![]() |
မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အိုဘားမားမှာ အကောင်းမြင်လွန်းသည်ဟု ဝေဖန်မှုများထွက်ပေါ်နေ/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) |
ကန်သမ္မတအိုဘားမား မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာမီ နာရီပိုင်းအလိုတွင် အရေးအကြီးဆုံး သတင်းစကားတစ်ခုကို မြန်မာအစိုးရအတွက် ချန်ရစ်ခဲ့သည်။ သူသာ မြန်မာသမ္မတဆိုပါက ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ချိန်တွင် ကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ပြုလုပ်မည်ဖြစ်ကြောင်း စူပါပါဝါသမ္မတက မြန်မာလူငယ်တစ်ဦး၏မေးခွန်းကို ပါးပါးနပ်နပ်ပြန်ဖြေခဲ့ခြင်းဖြစ်သည်။
ကန်သမ္မတခရီးစဉ်မစတင်မီက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ရပ်တန့်နေပြီး မြန်မာအစိုးရအပေါ် အကောင်းမမြင်လွန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သမ္မတအိုဘားမားကလည်း ပြုပြင်ပြောင်းလဲရေးများ နောက်ပြန်ဆုတ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တကယ်တမ်း မြန်မာပြည်နှစ်ရက်တာခရီးစဉ်အတွင်းတွင် ဖိအားပေးမှုထက် နှစ်ဖက်စလုံးကို တွေ့ဆုံဆွေးနွေး၍ အကောင်းဆုံးဖြစ်နိုင်မည့် လမ်းကြောင်းတစ်ခုကို အိုဘားမားက ပုံဖော်ပေးခဲ့သည်။ အစိုးရကို မဖြစ်မနေလုပ်ရမည့် အချက်လေးချက်တိုက်တွန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆက်လက်ထောက်ခံကြောင်းနှင့် နှစ်ဖက်အမြင်မတူမှု အချို့ရှိသော်လည်း အခြေခံရပ်တည်မှုများကို ထိခိုက်မှုမရှိကြောင်း အိုဘားမားကပြောကြားသည်။
ထို့ကြောင့် မြန်မာအစိုးရကို ထိတွေ့ဆက်ဆံသည့် အမေရိကန်၏ ဆုပေးဒဏ်ပေး(carrot and stick) နိုင်ငံခြားရေးမူဝါဒကို သမ္မတအိုဘားမားက ဆက်လက်ကျင့်သုံးမည်ဟု နားလည်ပြီး မြန်မာအစိုးရနှင့် အတိုက်အခံတို့ကြား သဘောထားကွဲလွဲမှုများကို အဖြေရှာကြရန် ဘုံသဘောတူညီချက်ဖြင့် ရပ်တည်ဆွေးနွေးမှုက အရေးကြီးလာကြောင်း မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး လေ့လာသူတို့က အိုဘားမားခရီးစဉ်အပြီးတွင် သုံးသပ်လာကြသည်။
‘‘အမေရိကန်ပြောတာလည်း ပြောပေါ့။ တကယ်လုပ်ရမှာက ကာယကံရှင်တွေနဲ့ ပြည်သူတွေက အဓိက။ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ စီးပွားရေးကို မြှင့်တင်ဖို့ ဘုံရည်မှန်းချက်ထားသင့်တယ်။ အစိုးရမှာ ပိုတာဝန်ရှိတယ်။ သူ့မှာ လုပ်ပိုင်ခွင့်ပိုရှိနေတာကိုး။ တပ်မတော်လည်း ထိုနည်းအတိုင်းပဲ။ အချင်းချင်းတိုက်နေလို့ ဘာမှမထူးဘူး’’ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။
အိုဘားမားအပါအ၀င် နိုင်ငံတကာခေါင်းဆောင်များအသံကို နားထောင်သင့်သော်လည်း မိမိနိုင်ငံအရေးကို ကာယကံရှင်များဖြစ်သည့် လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် အတိုက်အခံတို့က ဘုံရည်မှန်းချက်ထား၍ စတင်ညှိနှိုင်းရတော့မည်အချိန် ရောက်ပြီဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။
မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရထားသည့် မူဝါဒမှာ ပြုပြင်ပြောင်းလဲရေးကို လက်ရှိအစိုးရက ဘယ်လောက်ထိလုပ်နေလဲ၊ ဘယ်လိုပုံစံလုပ်နေလဲဆိုသည့် အပေါ်တွင်သာ မူတည်သည်။ ပြုပြင်ပြောင်းလဲရေးနှေးကွေးခြင်း၊ ရပ်တန့်ခြင်းထက် အစိုးရနှင့် အတိုက်အခံတို့ တကယ်လုပ်ရမည့်အလုပ်ကို လုပ်၊ မလုပ်ဆိုသည့် ချဉ်းကပ်မှုမျိုးဖြင့်သာ ရှုမြင်သည်ဟု အိုဘားမားခရီးစဉ်က သုံးသပ်ရကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောကြားသည်။
‘‘အိုဘားမားက အစိုးရနဲ့တွေ့တယ်။ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတယ်။ ဆက်လုပ်ဖို့လိုတာကို တွန်းအားပေးတယ်။ ၂ နှစ်အတွင်း နှစ်ခေါက်လာတာဟာ အစိုးရကို ထောက်ခံလို့ပဲလို့ ယူဆတယ်။ ဒီလိုပဲ အတိုက်အခံကိုလည်း သူတွေ့တယ်။ အားပေးတယ်။ ထောက်ခံကြောင်းပြသတယ်။ ဒါကလည်း အတိုက်အခံကို ပစ်မထားဘူး၊ အားပေးတယ်ဆိုတာ ပြသတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အောင်မြင်တာပဲ။ ဒါပေမဲ့ အမေရိကန်ထားတဲ့ မူဝါဒက Reform နှေးတာမြန်တာမဟုတ်ဘူး။ အဲဒီ Reform ကို အစိုးရ ဘယ်လိုလုပ်နေလဲနဲ့ အတိုက်အခံတွေကလည်း အစိုးရကို ရင်ဆိုင်နိုင်တဲ့ မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ထားတာလားကို ကြည့်တာပါ။ ဥပမာအတိုက်အခံက စစ်ဗိုလ်ဘယ်နှယောက်ကို စည်းရုံးပြီးပြီလဲ ဆိုတာမျိုးပေါ့။ အခုသူ့ခရီးစဉ်မှာ နှစ်ဖက်စလုံးနဲ့ တွေ့တယ်။ အကြံပြုချက်တွေပြောသွားတယ်။ တကယ်လုပ်ရမှာက အစိုးရ၊ လွှတ်တော်နဲ့ အတိုက်အခံတို့ပဲ။ ကိုယ်လုပ်မှ ကိုယ်ရမှာ’’ဟု ၎င်းကပြောသည်။
အိုဘားမားက သမ္မတဦးသိန်းစိန်ကို နိုဝင်ဘာ ၁၃ ရက်ညက နေပြည်တော် သမ္မတအိမ်တော်၌ တစ်နာရီ ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်။
သမ္မတနှစ်ဦး သုံးကြိမ်မြောက်တွေ့ဆုံမှုတွင် အကြာဆုံးတွေ့ဆုံမှုလည်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်ချိန်အတွင်း လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ တစ်စုံတစ်ယောက် အဖွဲ့တစ်ဖွဲ့ကို ကန့်သတ်ရာ ရောက်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရခိုင်ပြည်နယ်တွင်းက လူနည်းစုမွတ်စလင်များ ဖိနှိပ်ခံနေရခြင်းတို့ကို ဖြေရှင်းရန် အိုဘားမားက တိုက်တွန်းခဲ့သည်။
သမ္မတဦးသိန်းစိန်က အိုဘားမား၏ အကြံပြုချက်အားလုံးကို လုပ်ဆောင်နေပြီဖြစ်ပြီး ရခိုင်ကိစ္စမှာ အချိန်ယူဖြေရှင်းရမည့်ကိစ္စဖြစ်နေ၍ ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်နှင့် သက်ဆိုင်ပြီး အချို့ပုဒ်မများကိုမူ ပြည်သူ့ဆန္ဒခံယူမှုဖြင့် ပြင်ဆင်နိုင်ကြောင်း ပြောကြားခဲ့သည်။
အိုဘားမားခရီးစဉ်မတိုင်မီ ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို ပိတ်ဆို့မှုစာရင်း ထည့်သွင်းလိုက်သည့်အတွက် မြန်မာအစိုးရကို ဖိအားပေးမည့် သင်္ကေတတစ်ရပ်ဟု ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။
သို့သော် သမ္မတနှစ်ဦး တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ပြုပြင်ပြောင်းလဲရေးမှာ မျဉ်းဖြောင့်အတိုင်း တစ်သမတ်တည်း သွားနေမည်မဟုတ်ဘဲ မြန်မာနိုင်ငံအနေဖြင့် ဆက်လုပ်ရမည့်ကိစ္စများကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ကိစ္စပြောကြားရာ၌ ယခင် အိမ်ဖြူတော်အသုံးအနှုန်း ရိုဟင်ဂျာအစား လူနည်းစု မွတ်စလင်မိသားစုများဟုသာ သုံးနှုန်းသွားခဲ့သည်။
ထို့အပြင် ဓာတုလက်နက်အပါအ၀င် မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုရပ်တန့်ရန် ကြိုးပမ်းခဲ့ပြီး အရှေ့တောင်အာရှ လက်နက်ထိန်းချုပ်ရေးကဏ္ဍတွင် အမေရိကန်နှင့် လက်တွဲလုပ်ခဲ့ခြင်းတို့ကြောင့် ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
‘‘အပြောင်းအလဲတွေဟာ ခက်ခဲတယ်။ အမြဲတမ်းလည်း လမ်းကြောင်းတစ်ဖြောင့်တည်း မသွားနိုင်ဘူးဆိုတာ ကျွန်တော် နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အကောင်းမြင်ပါတယ်’’ဟု အိုဘားမားကပြောကြားခဲ့ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် လူငယ်ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားရာ၌လည်း ယင်းစကားလုံးကို အိုဘားမား ပြန်လည်သုံးနှုန်းသွားခဲ့သည်။ မြန်မာပြည်မလာမီ အိုဘားမားက မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ နောက်ကြောင်းပြန်လှည့်နေပြီဟု သတိပေးခဲ့သော်လည်း အပြောင်းအလဲမှာ တစ်သမတ်တည်း မသွားဘဲ တစ်ခါတစ်ရံနောက်ပြန်သွားခြင်း၊ ဘေးသို့ယိုင်သွားတာမျိုး ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စု၏ ၂၃၈ နှစ်ကြာ သမိုင်းကြောင်းတွင်လည်း ယင်းအဖြစ်မျိုး ကြုံဖူးခဲ့ကြောင်း ၎င်းက လူငယ်များကို အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဆုပေးဒဏ်ပေးမူဝါဒကို စစ်မှန်သည့် ဒီမိုကရေစီရရှိသည့်အထိ ဆက်လက်ကျင့်သုံးဖို့လိုပြီး ဆုကများများ၊ ဒဏ်ကနည်းနည်းမဖြစ်ဖို့ လိုအပ်ကြောင်း အိုဘားမားနှင့် တွေ့ဆုံခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများထဲမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ခင်လေးကပြောကြားသည်။
‘‘စစ်တပ်ချင်း ဆက်ဆံရေးကိုလည်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ ဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ အိုဘားမားကိုပဲ အရမ်းကြီးမျှော်လင့်မနေချင်ဘူး။ တကယ်တမ်းအပြောင်းအလဲဆိုတာ ပြည်တွင်းကလုပ်မှရတာ’’ဟု ၎င်းကဆက်ပြောသည်။
ထိပ်သီးအစည်းအဝေးတစ်လျှောက် သမ္မတဦးသိန်းစိန်၏ ကြိုဆိုဧည့်ခံမှုကို ကျေးဇူးတင်ကြောင်းလည်း အိုဘားမားက မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ခြင်းကို ကြည့်ပါက အရှေ့တောင်အာရှတွင် စီးပွားရေးထိပ်တန်းရောက်လာပြီး သြဇာလွှမ်းမိုးလာသော တရုတ်နှင့် အိန္ဒိယတို့ကို ချိန်ခွင်လျှာပြန်ညှိရန် မြန်မာအစိုးရကို အမေရိကန်က ဆက်လက်လက်တွဲမည့် အရိပ်အယောင်ပင်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။
အိန္ဒိယ၀န်ကြီးချုပ်သစ်မိုဒီက သူအစိုးရခေါင်းဆောင်ဖြစ်ဖြစ်ချင်းမှာပင် မြန်မာနိုင်ငံ၏ ပထ၀ီဝင်နိုင်ငံရေးအရ တည်ရှိသည့် အားသာချက်ကို အားပြု၍ အရှေ့မျှော်ဝါဒ(Act East)ကို ကြေညာလိုက်ခြင်းကြောင့် အမေရိကန်အာရုံစိုက်ရမည်မှာ တရုတ်တင်မက အိန္ဒိယပါ ဖြစ်လာခဲ့သည်။
ထို့ကြောင့် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆက်ဆံရေးတွင် အိမ်နီးချင်းနိုင်ငံများ အားကောင်းလာခြင်းကြောင့် အမေရိကန်က ယခင်လိုဖိအားပေးပြီး ဆက်ဆံရေးကို နောက်ကျခံတော့မည်မဟုတ်ကြောင်း ၎င်းကပြောသည်။
‘‘ကန်အစိုးရက ၈၈ ကနေ ၂၀၁၁ ခုနှစ်ကျော်အထိ ဒီမိုကရေစီရေးကို တိုက်တွန်းအားပေးပြီး ဒေါ်စု ပါလီမန်ထဲရောက်သွားချိန်မှာတော့ carrot and stick (ဆုပေးဒဏ်ပေး) မူဝါဒကို ကျင့်သုံးကာ ဆက်ဆံရေးပုံစံပြောင်းလိုက်ပြီ။ ဖိအားပေးလို့မရနိုင်တာသိလို့ ဖြစ်သင့်တဲ့အချက်လေးချက်ကို သူပြောသွားတာဖြစ်တယ်။ ဒါပေမဲ့ အိုဘားမားတောင်းတိုင်း ရချင်မှရမှာပေါ့။ အဓိကက ပြည်သူ့ဆန္ဒ။ ပြည်သူတွေ လုပ်မှရမယ်။ သူပြောတဲ့ ဖွဲ့စည်းပုံပြင်ဖို့ဆို ဒါပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေပြီ။ အမတ်နဲ့ ပြည်သူတွေ လုပ်ရမယ်’’ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ဒေါက်တာအေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည့် ဖွဲ့စည်းပုံပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် အိုဘားမားတိုက်တွန်းမှုကို သဘောမတူပေ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ စစချင်းတွင်ပင် အမေရိကန်ပြည်ထောင်စုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အကြား မပြေလည်မှုများ ရှိနေသည့် သတင်းများနှင့် ပတ်သက်၍ စိတ်မပူကြရန်နှင့် ကန်အစိုးရနှင့် အင်န်အယ်လ်ဒီမှာ မိတ်ဆွေများဖြစ်ကြောင်း ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲများတွင် စတင်ပြောကြားသည့်အချက်မှာ ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာများ ဖြစ်လေ့ရှိတတ်သဖြင့် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယင်းအချက်ကို အဓိကထားဆွေးနွေးခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။
မြန်မာ့နိုင်ငံရေးကို အကောင်းမြင်နှင့် အဆိုးမြင်နှစ်ခုကြား မျှမျှတတရှုမြင်ပြီး မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ပြီးမြောက်အောင်မြင်မှုမရှိသေးသော်လည်း ကောင်းမွန်လာရန် မျှော်လင့်ချက်မရှိသည့် အခြေအနေမျိုးလည်းမဟုတ်ကြောင်း အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူမှတ်ချက်ပြုခဲ့သည်။
‘‘ဘယ်လိုပဲ အိုဘားမားက စကားချိုချိုသာသာနဲ့ လှလှပပ ပြောသွားပါစေ။ သေချာတာက ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရခိုင်ကိစ္စ ခင်ဗျားတို့ ဒါတွေလုပ်လို့ မပြီးသေးဘူးလို့ ပြောသွားတာပါ။ ကျွန်တော်ကတော့ ဒါကိုဖိအားပေးတယ်လို့ပဲ မြင်တယ်။ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ခြံ သတင်းစာရှင်းလင်းပွဲမှာ ၅၉(စ)ကို အဓိပ္ပာယ်မရှိဘူးလို့ သူပြောသွားတယ်လေ။ ဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ မတိုင်မီပြင်ပါ။ အမေရိကန်တွေပြောတဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အရွေးခံနိုင်ဖို့ ၅၉(စ)ပြင်ပါလို့ ဖိအားပေးတယ်လိုပဲမြင်တယ်’’ဟု ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကပြောသည်။
စစ်အေးခေတ်လွန်ကာလမှစ၍ အမေရိကန်က ဒီမိုကရေစီအသွင်ကူးပြောင်းသည့် နိုင်ငံများစွာကို အကူအညီပေးခဲ့ဖူးပြီး မြန်မာနိုင်ငံကဲ့သို့ ရှည်လျားသည့် ပဋိပက္ခ၊ ကွဲပြားခြားနားသည့် အုပ်စုအမျိုးမျိုး ပါဝင်ပတ်သက်သည့် နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးခက်ခဲမည်ကို နားလည်သည့်အတွက် အိုဘားမားက မျဉ်းဖြောင့်မဟုတ်ဆိုသည့်စကားကို ထပ်တလဲလဲ သုံးစွဲသွားသည်ဟု ယူဆကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။
အိုဘားမားက မြန်မာ့နိုင်ငံအရေးကို ဘက်စုံက အကွက်ကျကျ ထောက်ပြသွားခဲ့သည်ဟုမြင်ပြီး သမ္မတဦးသိန်းစိန်ကို ထောက်ပြသွားသည့် အချက်လေးချက်လုံး၏ အလားအလာမှာ လက်ရှိမြန်မာ့နိုင်ငံရေးအရ သဘောကျစရာ မဟုတ်သေး၍ မိမိတို့အနေဖြင့် လုပ်စရာရှိသည်ကို မြန်မြန်လုပ်ရတော့မည်ဟု သဘောပေါက်မိကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
သို့သော် အိုဘားမား၏ ဒုတိယအကြိမ်ခရီးစဉ်မှာ အစိုးရကို ဖိအားပေးခြင်းနည်းသွားပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အချိန်ပေးတွေ့ဆုံနိုင်ခြင်းမရှိ၍ မြန်မာ့နိုင်ငံရေးအတွက် ဘာမျှမထူးဟု မြင်မိကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
အမေရိကန်တွင် သမ္မတသက်တမ်းဝက်ရွေးကောက်ပွဲများ(Mid Term Election)တွင် သမ္မတအိုဘားမားကို ကျောထောက်နောက်ခံပြုသည့် ဒီမိုကရက်တစ်ပါတီမှာ အရေးနိမ့်ခဲ့ပြီး လွှတ်တော်နှစ်ရပ်လုံးတွင် အတိုက်အခံပါတီ ရီပက်ဘလေကန်က အနိုင်ရသွားသဖြင့် မြန်မာ-အမေရိကန် ဆက်ဆံရေး အပြောင်းအလဲရှိမည်ဟု မျှော်လင့်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာအပေါ် ထိတွေ့ဆက်ဆံမှုကို သဘောမကျသည့် ရီပက်ပလေကန်များ လွှတ်တော်နှစ်ရပ်တွင် နေရာယူသွား၍ မြန်မာအပေါ်ထားသည့် အိုဘားမားမူဝါဒကို ဖိအားပေးနိုင်သည်ဟုဆိုကြသည်။ သို့သော် အမေရိကန်လွှတ်တော်တွင် မည်သည့်ပါတီက လွှမ်းမိုးသည်ဖြစ်စေ လတ်တလော အမေရိကန်-မြန်မာဆက်ဆံရေးအပေါ် အပြောင်းအလဲမရှိနိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခဒန်ဒီတေလာက ပြောကြားကြောင်း ဆောင်းပါးရှင်ခင်မေဇော်၏ ‘‘အမေရိကန် သမ္မတခရီးစဉ် ဘာလဲ၊ ဘယ်လဲ’’ ဆောင်းပါးတွင် ပြောကြားထားသည်။
‘‘လွှတ်တော်တွင် ပါတီဝင်အပြောင်းအလဲက ပြည်ပရေးရာထက် ပြည်တွင်းရေးရာကိုသာ ရိုက်ခတ်မှုများပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတာကတော့ စစ်ရေးဆုံးဖြတ်ချက်ကအစ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရဖို့မလိုပါဘူး။ ဒါကြောင့် မူအရ ပြည်ပဆက်ဆံရေး အပြောင်းအလဲမရှိပါဘူး’’ဟု ၎င်းက ပြောကြားသည်။
ပါမောက္ခအန်ဒီတေလာ၏ ပြောကြားချက်ကို ကြည့်ပါက မြန်မာနိုင်ငံသည် အမေရိကန်ထောက်ခံခဲ့သည့် အသွင်ကူးပြောင်းမှုနိုင်ငံများအနက် သေနတ်တစ်ချက်မဖောက်ရဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းခဲ့သည့် နိုင်ငံအဖြစ် အိုဘားမားက သူ့သက်တမ်းတစ်လျှောက် အောင်မြင်မှုကို ဂုဏ်ယူလို၍ ယခုမူဝါဒအတိုင်းသာ ဆက်သွားဖွယ်ရှိနေသည်ဟု ခန့်မှန်းမှုများရှိသည်။
ထို့အပြင် အိုဘားမားကိုယ်တိုင်က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ လမ်းကြောင်းမှန်ပေါ်တွင်ရှိပြီး အလုပ်ဖြစ်မည်ဟု ယုံကြည်၍ ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။ အမေရိကန်ဒီမိုကရေစီခရီးစဉ်မှာ နှစ် ၂၀၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာက သုံးနှစ်ကျော်သာရှိသေး၍ စိတ်ရှည်ရှည်ဖြင့် ၀ိုင်းဝန်းကြိုးပမ်းရန် စိန်ရတုခန်းမ၌ ပြောခဲ့သည်။
အစိုးရကို ဖိအားပေးပြောကြားခြင်းမရှိသော်လည်း သူသာ မြန်မာသမ္မတဖြစ်ပါက အဓိက ဦးစားပေးလုပ်မည့် နံပါတ်တစ်ကိစ္စမှာ ၂၀၁၅ ရွေးကောက်ပွဲအချိန်မီ ကျင်းပရေးနှင့် အရပ်သားစစ်စစ် အစိုးရဖြစ်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ကြောင်း အိုဘားမားကပြောကြားခဲ့ခြင်းမှာ ဦးသိန်းစိန်ကို ထိုနှစ်ချက်ဆောင်ရွက်ရန် သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်သည်။
ဦးသိန်းစိန်ကလည်း အိုဘားမားပြောသည့်ကိစ္စအနက် ရခိုင်ကိစ္စမှလွဲ၍ အားလုံးကို လုပ်ဆောင်နေပြီဟု ကတိပေးလိုက်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအနိုင်မရမှာကို မပူကြရန်နှင့် ဂုဏ်သိက္ခာရှိပြီး မှန်ကန်သောနည်းလမ်းဖြင့် နိုင်လိုကြောင်း အိုဘားမားအား ပြောကြားလိုက်ပြီဖြစ်သည်။
သမ္မတဦးသိန်းစိန် ကတိပေးမှု တကယ်လုပ်၊ မလုပ်နှင့် အတိုက်အခံခေါင်းဆောင်လိုချင်သည့် သိက္ခာရှိသော အနိုင်ရရှိမှု အမှန်တကယ် ဖြစ်၊ မဖြစ် လွှတ်တော်၊ တပ်မတော်၊ ပြည်သူ၊ အစိုးရ၊ အတိုက်အခံတို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့ အချိန်တစ်နှစ်ခန့်သာ ကျန်ပါတော့သည်။ ဘုံသဘောတူညီချက်ရရန် ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများ အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ ထိပ်တန်းခေါင်းဆောင် ၁၄ ဦး တွေ့ဆုံမှုများကို အစိုးရက ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။ ယနေ့မှစ၍ တစ်လတစ်ကြိမ်တွေ့မည်ဆိုလျှင်ပင် ၁၂ ကြိမ်ခန့် တွေ့ဆုံနိုင်မည်ဖြစ်သည်။ အကြောင်းမှာ ၂၀၁၅ ရွေးကောက်ပွဲကို ရှေ့နှစ် နိုဝင်ဘာတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာထားသောကြောင့်ပင်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးအတွက် ဘုံသဘောတူညီချက်ရရှိပြီး ရပ်တန့်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရှေ့ဆက်ရေး အလွန်အရေးကြီးသည့် အခြေအနေဖြစ်သည်။

Credit - 7DAY DAILY
No comments:
Post a Comment