Thursday, November 20, 2014

ကောင်းသောအမွေ

Written by : ဒေါက်တာခင်မောင်ညို
အလုပ်သမားသံအရာရှိရုံးနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် (MOETF) ရုံးတို့အား ဘန်ကောက်-မြန်မာရွှေ့ပြောင်းလုပ်သားအချို့ နိုဝင်ဘာ ၁၃ ရက်က အချက်လေးချက် တောင်းဆိုဆန္ဒပြခဲ့စဉ်
 တစ်နေ့တွင် သားတပည့်တစ်ယောက် အိမ်ကိုရောက်လာသည်။ သူ့အမည်က နာမည်လေးလုံးဖြစ်သောကြောင့် ကျွန်တော်တို့က မောင်ကျော်ဟုသာ ခေါ်ကြသည်။ သူသည် သင်္ဘောသားဖြစ်သည်။ အပျော်စီးသင်္ဘောတွင် အစားအသောက် စီစဉ်ပေးရသည့်  (Catering) တွင် အလုပ်လုပ်သူဖြစ်သည်။

“မောင်ကျော် လာ၊ ဘယ်တုန်းက ပြန်ရောက်လဲ”

“နှစ်ပတ်လောက်ရှိပြီဆရာ၊ မြို့ထဲမရောက်ဖြစ်လို့ပါ။ ခုတော့ ရွှေတိဂုံဘုရားသွားရင်းနဲ့ ဆရာ့ဆီ လှည့်ဝင်လာတယ်”

“မင်းဒီအခေါက် ဘယ်ရောက်လဲ”

“ထုံးစံအတိုင်း ဥရောပဘက်ကိုပဲ ဆရာရယ်”

သူတို့သင်္ဘောသည် Titanic ရုပ်ရှင်ထဲက သင်္ဘောကဲ့သို့ အင်မတန်ကြီးပြီး အနားယူအပန်းဖြေရာသီတွင်သာထွက်ပြီး ဆောင်းရာသီတွင် နားသည်။

“ဥရောပကတော့ ဒီလိုအချိန်ဆိုရင် ရာသီဥတု အင်မတန်ဆိုးတယ် ဆရာ”

သူထိုင်နေသောဧည့်ခန်းတွင် BBC သတင်းဖွင့်ထားတာကိုကြည့်ပြီး သူက ဆက်ပြောပါသည်။

“ကမ္ဘာကြီးပူနွေးလာတာ အားလုံးက လက်ခံတယ်။ မကြာသေးမီက မြန်မာပြည်ကိုရောက်လာတဲ့ အိုဘားမားက ရာသီဥတုပြောင်းလဲခြင်းကို လျှော့ချဖို့တရုတ်နဲ့ဆွေးနွေးခဲ့သေးတယ်တဲ့။ မင်းရောက်တဲ့နိုင်ငံတွေကော အခြေအနေဘယ်လိုရှိလဲ”

“ကျွန်တော် အံ့ဩသွားတာတစ်ခုရှိတယ် ဆရာ၊ ကျွန်တော် ၂ဝဝ၇ ခုနှစ်လောက်က Tripoli ကို ရောက်တယ်ဆရာ”

“လစ်ဗျားရဲ့မြို့တော်ဟုတ်လား”

“ဟုတ်တယ်ဆရာ။ အင်မတန်လှတဲ့ မြို့ပါပဲ”

“အင်း။ သူက အာဖရိကမှာရှိပေမယ့် မြေထဲပင်လယ်ကမ်းခြေက မြို့ကိုး၊ အီတလီနိုင်ငံနဲ့ ဟိုဘက်ဒီဘက်ရှိနေတာကိုမြေပုံထဲမှာ တွေ့ဖူးတယ်”

“ဟုတ်တယ်ဆရာ။ မြို့က မီးတွေထိန်ထိန်လင်းနေပြီး အဆောက်အအုံတွေကလည်း အင်မတန်လှတာပဲ။ သစ်ပင်တွေပုံစံ မီးဆိုင်းတွေဆင်ထားတာ။ ညဘက်ဆိုရင် နတ်ဘုံတမျှ လှတာပါပဲ”

“ချမ်းသာတာကိုး၊ သူတို့က ရေနံအင်မတန်ထွက်တဲ့နိုင်ငံပါပဲ။ တစ်နေ့တစ်နေ့ရေနံ ရောင်းရတဲ့ငွေ ဒေါ်လာသန်း ၂ဝဝ ကျော်ရတယ်။ အဲဒီတုန်းက သူတို့ နိုင်ငံခေါင်းဆောင်က ကဒါဖီဖြစ်တယ်။ ရုပ်ရှင်မင်းသားလိုပဲ၊ အင်မတန်စမတ်ကျတဲ့သူ”

“ဟုတ်တယ်ဆရာ၊ ကဒါဖီက သူ့ရဲ့ မွေးနေ့အတွက် ကျွန်တော်တို့သင်္ဘောကို ဟိုတယ်ကြီးလိုလုပ်ပြီး တစ်လတိတိ ကျင်းပတယ်။ ကျွန်တော်က ထရီပိုလီကို အတော်သဘောကျတယ်ဆရာ”

“ဒါပေါ့၊ ဒါပေါ့”

“တစ်ရက်မှာ ကျွန်တော် ကျွန်တော်နဲ့ခင်တဲ့ သင်္ဘောက အရာရှိပေါ့လေ။ သူက ကပ္ပတိန်ရဲ့လက်ထောက်ပဲ။ သူက ကျွန်တော်တို့ကို အတော်ခင်တယ်။ ကျွန်တော်က သူ့ကို တို့တစ်တွေ ထရီပိုလီကို ဘယ်တော့သွားမလဲလို့မေးတော့ မျက်နှာကြီးနီပြီး ဘယ်တော့မှမသွားဘူးလို့ စိတ်ဆိုးသံကြီးနဲ့ ပြောတယ်။ ကျွန်တော်အတော်ကြောက်သွားတာပေါ့။ ဒါပေမဲ့ ဘေးက သူငယ်ချင်းကဘာဖြစ်လို့လဲ မေးတယ်”

“ဒါကတော့သူတို့ဆီက ထုံးစံပဲ၊ ဘာမဆို ဘာဖြစ်လို့လဲ (Why?) ဆိုတာ သူတို့ မေးရိုးထုံးစံပဲ၊ သူတို့ကျောင်းတွေမှာ ဒီလိုပဲလေ့ကျင့်ထားတာကိုး။ တို့တစ်တွေသာ လူကြီးတွေနဲ့တွေ့ရင် (Why?) ဆိုတာကို မေးဖို့ဝန်လေးကြတယ်”

“ဟုတ်တယ်ဆရာ၊ အရာရှိဟာ လာလိုက်ခဲ့ဆိုပြီး သူရဲ့အခန်းထဲက အင်တာနက်ကို ဖွင့်တယ်။Skype နဲ့ ထရီပိုလီကိုပြတယ်။ စုတ်ပြတ်နေရော၊ မီးလောင်ပြီးအဆောက်အအုံတွေ ပြိုပျက်နေတယ်။ တွင်းတွေပဲ ကျန်နေတဲ့နေရာတွေ၊ ပျက်စီးနေတဲ့ တံတားတွေ လမ်းတွေ အများကြီးပါပဲ”

“ဟုတ်တယ်။ အီဂျစ်မှာဖြစ်တဲ့ အာရပ်နွေဦး (Arab Spring) ဟာ လစ်ဗျားကို ကူးသွားတယ်လေ”

“ဘယ်လိုမျိုးလဲဆရာ”

“၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလက တိုနီးရှားကစပြီးဖြစ် မီးမွှေးလိုက်တာကွ။ သစ်သီးရောင်းတဲ့ မိုဟာမက်ဘိုအာဇီဇီဆိုတဲ့ ဘွဲ့ရလူငယ်တစ်ယောက်ကို အဲဒီနေရာရောင်းခွင့်မရှိဘူးဆိုပြီး ရဲက အရေးယူတော့ လူငယ်လေးဟာ မိမိကိုယ် ကိုယ်မီးရှို့သတ်သေလိုက်တယ်။ ဒီအခါ ဆန္ဒပြတာတွေ ဖြစ်လာတယ်။ မခံမရပ်နိုင်တဲ့လူတွေရဲ့ပေါက်ကွဲမှုပေါ့”

“အကြမ်းဖက်တာတွေပါလား ဆရာ”

“ဒီလိုဆန္ဒပြတဲ့နေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေရှိသလို ဆူဆူပူပူလုပ်တာတွေလည်း ပါတယ်။ အဲဒီမီးဟာ အာရပ်နိုင်ငံတွေကို ကူးသွားတယ်။ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယားတို့ကို ပြန့်သွားလိုက်တာ ဒီနေ့ထိ မပြီးနိုင်သေးဘူး”

“ဟုတ်ကဲ့ဆရာ လစ်ဗျားဆိုတာ ချမ်းသာတဲ့နိုင်ငံပါ ဆရာ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”

“ချမ်းသာတာပေါ့ကွာ။ တစ်နေ့ဒေါ်လာသန်း ၂ဝဝ ဆိုတာ အင်မတန်များတဲ့ ဝင်ငွေကွ၊ တစ်နှစ်ဘီလျံ ၇ဝ ကျော်ရတယ်။ ဆရာကြားဖူးတာက စင်ကာပူက ချန်ဂီလေဆိပ်ဆိုရင် ဒေါ်လာလေးဘီလျံလောက်ပဲကုန်သတဲ့။ အာရပ်နိုင်ငံတွေဟာ ရေနံကနေ ပိုက်ဆံတော်တော်များများကို ရပါတယ်”

“ဟုတ်ကဲ့ဆရာ။ ဘာလို့ဒီလိုဖြစ်ရတာလဲ”

“အင်း မင်းလည်း (Why?) ဆိုတာကို မေးတတ်နေပြီပဲ။ ဆရာ့အနေနဲ့ ခေါင်းဆောင်တွေကပေးတဲ့ အမွေနဲ့သက်ဆိုင်တယ်လို့ ယူဆတယ်ကွ။ တို့ရဲ့နိုင်ငံတို့ရဲ့လူမှုအသိုင်း အဝိုင်းဆိုတာ မိသားစုအတူတူနေတဲ့ အိမ်ကြီးတစ်လုံးလို အသိုက်အမြုံကြီးပဲကွ။ အားလုံးအေးအတူပူအမျှနေကြရတယ်။ ဆင်းရဲချမ်းသာနည်းနည်းပါးပါး ကွာဟရင်တော့ ကိစ္စမရှိပါဘူး။ ဘယ်သူမှလည်း လူချမ်းသာတွေလို သိန်းသောင်းကျော်တန်တဲ့အိမ်တွေမှာ မနေချင်ကြပါဘူး။ မာစီဒီးကားတွေ ရိုးရွိုက်စ်ကားတွေလည်း မစီးချင်ပါဘူး။ တိုက်ခန်းလေး တစ်ခန်းလောက်နဲ့ တစ်ခါတစ်ခါတော့ သိန်းတစ်ရာလောက်တန်တဲ့ ကိုယ်ပိုင်ကားလေး လိုချင်ကြတယ်။ ဒါပေမဲ့များသောအားဖြင့်တော့ ဘတ်စ်ကားလေးနဲ့ပဲ ရုံးတက်ချင်ကြပါတယ်။ ဒါတွေကို အဆင်ပြေအောင် အုပ်ချုပ်တဲ့အစိုးရတွေက စီစဉ်ပေးရပါမယ်”

“လုပ်တော့လုပ်ကြတာပဲ မဟုတ်လား ဆရာ”

“လုပ်ကြပါတယ်။ ဒါပေမဲ့ အဆင်မပြေလို့ ဒီလိုဆန္ဒပြတာတွေဖြစ်တာ မဟုတ်လား”

“လူ့အလို နတ်မလိုက်နိုင်တာမျိုးလို့ရော ဆရာမထင်ဘူးလား”

သူပြောသော လူ့အလိုနတ်မလိုက်နိုင်သည့်စကားကို ကျွန်တော် အတော်သဘောကျပါသည်။ ကျွန်တော်တို့အားလုံးအတွက် အဆင်ပြေအောင် အစိုးရအနေနဲ့ဖြေရှင်းပေးရတာ မလွယ်ကူပါ။

သို့သော် ဥပဒေဆိုတာရှိသည်။ ဥပဒေအောက်မှာ ရှိရမည်။ မတရားသည့် ဥပဒေများကို ပြုပြင်ရပါမည်။

အထူးသဖြင့် ပညာရေးကို အရေးတယူရှိသင့်သည်။

“မောင်ကျော်ကို ဆရာ့အဖေပြောတာ ပြောပြချင်တယ်။ အကျဉ်းချုံးပြီးပဲပြောပြမယ်။ ဆရာ့အဖေက“မြန်မာပြည် သူ့ကျွန်ဘဝရောက်တာ ပညာတတ်တဲ့သူတွေ နည်းလို့၊ ဆရာစံတော်လှန်ရေး မအောင်မြင်တာ ပညာတတ်တွေ ဦးဆောင်မှုမရှိလို့။ မြန်မာပြည် လွတ်လပ်ရေးရတာ ဗိုလ်ချုပ်အောင်ဆန်းတို့လို ပညာတတ်တွေ ဦးဆောင်လို့” ဆိုပြီးပြောသွားတယ်။ အခြားအကြောင်းတွေလည်း အများကြီးပါမှာပေါ့ကွာ။ ဒါပေမဲ့ ပညာကတော့ အရေးအပါဆုံးလို့ပဲ ယူဆတယ်”

“ဟုတ်ကဲ့ဆရာ၊ အာရပ်နိုင်ငံတွေက ပညာတတ်တွေ သိပ်နည်းတယ်။ဒေါသကြီးတယ်၊ ရန်လိုတယ်”

“မှန်တာပေါ့၊ တကယ်တော့ အာရပ်နိုင်ငံတွေဟာ ချမ်းသာပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံ (Develop Countries) တွေထဲမှာ ပါမလာဘူး။ ဒါကြောင့် ဆရာကတော့သူတို့အနေနဲ့ ပညာအမွေကို ပေးနိုင်ဖို့ကြိုးစားရမယ်”

“ဟုတ်တယ်ဆရာ၊ သူတို့ဆီက မိန်းကလေးတွေဟာ စာသင်ခွင့်မရတာတွေ အများကြီးရှိတယ်”

“ဒါကို ဆန့်ကျင်တဲ့ မာလာလာဆိုတဲ့ မိန်းကလေးပေါ့လေ။ သူဟာ အမျိုးသမီးတွေ စာသင်ခွင့်ရရေးအတွက် တောက်လျှောက်ကြိုးပမ်းခဲ့တယ်။ သူ့ကို ဘာသာရေးအစွန်းရောက်တွေက သေနတ်နဲ့ အနီးကပ်ပစ်ခဲ့တယ်။ ဦးခေါင်းမှာ ကျည်ဆန်သုံးချက် မှန်ပေမယ့် မသေခဲ့ဘူး။ သူဟာ ဇွဲမလျှော့ဘဲ အမျိုးသမီးတွေ စာသင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် သူဟာ အသက် ၁၇ နှစ်နဲ့ ဒီနှစ်ထဲမှာပဲ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရသွားတယ်”

“ဟုတ်ကဲ့ဆရာ၊ ဆရာပြောသွားတော့ အာရပ်နွေဦးလို ငြိမ်းချမ်းစွာဆန္ဒပြတာတွေ အကြမ်းဖက်တာတွေကြောင့် ပျက်စီးသွားတာတွေဟာ ပညာတတ်တွေ နည်းပါးလို့ပဲပေါ့ နော်ဆရာ”

“မှန်တာပေါ့။ မှန်ကန်တဲ့ပညာရေးဟာ အင်မတန်အရေးပါတယ်။ မင်းခုတို့နိုင်ငံကို ကြည့်လေ။ ဒီမိုကရေစီကို ကူးပြောင်းဖို့အာဏာရှင်က အာဏာစွန့်ပြီး လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ တို့တစ်တွေကိုချည်တုပ်ထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ရှေ့သွားရတာခက်နေတယ်”

“ပေးကားပေး၏ မရလားဆရာ”

“မောင်ကျော်၊ မင်းကတော့ ငါ့ကိုစကားပုံတွေချည်းပြောနေတာကိုး။ စောစောကလည်း လူ့အလိုနတ်မလိုက်နိုင်ဘူးလို့ပြောတာပဲ။ အာဏာရှင်တွေက အာဏာစွန့်ရုံတင်မကူး။ တိုင်းပြည်ကိုမှန်ကန်တဲ့ လမ်းပေါ်တင်ပေးရမယ်။
အင်္ဂလိပ်ကိုလိုနီဘဝကနေ လွတ်မြောက်ပြီးလွတ်လပ်ရေးရတဲ့တို့နိုင်ငံ ခုထက်ထိ နာလန်မထူနိုင်ဘူး။ ငါက အပြစ်တင်နေတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက ကိုလိုနီနိုင်ငံတွေဟာ ကျွန်ဘဝကလွတ်မြောက်လာပြီး နှစ် ၄ဝ၊ ၅ဝ လောက်ကြာအောင် ရုန်းကန်ကြရတယ်။
တို့နိုင်ငံဆို နှစ် နှစ်ခြောက်ဆယ်ကျော်ပြီ၊ ဆင်းရဲတွင်းက မထွက်နိုင်သေးဘူး။ ခုလည်း မမှန်မကန်တွေ လုပ်နေကြရင်တော့ တို့လူမျိုးတွေ လူဖြစ်ရှုံးတော့မှာပါပဲ”

“ဟုတ်တယ်ဆရာ။ ကျွန်တော်တို့လိုနိုင်ငံခြားသွား အလုပ်လုပ်နေကြတဲ့လူတွေ လေးသန်းကျော်ရှိတယ်လို့ ပြောတယ်ဆရာ၊ အဲဒီမှာတော့ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးတယ်ဆရာ။Second Class Citizen တွေပေါ့ ဆရာရယ်”

“ရွှေ့ပြောင်းလုပ်သားဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။  ဒီအတွက်လည်း ပညာတတ်ဖို့တော့ လိုတယ်။ တို့အတွက် လိုတာတွေကိုပြည်တွင်းမှာပြင်ဆင်ကြရမယ်။ ဆရာပြောသလို ဒီအိမ်ထဲမှာတစ်ယောက်ကို တစ်ယောက် ညှာတာတဲ့ အသိစိတ်ဓာတ်လေးတော့ လိုတယ်။ ကဲစကားပြောလို့တော့ ကောင်းပါတယ်။ မင်း ရွှေတိဂုံဘုရားသွားရင်းနဲ့ဝင်လာတယ်ဆိုတော့ ဘုရားမှာဘာဆုတောင်းမလဲ”

“အစိုးရမင်းများ ဆင်ခြင်တတ်သူတွေဖြစ်ကြပြီး ဆရာပြောသလို ပညာရှိသူများ ဖြစ်စေဖို့ ဆုတောင်းပါမယ်ဆရာ”


Credit - Eleven Media Group

 

No comments:

Post a Comment