ပြီးခဲ့တဲ့ငါးနှစ်အတွင်း ဆင်းရဲမှုနှုန်း ၁၀ ရာခိုင်နှုန်း ကျသွားတယ်ဆိုတာကို မယုံဘူးလို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောပါတယ်။ စာရင်းဇယား အမှားတွေကြောင့် တိုင်းပြည်ကို ဒုက္ခရောက်စေ သလား။
ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာ မြန်မာ့ စာရင်းအင်းဟာ နိုင်ငံရေး လိုအပ်ချက်ကို ဦးတည်ပြီး အမျိုးမျိုး ပြောင်းလဲ ခဲ့တာကြောင့် ပြည်တွင်း၊ ပြည်ပ ယုံကြည်မှု ကင်းမဲ့နေတဲ့ အစိုးရရဲ့ စာရင်းအင်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ဒေါက်တာဦးမြင့်က ဆိုပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အခြေခံ ဘက်စုံ လေ့လာရေး စစ်တမ်းကို ကောက်ယူခဲ့တယ်။ တချို့သော အစိုးရအရာရှိတွေက နောက်လာမယ့် စစ်တမ်းတွေမှာ ပထမ ကောက်ယူထားတဲ့ စာရင်းအင်းထက် အခြေအနေ ပိုပြီး ဆိုးဆိုးရွားရွား ထွက်လာမှာကို စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်က ပြောတယ်။ စိတ်မပူနဲ့။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဆင်းရဲမှုနှုန်း ၁၀ ရာခိုင်နှုန်းကျသွားတယ် ဆိုလည်း ဘယ်သူမှ မယုံဘူး။ ကျွန်တော်လည်း မယုံဘူး” လို့ နိုင်ငံတော် သမ္မတကြံပေး ဒေါက်တာဦးမြင့်က ဆိုပါတယ်။
ဗဟိုစာရင်းအင်း ဌာန (Central Statistics Organization-CSO) ကို ပြန်လည် အသက်သွင်းဖို့ လုပ်ပိုင်ခွင့်နဲ့ တခြား လိုအပ်ချက်များစွာ ရှိနေတယ်။ အဲဒီအချက်ကို ပြုပြင်ဖို့ စာရင်းအင်း တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ သမ္မတရုံးမှာ လက်တွဲ လုပ်ဆောင်နေတယ်လို့ ဒေါက်တာဦးမြင့်က ဆိုပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုဆိုင်ရာ အခွင့်အလမ်းနှင့် ရွေးချယ်စရာများ ဆွေးနွေးပွဲမှာ သူက အခုလို ပြောဆိုခဲ့တာပါ။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘွဲ့ရများအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်ကတော့ “တိုင်းပြည်တစ်ခုလုံး ဒုက္ခရောက်ခဲ့ရတာ စာရင်းအင်းတွေ မမှန်လို့လည်း ပါတယ်။ အခြေခံကျတဲ့ စာရင်းစနစ်တွေ မှန်မှ တိုင်းပြည် ရှေ့ဆက်နိုင်ပါလိမ့်မယ်” လို့ မှတ်ချက်ပေးပါတယ်။
မြန်မာအစိုးရဟာ စာရင်းအချက်အလက်တွေကို တိုးတက်တဲ့ ပုံသဏ္ဌာန် ရရှိဖို့ စာရင်းအင်းဆိုင်ရာ အခြေခံထား တွက်ချက်တဲ့ နှစ်ကို မကြာခဏ ပြောင်းလဲလေ့ရှိတယ်လို့ ပြည်တွင်း စီးပွားရေး လေ့လာသူ တစ်ဦးက ပြောဆိုပါတယ်။
Credit - The Voice
![]() |
No comments:
Post a Comment