
ပြီးခဲ့တဲ့ ၂ နှစ်လောက်က အမေရိကန်စင်တာမှာ တက်နေကြတဲ့ မြန်မာကျောင်းသားများက သူတို့အသီးသီးဖွဲ့စည်းထားတဲ့ Burmese Youth Association အဖွဲ့က
ငြိမ်းချမ်းရေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကျောင်းသားများရဲ့ မေးခွန်းတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ဆရာတော်က ငြိမ်းချမ်းရေးစကားပြောတဲ့အခါမှာ နှစ်ဦးနှစ်ဖက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကြားထဲမှာ တစ်ခုခုကြားခံနေရင် ပြောဆိုဆွေးနွေးရတာ အဆင်မပြေဘူး။ ကြားထဲမှာခံနေတဲ့ တစ်စုံတစ်ခုသောအရာကို အရင်ဆုံး ဖယ်ရှားပစ်ရမယ်။ ကြားထဲမှာကာထားတဲ့ အရာကို ဖယ်ရှားလိုက်တာနဲ့ ငြိမ်းချမ်းသွားပြီလို့ ဆိုနိုင်တယ်။ အဖွဲ့အစည်း နှစ်ဖွဲ့၊ သုံးဖွဲ့ဟာ မငြိမ်းချမ်းဘူးဆိုရင် ကြားဝင်ပြီးစေ့စပ်တဲ့သူသာမက အဲဒီအဖွဲ့အစည်း အသီးသီးကပါ ငြိမ်းချမ်းချင်တဲ့ဆန္ဒ ရှိရမှာဖြစ်ပါတယ်လို့ မိန့်ပါတယ်။ အဖွဲ့တွေနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မငြိမ်းချမ်းတာရှိသလို တစ်ဖွဲ့တည်းမှာပဲ နောက်တစ်ဦးတစ်ယောက်တည်းမှာကိုပဲ မငြိမ်းချမ်းနိုင်တဲ့အဖြစ်တွေ ရှိနိုင်တာပါပဲ။ ဒီနေရာမှာ ကိုယ်တွေ့ခံစားမှုလေး ပြောပြချင်ပါတယ်။ ကျွန်တော်ရဲ့ အသိမိတ်ဆွေထဲက သူရဲ့အပြုအမူ အကျင့်စာရိတ္တနဲ့ အမူအရာတွေကို မကြိုက်နှစ်သစ်လို့ အတော်လေး မုန်းတီးမိတဲ့သူတစ်ယောက် ရှိပါတယ်။ သူကတော့ ကျွန်တော်သူ့ကို တစ်ဖက်သတ် မုန်းနေတယ်ဆိုတာ သိပုံမရပါဘူး။ ဒါပေမဲ့ တစ်ဖက်သတ် မုန်းတီးနေတဲ့ ကျွန်တော့်မှာသာ သူ့ကိုမြင်တိုင်း စိတ်ဆင်းရဲနေရတယ်။ သူ့ကိုမြင်လည်း မမြင်ချင်ဘူး၊ စကားလည်းမပြောချင်ပါဘူး။ ဒါပေမဲ့ သူကိုမကြာခဏပဲ တွေ့နေရတာပါ၊ တွေ့တိုင်းပဲ ကိုယ့်မှာသာပူလောင်တဲ့ခံစားမှုတွေ ခံစားနေရတာပါ။ သူကတော့ အေးဆေးဘာသိဘာသာပါပဲ။ ဒါဟာ ကျွန်တော့်ဘာသာ တစ်ယောက်တည်း မငြိမ်းချမ်းနိုင်ဘဲ လောင်မြိုက်နေတဲ့ သဘောပါပဲ။ တစ်စုံတစ်ယောက်အပေါ် ဒေါသအာဃာတ ထားလိုက်ပြီဆိုရင် အရင်ဆုံးက ကိုယ်ကိုယ်တိုင် ပူလောင်ရတာပါပဲ။ ဒါကို သိပေမယ့်လည်း သူ့ကိုမေတ္တာထားလို့မရတာက ကျွန်တော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ မေတ္တာတရားဟာ အရေးအကြီးဆုံးပါပဲတဲ့။ မေတ္တာတရားဆိုတာ ကိုယ်ကပဲသူများကို ပေးချင်တာ၊ ကိုယ်ကပဲသူများကို ကူညီချင်တာ၊ ကိုယ်ကပဲသူများကို စောင့်ရှောက်ချင်တာ၊ ကိုယ့်ကြောင့် ဘယ်သူတစ်ယောက်ကိုမှ ဒုက္ခမရောက်ချင်တာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ မေတ္တာရဲ့တရားကိုယ်က အဒေါသစေတသိက်ပါ။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ရန်သူမရှိရပါဘူး။ ရန်သူကို မေတ္တာထားနိုင်မှ ဖြစ်ပါမယ်။ အရင်ဆုံးတော့ ဘယ်သူ့ကိုမှ ရန်သူလို့ မမြင်တော့ရင် ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းသွားပါပြီ။ သူတို့က ကိုယ့်ကိုရန်သူလို့ သဘောထားဦးတော့ ကိုယ်က ငြိမ်းအေးနေတဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက် ပဋိပက္ခဆိုတာ မရှိနိုင်တော့ပါဘူး။ ဘယ်သူ့ကိုမှ ရန်သူလို့မထင်ဖို့ဆိုတာ ကိုယ့်မှာ မေတ္တာတရား ကိန်းအောင်းနေဖို့ လိုပါတယ်။ မေတ္တာထားတဲ့အခါမှာ အတိုင်းအဆမရှိ အကန့်အသတ်မရှိ ထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်သာ ကိုယ့်မိသားစုသာ မေတ္တာထားမယ်ဆိုရင် ကျန်တဲ့မိသားစုတွေနဲ့ အဆင်မပြေနိုင်ပါဘူး။ နောက်ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်မြို့၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက်သာ မေတ္တာထားမယ်ဆိုရင် ကျန်တဲ့အဖွဲ့အစည်း၊ လူမျိုး၊ တခြားနိုင်ငံတွေနဲ့ အဆင်မပြေနိုင်ပြန်ပါဘူး။ လူတိုင်းက အဲဒီလို အကန့်အသတ်မဲ့ အတိုင်းအဆမဲ့ မေတ္တာထားနိုင်ပြီရင်တော့ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားနိုင်ပါတယ်။
ငြိမ်းချမ်းရေးကို နိုင်ငံတိုင်းလူတိုင်း ရချင်ကြတာချည်းပါပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံတွေဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေရင်းက မငြိမ်းမချမ်းဖြစ်နေကြတာကို တွေ့နေရတာဟာ တကယ့်စစ်မှန်တဲ့ အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ မေတ္တာမရှိကြသေးလို့ပဲလို့ ပြောရမှာပါ။ မငြိမ်းချမ်းတဲ့ လူ့အဖွဲ့ အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံဟာ ငြိမ်းချမ်းရေးရဖို့အတွက် တစ်ဖက်သတ်တည်းက မေတ္တာထားနေရုံနဲ့တော့လည်း အဆင်မပြေနိုင်သေးပါဘူး။
ငြိမ်းချမ်းရေးရဖို့ဆိုရင် ရန်သူမရှိရပါဘူး။ ရန်သူကို မေတ္တာထားနိုင်မှ ဖြစ်ပါမယ်။ အရင်ဆုံးတော့ ဘယ်သူ့ကိုမှ ရန်သူလို့ မမြင်တော့ရင် ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းသွားပါပြီ။ သူတို့က ကိုယ့်ကိုရန်သူလို့ သဘောထားဦးတော့ ကိုယ်က ငြိမ်းအေးနေတဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက် ပဋိပက္ခဆိုတာ မရှိနိုင်တော့ပါဘူး . . . . .
မေတ္တာထားတာနဲ့ ပတ်သက်ပြီး ဖတ်ဖူးတာလေးတစ်ခု ရှိပါတယ်။ အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်းပြောဆိုဆက်ဆံရပြီး အဆင်မပြေဘူးတဲ့။ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ၊ ခဏခဏဖြစ်ပြီး စိတ်လည်းအင်မတန် ညစ်နေပါတယ်။ ယဉ်ကျေးမှုအရလည်းဖြစ်၊ ဘာသာရေးအရလည်းဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရ၊ ပြင်ဆင်ပေးနေရတယ်ပေါ့။ တစ်နေ့တော့ ဒီဒဏ်တွေကိုမခံနိုင်လို့ အမျိုးသမီးဟာ သူ့အဖေထံသွားပြီး အကြံဉာဏ်တောင်းတယ်၊ အဖေဖြစ်သူကလည်း ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ ဆေးကိုနည်းနည်းဆီခတ်ပြီး ခြောက်လအတွင်း မသိမသာနဲ့ သေဆုံးသွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါတယ်။ ပြီးတော့ ဆေးလည်းပေးလိုက်ပါသတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလအတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှုယဉ်ကျေးပြီး အလျှော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲလာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလေး လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ရှိလာပါတယ်။ ဒါကြောင့်မို့ သူတို့မိသားစုလေးဟာ အတော်လေး ငြိမ်းချမ်းသာယာ အဆင်ပြေနေပါပြီ။
ဒီတော့ အဆိပ်ခတ်မိတဲ့ အမျိုးသမီးက နောင်တရနေတယ်။ ဒါကြောင့် သူ့အဖေဆီပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိခတ်ထားတဲ့ အဆိပ်ကို ပြေအောင်လုပ်နိုင်တဲ့ဆေး ပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။ “ငါ့သမီးကို အဖေပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ်ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင်ဆေးတွေပါ။ အဖေက သမီးရဲ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ ဖယ်ရှားပေးလိုက်တာပါ”
အချင်းချင်း ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူး ပြောဆိုဆက်ဆံနေမယ့်အစား အရင်ဆုံး ကိုယ်ကိုယ်ကိုယ်ကောင်းအောင် ပြောင်းလဲပြီး မေတ္တာထားရမှာပါ။ ကိုယ်ကကောင်းပြီဆိုတာနဲ့ ကိုယ်ပတ်ဝန်းကျင်ကလည်း ကိုယ့်အပေါ် ကောင်းမွန်လာမှာပါပဲ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်ပါဘူး။ သူကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ဘဲ လိုပါတယ်။ ကိုယ်က ကောင်းအောင်နေပြီးတော့ သူမဆိုးအောင် လုပ်ရပါမယ်။ လုံးဝပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် မေတ္တာမပျက်ရပါဘူး။ လူတိုင်းဟာ မေတ္တာနဲ့ မထိုက်တန်ဘူးဆိုတာ မရှိပါဘူး။ မေတ္တာစစ်၊ မေတ္တာမှန်တို့ရဲ့ သဘောကတော့ ရောင်ပြန်ဟပ်တတ်တဲ့ သဘောပါတယ်။ ပြုလုပ်ကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါမှာ မေတ္တာတရားရှေ့ထားပြီး ညှိနှိုင်းဆွေးနွေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment