Thursday, November 20, 2014

ဘာတွေမှားနေတာလဲ (၃)

ထိုကဲ့သို့ မြို့သစ်နန်းသစ် တည်ထောင်ပြီးတော့ နေထိုင်ခဲ့ကြရာ မင်းသား မင်းသမီးတို့ အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်ကို ရောက်ရှိလာပါတယ်။ ဒါကြောင့် မှူးမတ်အပေါင်းတို့က “အမတ်မင်းတို့ ဤမင်းသားတို့သည် အရွယ်ရောက်ကြလေကုန်ပြီ။ အကယ်၍ ထိုမင်းသားတို့၏ ခမည်းတော် သြက္ကာက မင်းကြီးအနီး၌ ရှိခဲ့ပါလျှင် ထိုခမည်းတော် မင်းကြီးသည် ဤမင်းသား မင်းသမီးတို့အား ထိမ်းမြား မင်္ဂလာ ပြုတော်မူလေရာ၏။ ယခုသော်မူကား အကျွန်ုပ်တို့၏ တာဝန်ဖြစ်ချေပြီ” လို့ ကြံစည် အောက်မေ့တိုင်ပင် ပြောဆိုပြီးတော့ မင်းသား လေးပါးကိုလည်း တိုင်ပင် ပြောဆိုကြပြန်ပါတယ်။

မင်းသားတို့ကလည်း “အို အချင်းအမတ်တို့ ဤအရပ်၌ ငါတို့နှင့် အမျိုးဇာတ်နွယ်တူသော မင်းသမီးများ မရှိကြကုန်။ နှမတော်များနှင့် အမျိုးဇာတ်နွယ်တူသော မင်းသားများလည်း မရှိကြကုန်။ အမျိုးဇာတ် နွယ်မတူသူချင်း ထိမ်းမြားပေါင်းဖက်ခြင်း ပြုလုပ်ခဲ့သော် ငါတို့မှ ဖွားမြင် သက်ဆင်းလာကြသော သားသမီးတို့သည် အဖမျိုးဘက်မှ လည်းကောင်း အမိမျိုးဘက်မှ လည်းကောင်း မသန့်ရှင်း မစင်ကြယ်ကြ၍ အမျိုးဇာတ်နွယ် ရောယှက် ပျက်ပြားခြင်း ဇာတိသမ္ဘေဒသို့ ရောက်ကြကုန်လိမ့်မည်။ သို့ရကား ငါတို့ မောင်နှမကိုးယောက်တို့တွင် အစ်မအကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာ၌ တင်မြှောက်ကြ၍ ကြွင်းကျန်သော ငါတို့ မောင်လေးယောက်နှင့် နှမလေးယောက်အားဖြင့် ရှစ်ယောက်တို့သည် အမျိုးဇာတ်နွယ် မရောမယှက် မပျက်ပြားစေခြင်းငှာ အချင်းချင်းထိမ်းမြား စုံဖက်ခြင်းကို ပြုကြကုန်အံ့” လို့ မှူးမတ်အပေါင်းကို တိုင်ပင်စကား ပြောဆိုပြီးတော့ ထိုကဲ့သို့ တိုင်ပင် ပြောဆိုတဲ့အတိုင်း အကောင်အထည်ဖော် ပြုလုပ်ကြပါတယ်။

ထိုကဲ့သို့ အိမ်ထောင်ပြုပြီး မင်းသားမင်းသမီးများမှ သားသမီးများ ပွားစီးစည်ပင်ခြင်းသို့ ရောက်ရှိ လာပါတော့တယ်။ ဥက္ကာမုခမင်းသားစတဲ့ သားတော် သမီးတော်များ၊ ၎င်းတို့က မွေးဖွားသော သားသမီးများ မြို့သစ်နန်းသစ် တည်ထောင်ပြီး ဇနီးမယား သမီးသားတို့နဲ့အတူ တင့်တင့်တယ်တယ် နေထိုင်ကြပြီးတော့ ကြီးပွားချမ်းသာ နေတယ်ဆိုတဲ့ အကြောင်းကို ကြားသိရတဲ့ ခမည်းတော် သြက္ကာကမင်းကြီးက အလွန်အင်မတန်မှကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ မှူးမတ်မျိုးဆွေတို့ အလယ်မှာ ဥက္ကာမုခစသော သားတော် သမီးတော်များကို အောက်ပါတိုင်း ချီးကျူးစကား ပြောကြားပါတယ်။

“သကျာ ဝတ ဘော ကုမာရာ = အို အချင်းတို့ ငါ၏ သားတော် သမီးတော်တို့သည် စွမ်းနိုင်ကြပေစွတကား။ ပရမာ သကျာ ဝတ ဘော ကုမာရာ = အိုအချင်းတို့ ငါ၏ သားတော် သမီးတော်တို့သည် လွန်ကဲ မြင့်မြတ်ကုန်သည်ဖြစ်၍ စွမ်းကြပေစွတကား” လို့ ချီးကျူးစကား ပြောဆိုပါတယ်။ ထိုကဲ့သို့ “သကျာ ဝတ = စွမ်းနိုင်ကြပေစွတကား” လို့ ခမည်းတော် သြက္ကာကမင်းကြီး ချီးကျူးစကား ပြောကြားချက်အရ စွမ်းဆောင်နိုင်ခြင်း အနက်အဓိပ္ပာယ်ရှိသော သကျ- ဆိုတဲ့စကားကို အစွဲပြုပြီးတော့ ဥက္ကာမုခ မင်းသား စတဲ့ မင်းသားမင်းသမီးတို့ကနေ ဆင်းသက်လာတဲ့ သားစဉ်မြေးဆက်တွေကို သကျ=သာကိယ=သာကီဝင်=သာကီနွယ်လို့ ခေါ်ဆိုသမုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထင်လင်းဦး (Wisdom Villa) က “မောင်နှမချင်း ပြန်ယူတယ်။ မောင်နှမချင်း ပြန်ယူတယ်။ အဲဒါကို သကျလို့ခေါ်တာ။ သကျသာကီဝင် ဆိုတာ။ .......... အစ်ကိုက နှမကို မိန်းမလုပ်တာ သာကီမျိုးလို့ ခေါ်တယ်။ ကိုယ့်နှမ ကိုယ်ယူတဲ့အမျိုးကို ဘာမျိုးလို့ခေါ်လဲ။ သာကီမျိုးလို့ ခေါ်တာ” ဆိုပြီး ဟောပြောသွားပါတယ်။

ထင်လင်းဦး (Wisdom Villa) ပြောသွားသလို မောင်နှမချင်း ယူတာလေး တစ်ခုတည်းကြောင့် သာကီမျိုးလို့ ခေါ်ဆိုတာ မဟုတ်ပါဘူး။ မြို့သစ်နန်းသစ်တွေ တည်ထောင်ပြီး သားသမီးတွေနဲ့အတူ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် စွမ်းဆောင်နိုင်တာကြောင့် လောကကြီးအလယ်မှာ တင့်တင့်တယ်တယ် နေထိုင်နိုင်တာကြောင့် သြက္ကာကမင်းကြီးက ‘သကျာ ဝတ=စွမ်းဆောင်နိုင်ကြပေစွတကား’ လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး စွမ်းဆောင်နိုင်ကြတဲ့ သူတွေဖြစ်လို့ သာကီဝင်လို့ ခေါ်ဆိုသမုတ်တာ ဖြစ်ပါတယ်။ ထင်လင်းဦး (Wisdom Villa) ပြောသွားသလို မောင်နှမချင်း ယူတာလေး တစ်ခုတည်းကြောင့် သာကီဝင်လို့ ခေါ်ဆိုသမုတ်ခဲ့တာ မဟုတ်ပါဘူး။

နောက်တစ်ခုက ထင်လင်းဦး (Wisdom Villa) က “ညီတို့ ညီမ တို့ရေ၊ နင်တို့ ငါ့ညီတွေ နှမယူကြမလားဟေ့။ ယူမလား။ အဲဒါဆို မင်းသာကီလို့ မပြောနဲ့။ နှမလေးတွေ အစ်ကိုကို ယူမှာလားဟေ့။ မယူရင် သာကီမျိုး မအော်နဲ့ကွာ။ တစ်ခါတလေကျ ကိုယ်ပြောတဲ့စကား ကိုယ်နားလည်မှ ကောင်းတာကွ။ သိလား။ အဲဒါ ဘာမှမသိဘဲနဲ့ ဒီလိုကြီး ပတ်လာတဲ့ လူကြီးကတို့က သာကီမျိုးကွလို့ အော်တော့ မင်းနဲ့ငါနဲ့ ဆံပင် ရှိတာနဲ့ မရှိတာဘဲ ကွာတယ်ကွဟဲ့ကောင်ရဲ့လို့ အဲလိုပြောချင်တာ။ သိလား။ မှားမှာစိုးလို့ ပြောနေတာ။ မှားမှာစိုးလို့” စသဖြင့် ဒေါသသံ ခြောင်းခြောင်းနဲ့ ကြမ်းတမ်းခက်ထန်စွာ ပြောဆိုသွားပါတယ်။

ထင်လင်းဦး (Wisdom Villa) အနေနဲ့ ပါဠိစာပေကို စနစ်တကျ မသင်ယူဖူးတာကြောင့် ‘မုချ ပဓာန အပဓာန ဥပစာ ရုဠှီ’ စတဲ့ ပါဠိစာပေ သဘောတရားတွေကို နားမလည်တာကြောင့် အထက်ပါအတိုင်း ပြောဆိုသွားတာလို့ မိမိကတော့ ထင်မြင်ယူဆမိပါတယ်။ ဥက္ကာမုခ မင်းသားစတဲ့ မင်းသား မင်းသမီးတွေက ဆင်းသက် ပေါက်ဖွားလာကြတဲ့ သားစဉ်မြေးဆက်တို့ဟာ မောင်နှမချင်း မယူပါသော်လည်း အပဓာန နည်းအားဖြင့် သာကီဝင်မျိုးလို့ ခေါ်ဆိုနိုင်ပါတယ်။ အင်္ဂလိပ်လူမျိုး မိဘနှစ်ပါးက မွေးဖွားလာတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ အင်္ဂလိပ် လူမျိုးတွေရဲ့ ဓလေ့ထုံးစံကို မလိုက်နာသော်လည်း သူဟာ အင်္ဂလိပ် လူမျိုးပါပဲ။ ဒါကြောင့် သာကီဝင် မျိုးနွယ်ကနေ ဆင်းသက် ပေါက်ဖွားလာတဲ့ သားစဉ် မြေးဆက်ဟာလည်းပဲ သာကီဝင် မျိုးနွယ်တွေပဲ ဖြစ်ပါတယ်။

ဥက္ကာမုခစတဲ့ မင်းသား မင်းသမီးတို့ကစလို့ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားတိုင်အောင် မောင်နှမချင်း ပြန်ယူပြီးတော့ မျိုးနွယ်ကို စင်ကြယ် သန့်ရှင်းအောင် ထိန်းသိမ်း စောင့်ရှောက် လာတဲ့သူများကို “အသမ္ဘိန္နခတ္တိယ အခြားမျိုးရိုး ရောယှက်ခြင်းမရှိဘဲ မင်းမျိုးသန့်သန့် ဖြစ်သောသူ” လို့ သီးသန့် အခေါ်အဝေါ်နဲ့ ခေါ်ဆိုသုံးနှုန်းပါတယ်။ ထိုကဲ့သို့သော သူများကို သာကီဝင်ဆိုတဲ့ အသုံးအနှုန်းနဲ့ ရောထွေးပြီးတော့ မသုံးနှုန်းပါဘူး။ သာကီဝင်ဆိုတာ စွမ်းနိုင်သူလို့သာ အနက်အဓိပ္ပာယ် ထွက်ရှိပါတယ်။ မောင်နှမချင်း ပြန်ယူရုံနဲ့ သာကီဝင် မဖြစ်နိုင်သလို မောင်နှမချင်း ပြန်မယူတာနဲ့ပဲ သာကီဝင်မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။

ထင်လင်းဦး (Wisdom Villa) စကားနဲ့ ပြန်ပြောရမယ်ဆိုရင် ထင်လင်းဦး (Wisdom Villa) အနေနဲ့ ကိုယ်ပြောသွားတဲ့ စကားရဲ့ အနက်အဓိပ္ပာယ် အမှန်ကို အမှန်တကယ် သိရှိနားလည်မှ ပြောဆိုသင့်ပါတယ်။ လူထုကို ထင်လင်းဦး (Wisdom Villa) အနေနဲ့ မှန်ကန်တဲ့ ဗဟုသုတများကိုသာ ပေးပါလို့ တိုက်တွန်းတောင်းပန် မေတ္တာရပ်ခံ လိုက်ပါတယ်။

ဒါကြောင့် ထင်လင်းဦး (Wisdom Villa) ရဲ့ မှားယွင်း ချွတ်ချော်နေပြီး သူတော်ကောင်း ပညာရှိ ဖြစ်ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များနဲ့ ရဟန်းသာမဏေများရဲ့ နှလုံးစိတ်ဝမ်းကို ညှိုးနွမ်းစေတဲ့ အထက်ပါ စကားများကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ ထင်လင်းဦး (Wisdom Villa) အနေနဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးကို အမှန်တကယ် လိုလားသူမှန်ရင် မှားယွင်းချွတ်ချော်ပြီး ရဟန်းရှင်လူ ပြည်သူလူထုရဲ့ နှလုံးစိတ်ဝမ်းကို ညှိုးနွမ်းစေမယ့်၊ ညီညွတ်ရေး ငြိမ်းရေးတို့ကို ပျက်ပြားစေနိုင်တဲ့၊ ညီညွတ်ရေး ငြိမ်းချမ်းရေးအတွက် ကောင်းကျိုး တစ်စုံတစ်ရာ မရရှိစေနိုင်တဲ့ အထက်ပါ စကားကဲ့သို့သော စကားများကို မပြောဆိုသင့်ပါဘူး။

သားတွေ သမီးတွေ ဒီလိုဒုက္ခဆင်းရဲနဲ့ တိုင်းပြည်က နှင်ထုတ်လိုက်ရတာကို စိတ်ဆင်းရဲပြီးတော့ ပက်လက်လန်ပြီးတော့ နေတဲ့အချိန်မှာ အဲဒီသတင်းလည်း ကြားလည်းကြားရော “ဘော ကုမာရ သကျံဇီဝံ ငါ့ရဲ့သားသမီးတွေဟာ အမျိုးအနွယ်ကို စောင့်ရှောက် နိုင်ပါပေရဲ့တကား။ င့ါသားတွေ ငါ့သမီးတွေ အမျိုးအနွယ်ကို စောင့်ရှောက်တယ်” ဆိုတဲ့ ထင်လင်းဦး (Wisdom Villa) ရဲ့ စကားဟာ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းများမှာ မပါရှိဘဲ ထင်လင်းဦး (Wisdom Villa) အပို စကားသက်သက် ဖြစ်ပါတယ်။ သြက္ကာကမင်းကြီး စိတ်ဆင်းရဲပြီးတော့ ပက်လက်လန်နေတယ်လို့ ပါဠိတော် အဋ္ဌကထာဋီကာကျမ်းမှာ မပါရှိပါဘူး။ ‘ဘော ကုမာရ သကျံဇီဝံ’ လို့လည်း မပါရှိပါဘူး။ ‘သကျာ ဝတ ဘော ကုမာရာ၊ ပရမာ သကျာ ဝတ ဘော ကုမာရာ’ လို့သာ ပါရှိပါတယ်။ ဒီအကြောင်းအရာရဲ့ မူလလားရာဖြစ်တဲ့၊ မူရင်း ပါဠိတော်ဖြစ်တဲ့ သီလက္ခန္ဓ ဝဂ္ဂပါဠိတော် စာမျက်နှာ-၈၇ တတိယပိုဒ်မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

“အဲတော့ အစ်မအကြီးဆုံးကို အမေအရာ ထားပြီးတော့ ကျန်တဲ့ မောင်နှမဆယ်ယောက် အစုံစုံကြင် ဖော်ပြုကြပါ” ဆိုပြီး ထင်လင်းဦး (Wisdom Villa) က ပြောဆိုသွားပါတယ်။ တိုင်းပြည်က ထွက်လာတာက မင်းသားလေးပါးနဲ့ မင်းသမီးငါးပါး စုစုပေါင်းကိုးပါးပါ။ အစ်မကြီး ဖယ်ထားလိုက်ရင် ရှစ်ပါးပဲ ကျန်ပါတော့တယ်။ ဒါကြောင့် မောင်နှမ ဆယ်ယောက် အစုံစုံ ကြင်ဖော် ပြုကြပါဆိုတဲ့ ထင်လင်းဦး (Wisdom Villa) ရဲ့ ပြောဆိုမှုဟာ မှားယွင်းပါတယ်။

“သောနုတ္ထိုရ် မုဆိုးလည်း သင်္ကန်းပတ်ခဲ့တာပဲကွ မင်းတို့သိရဲ့လား။ အဲဒါ သိစေချင်တာ။ တို့ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်။ အဲဒါ သိစေချင်တာ။ အဲဒါ သိစေချင်တာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်” လို့ ထင်လင်းဦး (Wisdom Villa) က ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းပြီးတော့ ဟောပြောသွားတာကို နားမချမ်းသာဖွယ်ရာ ကြားသိလိုက်ရပါတယ်။

ထင်လင်းဦး (Wisdom Villa) အနေနဲ့ “တို့ဗုဒ္ဓဘာသာကို အဲဒီ သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်လို့ ပြောဆိုမယ့်အစား တို့ဗုဒ္ဓဘာသာကို သောနုတ္ထိုရ်မုဆိုးလို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်” လို့ ပြောဆိုခဲ့မယ်ဆိုရင် မိမိအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ အခုတော့ “တို့ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်” လို့ တစ်သာသနာလုံးမှာရှိတဲ့ ကောင်းကောင်းဆိုးဆိုး ရဟန်းသာမဏေ အားလုံးကိုပါ ထိခိုက်စေတဲ့ သင်္ကန်းဝတ်တွေဆိုတဲ့ စကားလုံးနဲ့ ပြောသွားတာကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။

ထင်လင်းဦး (Wisdom Villa) ရဲ့ ဝါးလုံးရှည်နဲ့ ရမ်းသွားတဲ့ ဒီစကားကြောင့်ပဲ မဘသလမ်းစဉ်ကို မထောက်ခံဘဲ သာသနာ့အကျိုး လောကအကျိုး အမှန်တကယ် ထမ်းပိုးရွက်ဆောင်နေတဲ့ ဆရာတော်ကြီးတွေ အတော်များများဟာ နှလုံးစိတ်ဝမ်း ညှိုးနွမ်း နေကြရှာပါတယ်။

ဒါကြောင့် ဂိုဒ်လိုင်းပေးပြီး မပြောကြားဘဲ တစ်သာသနာလုံးရှိ ရဟန်းသာမဏေ ကောင်းတို့ကိုပါ ထိခိုက်နစ်နာစေတဲ့ ထင်လင်းဦး (Wisdom Villa) ရဲ့ ဝါးလုံးရှည်နဲ့ ရမ်းသွားတဲ့ အထက်ပါစကားကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ နောက်နောင် ယခုလို ဝါးလုံးရှည်နဲ့ မရမ်းဖို့၊ အမျက်ဒေါသသံ တခြောင်းခြောင်းနဲ့ ကြမ်းတမ်းရိုင်းပျတဲ့ စကားလုံးတွေနဲ့ ရဟန်းသာမဏေ ကောင်းတွေကိုပါ ထိခိုက်နစ်နာစေတဲ့ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းခဲ့တဲ့ သုံးပန်လှကျေးရွာမှာ ဟောပြောခဲ့တဲ့ စကားတွေအတွက် ရဟန်းသာမဏေ ကောင်းများကို ရည်ရွယ်ပြီးတော့ လူသိရှင်ကြား ပြန်လည်ဝန်ချ တောင်းပန်ပါလို့ အလေးအနက် တိုက်တွန်းတောင်းပန် မေတ္တာရပ်ခံ လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီး အတော်များများ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ဖြစ်စဉ်တွေကို ဘုန်းတော်ကြီးတိုင်းက သဘောမတူကြပါဘူး။ ဘာကြောင့် သဘောမတူတာလဲ ဆိုတဲ့အကြောင်းကိုလည်း သတင်းစာများ၊ ဂျာနယ်များ၊ Facebook စတဲ့ လူမှုဆက်ဆံရေး နယ်ပယ်များ၊ ဟောပြောပွဲများကနေ ရဟန်းတော် များကလည်း ပြန်လည်ချေပ ရေးသားနေကြပါတယ်။ ဒီလို ပြန်လည်ချေပ ရေးသားကြတဲ့ ရဟန်းတော်များဟာ တစ်ဖက်အဖွဲ့အစည်းက ပုဂ္ဂိုလ်အချို့ရဲ့ အမနာပ ပြောဆိုမှုတွေကို ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အံကြိတ် သည်းခံပြီးတော့ ဘာမှပြန်မပြောဘဲ တစ်ဖက်အဖွဲ့အစည်းရဲ့ ဝါဒလမ်းစဉ်ကိုသာ ပြန်လည်ချေပ ရေးသားနေကြတာ ဖြစ်ပါတယ်။

ထိလွယ်ရှလွယ်တဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘာသာရေးနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာ တစ်ဖက်အဖွဲ့အစည်းက တစ်ဖက်ပုဂ္ဂိုလ်က ဘယ်လောက်ပဲ ရိုင်းပျနေပါစေ၊ ထိုတစ်ဖက် အဖွဲ့အစည်းနဲ့ အတိုက်အခံ ဖြစ်နေတဲ့ NLD ပါတီနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ထင်လင်းဦး (Wisdom Villa) လို ပုဂ္ဂိုလ်များအနေနဲ့ တစ်ဖက်က ဆဲသလို တစ်ဖက်က ရိုင်းပျသလို ဆဲဆိုခြင်း၊ ရိုင်းပျခြင်း၊ စကားကြမ်းတမ်းစွာ ပြောဆိုခြင်းများနဲ့ ပြန်လည် တုံ့ပြန်လို့ မရပါဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နားလည် သိမြင်ပါတယ်။ ဒါကြောင့်လည်း တစ်ဖက် အဖွဲ့အစည်းက ပုဂ္ဂိုလ်တချို့ရဲ့ မဟုတ်မမှန် လုပ်ကြံပြီးတော့ ကြမ်းတမ်းရိုင်းပျစွာ အဆက်မပြတ် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတိကြီးကြီး ထားပြီးတော့ တစ်ဖက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တချို့ရဲ့ တိုက်ခိုက်မှုတွေကို သည်းခံနေခဲ့တာပါ။ ဒီလို သည်းခံနေမှလည်း ညီညွတ်ရေး ငြိမ်းချမ်းရေး လမ်းစဉ်အတွက် အထိအခိုက်မရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် NLD ပါတီနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ထင်လင်းဦး (Wisdom Villa) တို့လို ပုဂ္ဂိုလ်များအနေနဲ့ တစ်ဖက် အဖွဲ့အစည်းက ပုဂ္ဂိုလ်တချို့ရဲ့ ကြမ်းတမ်းရိုင်းပျစွာ တိုက်ခိုက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်လို လူကြီးလူကောင်း ပီသစွာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးနဲ့ ညင်ညင်သာသာ ပါးနပ်လိမ္မာစွာ တုံ့ပြန်တတ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ဖက်အဖွဲ့အစည်းက ပုဂ္ဂိုလ်အချို့ ကြမ်းတမ်း ရိုင်းပျသလို ပြုမူပြောသလို ပြန်လည် တုံ့ပြန်မယ် ဆိုရင်တော့ NLD ပါတီအတွက် ရလဒ်ကောင်း မထွက်နိုင်ပါဘူး။ ဒါကို သတိထားစေ လိုပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို ကိုယ်မထိန်းသိမ်းနိုင်ရင် လူရှေ့သူရှေ့ ထွက်မပြောဘဲ နေတာက အကောင်းဆုံးပါပဲ။

မိုးသု (မန္တလေး)


Credit - The Voice

No comments:

Post a Comment