Monday, November 17, 2014

အတိုက်အခံအမတ်တွေ တကယ်အလုပ်မလုပ်ဘူးလား

သတင်းဆောင်းပါး - ဇော်မင်းထွန်း

မြန်မာပြည်တွင်အတိုက်အခံ အဖွဲ့အစည်းက အလုပ်မလုပ်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန်လိုက်သည်။

ကြံ့ခိုင်ရေးအမတ်ဖြစ်သူ ဘူးလက် လှဆွေဟု အမည်တွင်သည့် ဦးလှဆွေက အတိုက်အခံ အဖွဲ့အစည်းဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို ဝေဖန် လိုက်ခြင်းပင်။

တိတိကျကျ ဆိုရလျှင် ၂၀၁၄ နိုဝင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီ ၂၈ မိနစ် အချိန်တွင် ဝေဖန်လိုက်ခြင်း ဖြစ်ပါ၏။ ထိုသို့ တိတိကျကျ ဆိုရသည့် အကြောင်း ရင်းမှာ အပြင်တွင် ပြောစကားဖြင့် ဝေဖန်ခြင်း မဟုတ်ဘဲ ဖေ့စ် ဘုတ်ပေါ်တွင် စာရေးသား ပြောဆို ထားခြင်းကြောင့်ပင် ဖြစ် ပါသည်။


ဦးလှဆွေက “မြန်မာပြည်မှာဗျာ အတိုက်အခံက အလုပ်မလုပ်ဘူးဗျ လို့။ အတိုက်အခံ အလုပ်မလုပ်တာနဲ့ အစိုးရကို ရမယ်မရှာသင့်ဘူးလို့။ ဥပမာဗျာ ဒီ အစိုးရလက်ထက် လုပ်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ဟာ တရားမျှတမှု ရှိမရှိ သိနိုင်ပါတယ်။ NLD အကုန် နိုင်ခဲ့တယ်ဗျာ။ အမကြီးတို့ အုပ်စု လွှတ်တော် ထဲ ရောက်လာပါတယ်။ ပျော်စရာကြီးပေါ့။ အဲ့မှာလွှတ်တော် ဥက္ကဋ္ဌကြီးက အမကြီးကို ပေးလိုက်တဲ့ ရာထူးတာဝန်ကြီးက တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌဗျာ။ ကြားခါစက တော်တော်လန့်သွား တယ်။ အစိုးရနဲ့တော့ ထိတ်တိုက်တွေ့ ပြီပေါ့။ ဒါပေမဲ့ ဘာမှဖြစ်မလာဘူးဗျ။ တိုင်စာပေါင်း ဘယ်နှစ်သောင်းရောက် နေပါပြီဆိုတာလောက်ပဲ ကြားရပါ သဗျ။ ဘာမှလည်း ထိရောက်အောင် မကူညီနိုင်ပါဘူး” ဟု ရေးသားထား သည်။

သူ့အနေဖြင့် အိုဘာမား လာလျှင် အတိုက်အခံ အလုပ်မလုပ်ကြောင်း ပြောပြ မည် ဟုလည်း ရေးသားထားသည်။ သို့သော်လည်း သူ့အနေဖြင့်တော့ အိုဘားမားနှင့် တွေ့ဆုံရန် အကြောင်းမရှိသလို အနားပင်ကပ်၍ ရမည် မဟုတ်ဟု ဖေ့စ်ဘုတ်သုံးစွဲသူ များက ဝေဖန်ထားကြသည်။

ထိုကဲ့သို့ ဦးလှဆွေရေးသားပြီး နောက်ပိုင်းတွင်တော့ သူရေးထားသော စာအောက်တွင် ကွန်မန့်များ အများအပြား တက်လာခဲ့သည်။

သူ့အောက်က ကွန်မန့်များတွင်တော့ အတိုက်အခံက အလုပ်မလုပ်တာထက် အစိုးရ အလုပ်လုပ်ဖို့လိုကြောင်း၊ အစိုးရအလုပ်လုပ်မှ တိုင်း ပြည် တိုးတက် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အလုပ်မလုပ်သော အစိုးရကို ဝေဖန်သင့်ကြောင်း စသည့် မှတ်ချက်များကို ပေးထားသည်များကိုလည်း တွေ့ရသည်။

ဦးလှဆွေ၏ အတိုက်အခံများ အလုပ်မလုပ်ဟူသော စာသားနှင့် ပတ်သက်၍ NLD အမတ်တစ်ဦးဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် ပါဝင်သော ဒေါက်တာဇော်မြင့်မောင်ကို မေးမြန်းခဲ့ရာ “ကျွန်တော် ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှတော့ မပေးလိုဘူး။ ဒါပေမဲ့ ကျွန်တော် တို့ တရားဥပဒေစိုးမိုးရေး ကော်မတီက အစီရင်ခံစာ တင်သွင်းနေ တာ နှစ်ကြိမ် ရှိသွားပြီ။ လုပ်ခဲ့တာတွေ အများကြီးပဲ။ ပြောမယ်ဆိုလို့ရှိရင် အများကြီးရှိတယ်။ တရားရုံးတွေလည်း ရောက်ခဲ့ပြီးပြီ။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးလည်း လုပ်ခဲ့ပြီးပြီ။" ဟု The Ladies သို့ ဖြေကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ကျွန်တော်တို့က အာဏာပိုင်အဖွဲ့အစည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ကို တိုင်တဲ့စာတိုင်းကို ကျွန်တော်တို့ အရေးယူ ဆောင်ရွက်လို့ မရဘူး။ ကျွန်တော်တို့ သက်ဆိုင်ရာ ကော်မတီရုံးတွေ အကုန်ခွဲပို့တာပေါ့၊ ဥပမာ တရားရေးနဲ့ ပတ်သက်လို့ရှိရင် တရားရေးနှင့် ဥပဒေရေးရာ တိုင်ကြား စာများ ကော်မတီပေါ့။ မြေယာဆိုရင် မြေယာကော်မတီကို ပို့ပေးတာပေါ့” ဟု ဆိုသည်။

လွှတ်တော်တွင် ကော်မတီပေါင်း များစွာရှိပြီး အဆိုပါ ကော်မတီတိုင်းတွင် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပေးအပ်ထားသည်ကို တွေ့ရမည်ဖြစ် သည်။ ဒေါ်စု ဦးဆောင်သည့် ကော်မတီ၏ တာဝန်များကိုတော့ အောက်ပါ အတိုင်း တွေ့ရ မည်ဖြစ်သည်။

က။ ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေး အဖွဲ့အစည်း များ၊ ပြည်သူ့ ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူ အားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။

ခ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန် အကြောင်းပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟုယူဆပါက သက်ဆိုင် ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။

ဂ။ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှု အောင်မြင်လာရေး အတွက် လေ့လာ သုံးသပ် ဆောင်ရွက်ရမည်။

ဃ။ သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက် ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

င။ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်။

စ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက် ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်။

ကော်မတီများသည် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့်အတွက် အရေးယူ၍ မရနိုင်ကြောင်း၊ တွေ့ရှိ ချက်များကိုသာ သက်ဆိုင်ရာ ကော်မတီများ သို့ ပေးပို့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ထို့ပြင် ဒေါက်တာဇော်မြင့်မောင်က ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် ၍လည်း “ကျွန်တော်တို့ အစီရင်ခံစာနှစ်စောင် တင်ပြီးပြီ။ အစီရင်ခံစာ မတင်နိုင် တဲ့ ကော်မတီတွေ အများကြီးပါ။ ဒါတွေက ကျွန်တော်တို့ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့အလုပ် ကျွန်တော်တို့ ဆက် လုပ်နေပါတယ်။ ကျွန်တော်တို့ ပုံမှန်အစည်းအဝေး ထိုင်တယ်။ တရားရုံးတွေ ဘာတွေ လိုက်စစ်တာ ကတော့ တစ်နှစ်ပတ်လုံး လုပ်ပြီးသွား ပြီ။ တခြား လုပ်စရာ ရှိတာတွေလည်း အများကြီး လုပ်နေပါတယ်” ဟု ပြောပြသည်။

လက်တွေ အခြေအနေတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးမိုးရေးကော် မတီအနေဖြင့် လက်တွေ့ကွင်းဆင်း ဆောင် ရွက်နေခြင်းဖြစ်ပြီး ထိုသို့ဆောင် ရွက်ချက်များကြောင့် လာဘ်စားသော တရားသူကြီး အချို့ကို အရေးယူနိုင် သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

တရာဥပဒေ စိုးမိုးရေးကော်မတီကို တာဝန်ယူထားသော ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ဥရောပ ခရီးသွားပြီးနောက်ပိုင်း အီးယူမှ မြန်မာနိုင်ငံကို အကူအညီပေးခဲ့သည်များ ကိုလည်း တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် တရားဥပဒေ စိုးမိုးရေးကို အဓိက လုပ်ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ အတွက် ဥရောပသမဂ္ဂ က သင်တန်းများနေခြင်းပင်။

တရားဥပဒေစိုးမိုးရေး ကော်မတီကို ၂၀၁၂ ခုနှစ်က စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ယခု အခါတွင်တော့ ၂ သက်တမ်း ရှိပြီဖြစ်သည်။

ဦးလှဆွေအနေဖြင့် အခြားသော အလုပ်တကယ် မလုပ်သည့် ကော်မတီများ၊ အစိုးရအာဏာပိုင်များ ကိုတော့ ဝေဖန်မှု မရှိသလောက် နည်းပါးပြီး NLD အဖွဲ့ကို သာ တစိုက်မတ်မတ် ဝေဖန်ခဲ့သည်ကို တွေ့ရမည်ဟု NLD ပါတီဝင်များ က ပြန်လည် ထောက်ပြကြ သည်။ အချို့ကလည်း ဦးလှဆွေက NLD ကို နေ့တိုင်း တိုက်ခိုက်နေတာပဲဟု ဆိုကြသည်။

“ဦးလှဆွေရဲ့ ဖေ့စ်ဘုတ်က ရေးသားချက်တွေက စစ်တပ်ရဲ့ စတိုင် တစ်ခု ပါပဲ ။ ပြည်သူကို အရင်ဆုံး သူ့ ဩဇာညောင်းအောင် သူ့ကို ယုံကြည်လာအောင် အယုံသွင်းမယ်။ ဒါကြောင့် သူ့ကိုယုံကြည် အောင် အမှန်တရားဘက်က ရပ်တည် သလိုဖြစ်အောင် သူက အစိုးရပိုင်းက အမြင်မတော်တဲ့ သေးသေး မွှားမွှား ကိစ္စလေးတွေကို ဝေဖန်ပြတာ။ ဥပမာ Public မြင်သာတာမျိုးပေါ့၊ လမ်းကိစ္စ၊ တံတားကိစ္စလေးတွေ ထောက်ပြတယ်၊ အဲဒီတော့ သူ့ကို ပြည်သူက ဒီလူကြီးက အားကိုးရတယ်၊ မှန်တာကို ပြောရဲတယ်ဆိုပြီး ထင်လာအောင် အယုံသွင်းလိုက်တယ်။ ဒီလိုနည်းနဲ့ ပြည်သူကို သူက စည်းရုံးနေတာ၊ တကယ့် အရေးအကြောင်းကျမှ သူက NLD ဘယ်လိုဖြစ်တယ်၊ ဘာဖြစ်တယ်ဆိုပြီး ထအော်တော့ အရင်သူ့စကား လေးတွေကြောင့် သူ့ကို ကြည်ညို နေသူတွေက သူ့ပြောစကားက မှန်မှာပဲဆိုပြီး NLD ကို အယုံအကြည်မဲ့အောင် လုပ်နေတာလို့ ယူဆသွားနိုင်အောင် လုပ်တာ” ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဦးလှဆွေ၏ ထိုကဲ့သို့ ဝေဖန်မှု များကြောင့်လည်း ယခုနှစ် ဧပြီလ က NLD က အသရေဖျက်မှုဖြင့် တရားစွဲမည်ဟု ပြောကြားခဲ့သေးသည်။

မြန်မာပြည်တွင် အတိုက်ခံ အလုပ် မလုပ်ဘူးလားဆိုသည်မှာ အငြင်းပွား စရာ ဖြစ်နေသည်။ တစ်ဖက်နှင့်တစ်ဖက် အပုပ်ချ တိုက်ခိုက်ခဲ့ခြင်း မှာ မြန်မာပြည်တွင်နှစ်ပေါင်း များစွာကပင် ရှိနေခဲ့သည်။ အစိုးရ ဘက်တော် သား များကလည်း တိုင်းပြည်တိုးတက်မှုမရှိခြင်းမှာ အတိုက်အခံကြောင့်ဟု ယခင်ကလည်းက ဝေဖန်ထားခဲ့ကြသည်။ ထိုစဉ်ကတော့ အတိုက်အခံကို ဘာမှ လုပ်ခွင့်မပေးဘဲ ချုပ်နှောင်ထားခဲ့ချိန်ဖြစ်သည်။

ယခု အနည်းငယ် လွတ်လပ်လာ ချိန်တွင်တော့ အတိုက်အခံကို ထိန်းချုပ်မှုများ ရှိသော လုပ်ပိုင်ခွင့်အနည်းငယ်ကို ပေးထားသည်။ ထိုအနည်းငယ်သော လုပ်ပိုင်ခွင့်များကိုပင် အတိုက်အခံက မလုပ်ဟု အစိုးရဘက် တော်သား များ က ဝေဖန်လာကြပြီ ဖြစ်သည်။

အတိုက်အခံ အဖွဲ့အစည်းဖြစ်သည့် NLD က အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (လွှတ်တော်တွင် စစ်တပ် ပါဝင်နေမှု) ကို ပြင်ဆင်ရန် အားကြိုးမာန်တက် လုပ်နေ သည်ကိုလည်း တွေ့ရမည် ဖြစ်သည်။

ထိုပုဒ်မများကို ပြင်ဆင်ရန် လူထုအင်အားကို အသုံးပြုခဲ့သော်လည်း လွှတ်တော် တွင်တော့ အခြေအနေ မထူးသေးပေ။ စစ်တပ်ပါဝင်မှုကို ပြင်ဆင်ရန်ကိုတော့ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ ကြသည်။

ဒေါ်စုသမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားသည့် ပုဒ်မကိုတော့ အာဏာရ ပါတီ ကိုယ်စားလှယ်များက ပြင်ဆင်ရန် ထောက်ခံလိမ့်မည် မဟုတ်ချေ။ သို့သော် လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရှိသာ ယှဉ်ပြိုင် ခွင့်ပေးမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အနေဖြင့် တိုင်းပြည် နေရာအနှံ့အပြားတွင် အနိုင်ရမည်မှာ အသေချာပင်ဖြစ် သည်။

ထိုအခါတွင်တော့ မြန်မာပြည်၏ အတိုက်အခံ အဖွဲ့အစည်းဖြစ်ခဲ့သည့် NLD ပါတီအနေဖြင့် တိုင်းပြည်ပြောင်းလဲအောင် မည်သို့ လုပ်ကိုင်မည် ကို စောင့်ကြည့် ရမည်ဖြစ်သည်။

Credit - The Ladies News Journal

 
 

No comments:

Post a Comment