Wednesday, November 19, 2014

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သပိတ်မှောက်ကျောင်းသားတွေ တောင်းဆို

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပေးဖို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ၅၁ လမ်းမှာရှိတဲ့ နိုင်ငံရေးသိပံ္ပကျောင်းခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ်အောင်က သူတို့ရဲ့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။


"ကျနော်တို့ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီအနေနဲ့ တောင်းဆိုတာကတော့ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမည်ဆိုပါက ဒီမိုကရေစီပညာရေလှုပ်ရှားမှုးဦးဆောင် ဦးဆောင်ကော်မတီ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER၊ အစိုးရ၊ လွှတ်တော်တို့ပါဝင်သော လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းသွားရန် ကျနော်တို့တောင်းဆိုပါတယ်၊ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အခါ ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်တယ်လို့ ကျနော်တို့ ယူဆပါတယ်"

ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေက တိကျရေရာမှုမရှိကြောင်းနဲ့ ကျောင်းသားတွေအနေနဲ့ သူတို့နဲ့တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်တွေကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေးတာမရှိရင် တစ်နိုင်ငံလုံးပါဝင်တဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေ ဆက်လက်ကျင်းပသွားမယ်လို့လည်း ပြောကြပါတယ်။

ဒီအတောအတွင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ သပိတ်မှောက်ဆန္ဒပြနေတဲ့ အချက်တွေဟာ လွှတ်တော်က ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေမှာ တားဆီးပိတ်ပင်ထားတာမရှိဘဲ ကျောင်းသားတွေလိုချင်တဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပညာရေးမြှင့်တင်မှု အကောင်ထည်ဖော်မှု ကော်မတီက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ပညာရေးမြှင့်တင်မှုဖော်ဆောင်မှုကော်မတီ အကြံပေး နာယက ဦးသန်းဦးက ကျောင်းသားတွေ သပိတ်မှောက်တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ သထုံလမ်းက အဆင့်မြင့်ပညာ ဦးစီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

"သူတို့ကို လေ့လာဖို့တိုက်တွန်းလိုပါတယ်၊ သူတို့လိုချင်တဲ့ဆန္ဒ သူတို့တင်ပြချက်စွမ်းရည် ပိတ်ပင်ထားတဲ့ သဘောမရှိပါဘူး၊ နောင်ဆွဲမယ့် ဆိုင်ရာဆိုင်ရာကဏ္ဍအလိုက် ပညာရေးဥပဒေတွေကနေ ခွင့်ပြုမယ့်သဘောမရှိပါဘူး၊ ဒါ့ကြောင့်သူတို့ ညှိနှိုင်းနိုင်တယ်၊ ခွင့်ပြုနိုင်တယ်၊ ညှိနှိုင်းဆွေးနွေးဖို့အတွက် တံခါးဖွင့်ထားတယ်၊ အဲ့ဒီကလေးတွေအတွက် တံခါးပိတ်ထားတာမရှိဘူး၊ ဒါကြောင့် ဆရာကြီးက အသက်ဝါအရ သူတို့ကို ပွင့်ပွင့်လင်းလင်းပြောလိုပါတယ်"

အလားတူ ဒီနေ့ အစိုးရသတင်းစာမှာလည်း အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသူကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေဟာမခိုင်လုံပဲ မှတ်ယူချက်သာဖြစ်နေကြောင်း ၊ တက္ကသိုလ်အသီးသီးအတွက် ရေးဆွဲမယ့် ပဋိဥာဉ်ဥပဒေတွေမှာ လွတ်လပ်စွာ သင်ကြားခွင့်နဲ့ပတ်သက်လို့ ထည့်သွင်းရေးဆွဲသွားမှာဖြစ်သလို လွတ်လပ်စွာကျောင်းတွင်း အသင်းအဖွဲ့များဖွဲ့စည်းခွင့်ကိုလည်း ထည့်သွင်းရေးဆွဲသွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

ဒီအမျိုးသားပညာရေး ဥပဒေကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်မှုကော်မတီက ရေးဆွဲတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့အနှံ့မှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

Credit -  RFA Burmese

 
 

No comments:

Post a Comment