Saturday, November 22, 2014

PR အလွန် ၂၀၁၅

ဒီမိုကရေစီ အင်အားစုနှင့် တပ်မတော်သား အစုအဖွဲ့ အပါအဝင် အများစု အပိုင်တွက်ထားသော အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR ၏ ပဉ္စလက်ဆန်ဆန် နိဂုံးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များကိုပင် အံ့အားသင့်စေခဲ့သည်။

 

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဟု တစ်ပေးခံထားရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီက PR ဖြင့် တန်ပြန်ထိန်းညှိလိမ့်မည် ဟူသော ဟောကိန်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ တစ်ချက်လွှတ် ကြေညာချက်အောက်တွင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေနှင့် မညီသဖြင့် ရွေးကောက်ပွဲတွင် PR မသုံးတော့” ဟူသော လွှတ်တော်ဥက္ကဋ္ဌ၏ ကြေညာချက်မှာ ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ မျှော်လင့်သည့် အဖြေမဟုတ်သလို ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်သား အစုအဖွဲ့များ မျှော်မှန်းသည့် အဖြေလည်းမဟုတ်။

ရွေးကောက်ပွဲစနစ် ရှစ်မျိုးအထိ ပြုစုတင်ပြခဲ့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်နှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးတို့၏ ကြိုးပမ်းချက်များ သဲထဲရေသွန် ဖြစ်ခဲ့သလို ဦးတင်မောင်ဦး ကိုယ်တိုင်ပင် လွှတ်တော်တွင်း ဆွေးနွေးခွင့် မရခဲ့ကြောင်း ကိုယ်စားလှယ်များက ဖောက်သည်ချသည်။

PR အဆို လွှတ်တော်သို့ တင်သွင်းလာခြင်းမှာ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးရွှေမန်း၏ အဓိက တိုက်တွန်းခွင့်ပြုချက်ကြောင့် ဖြစ်ပြီး လွှတ်တော်ကော်မရှင်က ရွေးကောက်ပွဲစနစ် ရှစ်မျိုးအထိ ပြုစုခဲ့ရခြင်းမှာလည်း လွှတ်တော်ဥက္ကဋ္ဌ၏ ခိုင်းစေချက်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းက ပြောဆိုသည်။

“ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်တဲ့အထိ မသွားဘဲ လမ်းခုလတ်တင် ဖြတ်ချတာတော့ ရုပ်ဆိုးတယ်” ဟု PR စနစ် အစပျိုးရာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မှတ်ချက်ပြုသည်။

လွှတ်တော် ကိုယ်စားလှယ်များကိုပင် အသိပေးခြင်းမရှိဘဲ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိတ်တဆိတ် ပေးပို့ဆုံးဖြတ်စေပြီးမှ ရုတ်တရက် ကြေညာသည့်အပေါ် PR စနစ် အစပြုသူ၊ PR အတွက် ပြင်ဆင်စိစစ်မှုများ ပြုလုပ်ရသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ဘဝင်မကျ ဖြစ်စေခဲ့ပြီး ယင်းနေ့ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် မကျေနပ်ချက်အချို့ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ၏ တစ်ချက်လွှတ် ဆုံးဖြတ်ချက်ကို ဘဝင်မကျသူ ကိုယ်စားလှယ် အချို့၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဥက္ကဋ္ဌက သက်ဆိုင်ရာ ပါတီများကို ခေါ်ယူသတိပေးခဲ့ပြီး အဆိုပါ ကိုယ်စားလှယ်များကို အရေးယူရန် ညွှန်ကြားခဲ့ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ယင်းအတွက် ပြည်သူ့လွှတ်တော်၌ PR အဆိုတင်သွင်းသူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်မှာ PR တင်သွင်းမှုကြောင့် ဝေဖန်ပြစ်တင်ခံရမှုများ၊ မဲဆန္ဒနယ်အတွင်း ကန့်ကွက်ဆန္ဒပြမှုများ အပြင် လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးချက်ကို အပိုထပ်ဆောင်း ရရှိခဲ့သဖြင့် “မိအေးသုံးခါနာ” ဖြစ်ခဲ့ကြောင်း အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်အချို့ အပါအဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား အစုအဖွဲ့များကမူ PR စနစ်ကို ယင်းသို့ ပယ်ချလိုက်ခြင်းသည် ကြံ့ခိုင်ရေးပါတီ၏ အာဘော်မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ နိုင်ငံရေး ကျားကွက်ရွှေ့မှု ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးမည့်ကိစ္စမှာ အခြေခံဥပဒေနှင့် မညီဟု ခုံရုံးက ဆုံးဖြတ်သည့်တိုင် အမျိုးသားလွှတ်တော် PR ကော်မရှင်က အမျိုးသားလွှတ်တော်တွင်း PR ကျင့်သုံးရေးကို လက်လျှော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းက ထိုအချက်ကို ပိုမိုထင်ရှားစေသည်။

“လွှတ်တော်နှစ်ရပ် မတူပါဘူး။ ဆက်လုပ်သွားမှာပါ” ဟု အမျိုးသားလွှတ်တော် PR ကော်မရှင်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခင်မောင်ရီက ဆိုသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ အဆိုအရမူ PR အလှည့်အပြောင်း အပါအဝင် အောက်ပါ အခြေအနေများက လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား သဘောတူညီချက် တစ်စုံတစ်ရာ ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ထောက်ပြသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် မပြောင်းရန် ဆုံးဖြတ်ခြင်း (ရွေးကောက်ပွဲစနစ် မပြင်ပါ ၂၀၁၅ အလွန် လွှတ်တော်တွင် NLD ပါတီက အင်အားကြီးပါတီ ဖြစ်မည်ဟု ခန့်မှန်း)၊ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ပြီး ပြင်ဆင်နိုင်ခဲ့လျှင်ပင် ၂၀၁၅ နောက်ပိုင်း လွှတ်တော်သစ် လက်ထက်မှသာ ပြင်ဆင်ချက်အတိုင်း ကျင့်သုံးနိုင်မည်ဟု ဆိုခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှသာ အခြေခံဥပဒေ ပြင်ဆင်ချက်များ အကောင်အထည်ဖော်မည်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံထားခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတလုပ်လိုဟု သူရဦးရွှေမန်းက ထပ်မံကြေညာခဲ့ခြင်းနှင့် NLD ဗဟိုခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဟံသာမြင့်က သူရဦးရွှေမန်း သမ္မတဖြစ်ရေး NLD ပါတီက ထောက်ခံမည်ဟု ပြောဆိုကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်း စသည့် အချက်များက ယင်းသို့ စဉ်းစားစရာ ဖြစ်နေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“ဒါတွေကို ထောက်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ မှာ သမ္မတလုပ်ဖို့ ၅၉ (စ) ကို ပြင်ပေးထားမယ်၊ အဲ့ဒီအတွက် ၂၀၁၅ မှာ NLD က သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ထောက်ခံပေးရမယ်လို့ အပြန်အလှန် သဘောတူထားသလား စဉ်းစားစရာဖြစ်တယ်” ဟု ဦးရဲထွန်းက ရှင်းပြသည်။

သို့သော် အခြေခံဥပဒေပါ ၅၉ (စ) ကဲ့သို့သော အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် တပ်မတော်၏ သဘောထားမှာ အဓိကအရေးပါနေပြီး သမ္မတဦးသိန်းစိန်နှင့် တပ်မတော်က လိုက်လျောမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း သူရဦးရွှေမန်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။

PR စနစ် အကောင်အထည် မပေါ်သလို အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း မရေရာလှ။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးရေးမှာ အခြေခံဥပဒေနှင့် မညီဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ထားသဖြင့် အမျိုးသားလွှတ်တော်၌ PR ကျင့်သုံးရေးမှာလည်း အားမပါလှတော့။ ပြည်သူ့လွှတ်တော် ကော်မရှင်က အခြေခံဥပဒေနှင့် ညီညွတ်သည်ဟု ကြေညာထားသော ပေါင်းစပ်အချိုးကျစနစ် (Mixed PR) သည်ပင် အခြေခံဥပဒေနှင့်မညီဟု ခုံရုံးက အဖြေပေးထားရာ အမျိုးသားလွှတ်တော် အတွက်လည်း မျှော်လင့်ချက် နည်းလှသည်။

PR အလွန် ၂၀၁၅ ရွေးကောက်ပွဲများကို မျှော်ကြည့်ရပေတော့မည်။

“FPTP (နိုင်သူအကုန်ယူစနစ်) ပဲသုံးသုံး၊ PR ပဲသုံးသုံး လူထုအတွက် တကယ်လုပ်ပေးနိုင်တဲ့သူ နိုင်မှာပဲ” ဟု ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးလေ့လာသူများ အပါအဝင် အများစုက ၂၀၁၅ ရွေးကောက်ပွဲ၏ အဖြေမှာ NLD ပါတီ အများစု အနိုင်ရလိမ့်မည်ဟုသာ ဟောကိန်းထုတ်ကြသည်။ ယင်းအတွက် လွှတ်တော်တွင်း တစ်ပါတီတည်းက ကြီးစိုးသော အာဏာရှင်စနစ် မဖြစ်စေရန် အကြောင်းပြကာ PR ကို အသက်သွင်းရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။

“အများစုက သူတို့နိုင်မယ် ဆိုပေမယ့် ကိုယ့်မဲဆန္ဒနယ်ကို ကွင်းဆင်းတဲ့အခါ၊ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့တဲ့အခါ အဖြေက အများကြီးရှိတယ်” ဟု ဦးအောင်ချိုဦးက ရှင်းပြသည်။

ကြံ့ခိုင်ရေးပါတီမှာ ငွေကြေးအင်အား တောင့်တင်းသဖြင့် စည်းရုံးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သည်ကို တွေ့ရကြောင်း ညောင်ဦးခရိုင်နှင့် ပခုက္ကူခရိုင် အတွင်းရှိ ဒေသခံအချို့ထံမှ သိရသည်။ ပါတီဝင်များကို ငွေကြေးထောက်ပံ့ခြင်း၊ ဝတ်စုံကဲ့သို့သော အသုံးအဆောင်များ ထောက်ပံ့ခြင်းကို ကြံ့ခိုင်ရေးပါတီက မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။

“ကြံ့ခိုင်ရေးက စည်းရုံးရေးကောင်းတယ်” ဟု ညောင်ဦးမြို့နယ်အတွင်း နေထိုင်သော ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

PR စနစ် အသက်မဝင်တော့သဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီများ အပါအဝင် ပါတီငယ် အများစု ပျောက်ကွယ်သွားနိုင်ပြီး ပါတီကြီး ဆယ်ခုခန့်သာ ဆက်လက်ရှင်သန်နိုင်လိမ့်မည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ခန့်မှန်းသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန် လွှတ်တော်အရပ်ရပ်၌ NDF ပါတီဝင် ကိုယ်စားလှယ်ဦးရေ ၁၀၀ ခန့် အနိုင်ရရှိရေး ခန့်မှန်းသော်လည်း မဲဆန္ဒရှင်များ၏ အဆုံးအဖြတ် အဖြေကို စောင့်ကြည့်ရန်လိုကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

လာမည့် ရွေးကောက်ပွဲ၏ အနိုင်ရပါတီမှာ NLD ဟု အများစု ခန့်မှန်းသလို သူရဦးရွှေမန်းကလည်း ကြံ့ခိုင်ရေးပါတီ အနိုင်ရမည် ဖြစ်ကြောင်း ပြောထားသည်။ မည်သူနိုင်၍ မည်သူရှုံးမည် ဆိုသည်ကို ရွေးကောက်ပွဲရလဒ်က ဆုံးဖြတ်မည် ဖြစ်၍ စောင့်ကြည့်ရန် ၎င်းက ပြောဆိုထားသည်။

သို့သော် မူပြောင်း၊ လူမပြောင်း စနစ်ဖြင့် အုပ်ချုပ်ခဲ့သော သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် တပ်မတော်အစိုးရ၏ အရိပ်ဆိုးထင်နေသော ကြံ့ခိုင်ရေးပါတီမှာ လူထုအကြား မျက်နှာကောင်းရသည်တော့ မဟုတ်။ လက်ရှိအစိုးရ လုပ်ကိုင်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာက အသိအမှတ်ပြုမှု ရှိသော်လည်း မြန်မာနိုင်ငံ၏ လူဦးရေအများစု ဖြစ်သော ကျေးလက်လူထုကို ထိထိရောက်ရောက် အကျိုးပြုနိုင်မှုမှာ အားရဖွယ်မရှိကြောင်း၊ အထူးသဖြင့် ရပ်/ကျေး အာဏာပိုင်များ၏ အမူအကျင့်များ ပြောင်းလဲမှု မရှိကြောင်း မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း The Voice နှင့် တွေ့ဆုံမေးမြန်းသူ အများစုက ပြောဆိုသည်။

ကျေးလက်လူထု အများစု စိတ်ဝင်စားသည်မှာ PR မဟုတ်သလို FPTP လည်းမဟုတ်။ ရွေးကောက်ပွဲစနစ်များကို နားထောင်ရန်ပင် စိတ်ဝင်စားလှသည် မဟုတ်ဘဲ NLD နှင့် ကြံ့ခိုင်ရေး ပါတီကြီးနှစ်ခု အပေါ်၌လည်း စွဲစွဲလမ်းလမ်း မရှိလှဟု ၎င်းတို့က ပြောဆိုသည်။

မင်းဘူးခရိုင်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး စည်းရုံးရေးမှူးတစ်ဦးဖြစ်သူ ဦးသန်းဇော်က ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒေသခံတို့၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်။

“အခုချိန်မှာ ကြံ့ခိုင်ရေးနဲ့ NLD ဘယ်သူက ဘာလာပေးပေး ကျွန်တော်တို့ယူတယ်။ ရွေးကောက်ပွဲ ရောက်ရင်တော့ ကိုယ့်ရွာ၊ ကိုယ့်ဒေသအတွက် ပိုလုပ်ပေးနိုင်မယ့်သူကိုပဲ မဲထည့်မှာ” ဟု ဆိုသည်။

NLD အနိုင်ရမည်လား၊ သူရဦးရွှေမန်း သမ္မတဖြစ်မည်လား။

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ မသေချာသေးသော ပြုပြင်ပြောင်းလဲရေးနှင့် မရေရာလှသော နိုင်ငံရေး ကျားကွက်များအကြား ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မည့် အရေးကိုပင် စိုးရိမ်နေဆဲ ဖြစ်သည်။

Credit - The Voice

No comments:

Post a Comment