုဘားမားက အစိုးရတွင်း တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရမည် ဟု နိုဝင်ဘာ ၁၃ ရက်က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုများအပြီး နိုဝင်ဘာ ၁၇ ရက်က အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် လာအိုကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမှုတွင် ကာကွယ်ရေးဦးစီးချုပ်က အင်အားကြီးနိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှုနှင့် ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ-လာအိုနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပြောင်းလဲမှုမရှိနိုင်ကြောင်းနှင့် အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင်မှုမှာ မိမိတို့နိုင်ငံငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းလည်း ကာချုပ်က ပြောကြားခဲ့ သည်။
လာအိုကာကွယ်ရေးဝန်ကြီး၏ ပြန်လည်ဆွေးနွေးမှုတွင် ၎င်းတို့နိုင်ငံအတွင်းမှာလည်း နိုင်ငံရေးပျော့ကွက်အားနည်းချက်များအပေါ် မလိုလားသူ အတိုက်အခံများနှင့် NGO အမည်ခံသူများက တိုင်းပြည်ပြိုကွဲအောင် နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။
မြန်မာနိုင်ငံသည် တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို စစ်အစိုးရ လက်ထက်ကတည်းက ယခုဒီမိုကရေစီ အစိုးရလက်ထက်အထိ ကျင့်သုံးနေပြီး မြန်မာ၏ နိုင်ငံခြားရေးမူဝါဒအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများရှိခဲ့သည်။ ယနေ့အထိ အဆိုပါမူဝါဒကို ကျင့်သုံးခြင်းကြောင့် ကြားနေသည့်နိုင်ငံအဖြစ် နိုင်ငံတကာက စွပ်စွဲမှုများရှိနေပြီး အင်အားကြီးနိုင်ငံနှစ်ခုကြား ရပ်တည်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင် နိုင်ငံရေးအနေအထားကို အားပြု၍ ထိရောက်သည့် နိုင်ငံခြားရေးမူဝါဒတစ်ရပ်ကို ကျင့်သုံးပါက နိုင်ငံတကာဆက်ဆံရေးတွင် ပိုမိုအကျိုးရှိမည်ဟု တိုက်တွန်းမှုများလည်းရှိထားသည်။
Credit - 7DAY DAILY
No comments:
Post a Comment