Monday, November 17, 2014

ထလမုသူရဲကောင်း (ဆောင်းပါး)

ဆောင်းပါး - မင်းဒင်

(တစ်)

ကျွန်တော့် ဟောပြောချက်ကို နိဂုံးချုပ်၍ စင်မြင့်ပေါ်မှ ကျွန်တော်ဆင်းလာသောအခါ ပရိသတ်၏ လက်ခုပ်သံတို့သည် ကျွန်တော့် နောက်မှာ ကျန်ရစ်ခဲ့၏။ ကျွန်တော်သည် စင်မြင့်ပေါ်၌ ဟောရပြောရသည့်အလုပ်နှင့် ကျွမ်းဝင်လှသူမဟုတ်ပါ။ သို့သော် ဟောပြောခြင်း ပညာရပ်တွင် မြန်မာ့ထိပ်သီး စာရင်းဝင်များ ဖြစ်ကြသည့် အကိုကြီးမောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုအော်ပီကျယ်နှင့် ကိုသာချိုတို့၏ လမ်းညွှန် အားပေးမှုများကြောင့် ကျွန်တော့် ဟောပြောမှုသည် ကောင်းလှသည်ဟုမဆို နိုင်သည့်တိုင် ကျေနပ်ဖွယ် အဆင့်တော့ရှိခဲ့ တန်ရာသည်။ ဘ၀ဟူသည် အခက်အခဲမျိုးစုံ ကျော်ဖြတ်ရသည့် ခရီးရှည်ကြီးတစ်ခု ဖြစ်ကြောင်း၊

မည်သည့်အခါမျှ စိတ်ပျက်အား ငယ်ခြင်းမဖြစ်ဘဲ လောကဓံကို အန်တုရင်ဆိုင် ခြင်းသည်သာ နည်းလမ်းမှန်ဖြစ်ကြောင်း အမေရိကန်လင်းယုန်ငှက်တို့၏ ပုံပြင်နှင့် မျိုးနွယ်ဆက် အသစ်တို့အတွက် သိန်းသန်းချီ၍ ပင်လယ်တွင်းသို့ ခုန်ဆင်းကြကာ အသက်ကို စတေးစွန့်လွှတ်ခဲ့သည် ကြွက်အုပ်ကြီး အကြောင်း စသည်တို့ကို တစ်ရွာလုံးက မင်းအပြန် အလာကို မျှော်လင့်နေကြတယ်ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော်အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားထုတ် ဟောပြောခဲ့ပြီးဖြစ် ၍ ကျေနပ်အားရစိတ်ဖြင့် စင်ပေါ်မှဆင်းလာပြီး ပရိသတ်၏ဘေးမှ လျှောက်လမ်းအတိုင်း ခေါင်းကိုအသာငုံ့ရင်း လျှောက်လာခဲ့ချိန်တွင် အသက်လေးဆယ်ကျော်အရွယ်ရှိ လူမိုက်ရုပ် နှင့် ပုဂ္ဂိုလ်တစ်ဦးသည် ရှေ့မှတည့်တည့်ရပ်ကာ ကျွန်တော်ကို ဆီးကြိုနေခဲ့သည်။သူသည် ကတုံးပြောင်နှင့်ဖြစ်၏။ ထိုင်းသူကောင်းမျိုးရိုး၊ အထက်တန်းလွှာတို့ ဝတ်ဆင်လေ့ရှိသော ရွှေချည်ဖောက်ထားသည့် လက်စကအင်္ကျီနှင့် ဘောင်းဘီရှည်တို့ ဝတ်ဆင်ထားပြီး အသားအရောင်မှာ အညိုဘက်သို့လုနေသည်။

ကျွန်တော့် ငယ်စဉ်ဘ၀သည် လူဆိုးလူမိုက်တို့ကြီးစိုးရာ မက္ခရာနယ်မြေတွင် လူလားမြောက် ကြီးပြင်းခဲ့သည် ဖြစ်သောကြောင့် ရန်ပွဲနှင့်မစိမ်းသဖြင့် ကြောက်ရွံ့စိတ်မဖြစ်ပေါ်သော်ငြား၊ ယခုလို အခြေအနေအခါမျိုးတွင် မည်သည့် ပြဿနာမျိုးမှ မကြုံတွေ့လိုသည်ကား အမှန်ဖြစ်၏။ ထို့ကြောင့် အေးဆေးတည်ငြိမ် သော မျက်နှာထားဖြင့်ပင် ကျွန်တော်သူ့ကို ရင်ဆိုင်လိုက်ပါသည်။ သည်လိုအဖြစ်မျိုးနှင့် ခပ်ဆင်ဆင် ကျွန်တော်နေထိုင်ရာ ဖူးခက်စာပေ ဟောပြောပွဲတွင်လည်း ကြုံတွေ့ခဲ့ပြီးဖြစ်၏။

(နှစ်)

မှန်ပါသည်။ လွန်ခဲ့သောနှစ်ရက်က ကျွန်တော် နေထိုင်ရာ ဖူးခက်မြို့တွင် ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကျင်းပခဲ့ရာ ဟောပြောခဲ့ကြသည့် ပုဂ္ဂိုလ်များမှာ မောင်စိန်ဝင်း ပုတီးကုန်း၊ မောင်သာချို၊ ကိုအော်ပီကျယ်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ကျွန်တော်ဖြစ်၏။ ဖူးခက်တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတို့တွင် ကျွန်တော်ပါဝင်လေ့ မရှိသော်ငြား သည်တစ်ကြိမ်တွင်မူ ဖူးခက်နယ်ခံ မိတ်ဆွေအချို့၏ တိုက်တွန်းမှုကြောင့် ဟောပြောသူစာရင်းတွင် ကျွန်တော်ပါဝင်လာရသည်။ ထို့အတူ ဖူးခက်ရှိ မြန်မာရွှေ့ပြောင်းအလုပ် သမားတို့၏ဘ၀ကို လေ့လာရန် ဖိတ်ခေါ်ထားခဲ့သည့် ကိုနေမျိုးဇင်သည်လည်း ဟောပြောသူစာရင်းတွင် ပါဝင်လာရပြန်သည်။ သူကိုယ်တိုင်ကလည်း သူသည် စာပေနှင့်ပတ်သက်၍ အတွေ့အကြုံ အားနည်းသောကြောင့် စာပေဩဇာရှိ နာမည်ကြီးပုဂ္ဂိုလ်များ (ကျွန်တော်မပါဝင်ပါ)နှင့် အတူ မဟောပြောလိုပါကြောင်း မေတ္တာရပ်ခံခဲ့ပါသည်။ သို့သော် စီစဉ်ထားပြီးသော ပွဲဖြစ်၍ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ သည့်အဆုံး စင်မြင့်ပေါ်သို့ သူရောက်ခဲ့သည်။

ဤနေရာတွင် ကိုနေမျိုးဇင်အပေါ် ကျွန်တော့်သဘောထားကို အနည်းငယ်ပြောလိုပါ သည်။ သူသည် ပုထုဇဉ်သာဖြစ်၍ သူ့ဘ၀တွင် အမှန်အမှား၊ ကောင်းခြင်းဆိုးခြင်းတို့ကို ဒွန်တွဲကျော်ဖြတ်ခဲ့မည်မှာ အငြင်းပွားဖွယ်ကိစ္စရပ်မဟုတ်ဟု ကျွန်တော်မြင်သည်။ သူနှင့် လူချင်းမဆုံတွေ့မီတွင် ကျွန်တော်ကြားသိပြီး ရသလောက် နိုင်ငံရေးအန်တုမှု၊ ကျေးလက် ပြည်သူများအတွက် ပရဟိတလုပ်ငန်းများကို သူတတ်နိုင်သည့်ဘက်မှ အားထုတ်ဆောင် ရွက်နေသူတစ်ဦးဖြစ်၍ လက်ရှိကာလ၊ ခေတ်သစ်တစ်ခုဆီသို့ ရုန်းကန်ခရီးနှင်နေရသည့် မြန်မာပြည်အဖို့ သူလိုလူမျိုး မလွဲမသွေ လိုအပ်သည်ဟု ကျွန်တော် ရိုးသားစွာယူဆပါ သည်။ သူနှင့်လူချင်း ကိုယ်တိုင်ဆုံရသည့်အခါတွင်လည်း ကျွန်တော် အကဲခတ်မိသလောက် သူသည် သူ့အပေါ် အမြင်မကြည်လင်သည့် အချို့သောပုဂ္ဂိုလ်တို့ မီဒီယာစာမျက်နှာများတွင် ထိုးနှက်တိုက်ခိုက်နေသကဲ့သို့ ကိုယ်ကျိုးရှာ သမားတစ်ဦး၏ စရိုက်သွင်ပြင်ကိုမူ မတွေ့ခဲ့ရချေ။ သူ့အသက်အရွယ်နှင့် အတွေ့အကြုံအရ အားနည်းချို့ယွင်းချက်တချို့ ရှိကောင်းရှိနိုင်သည်ကိုလည်း ကျွန်တော်မငြင်းလိုဘဲ သူ့တွင်တာဝန်ယူလိုစိတ် ကြီးမားနေသည်ကို သတိချပ်မိသည်။

သူ့ဟောပြောချက်အပြီးတွင် သူ့ကို ပုဂ္ဂိုလ် ရေး ထိုးနှက်သူတစ်ဦးနှင့် သူရင်ဆိုင်ခဲ့ရသည်။ ထိုးနှက်သည့်အကြောင်းအရာကို အကျယ်တဝင့် မရှင်းလိုတော့၊ ထိုလူငယ်က သူ့ကိုယ်သူ ခေတ်ပညာတတ်တစ်ဦးဟု ဆိုလျက် ပုဂ္ဂိုလ်ရေးဇောင်းပေးသည့် မေးခွန်းများဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထိုအနေအခြေကို ကိုနေမျိုးဇင် အကောင်းဆုံး တုံ့ပြန်ဖြေရှင်းသွားနိုင် ခဲ့ပါသည်။

ယခု ဖန်ငခရိုင်၊ ထလမုကျေးရွာက ဟောပြောပွဲအပြီးတွင်လည်း ကျွန်တော့်ရှေ့တွင် နယ်ခံလူမိုက်တစ်ဦးနှင့် ကျွန်တော် ထိပ်တိုက်ရင်ဆိုင် တိုးနေလေပြန်လေပြီ။

(သုံး)

ထလမုစာပေဟောပြောပွဲကို ထလမုဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် ဦးတေဇိန္ဒမှ ကမကထပြု၍ ကျင်းပခဲ့ပြီး ဖန်ငခရိုင် မြန်မာ့ပညာရေး ဖောင်ဒေးရှင်းက ပံ့ပိုးကူညီခဲ့ပါ သည်။ ဖူးခက်မှ ကီလိုမီတာတစ်ရာ့ငါးဆယ် ခန့်ကွာဝေးသော ထလမုကျေးရွာသည် ရေလုပ်ငန်းကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်းသော ဒေသဖြစ်၍ များစွာသော မြန်မာ ရွှေ့ပြောင်းလုပ်သားတို့ ငါးဖမ်းစက်လှေများတွင် အလုပ် လုပ်ကိုင်လျက်ရှိ၏။ လုပ်ငန်းသဘာဝ၏ နောက်ဆက်ဆွဲအဖြစ် ထိုကျေးရွာ တစ်ဝိုက်တွင် လက်ရဲဇက်ရဲ သတ်ဖြတ်မှုများ၊ အပြန်အလှန် လက်စားချေမှုများ၊ မကြာခဏ ဖြစ်ပေါ်လေ့ရှိသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားရာ အရပ်ဒေသဖြစ်၏။

ကျွန်တော့်ရှေ့မှာ ရှိနေသူထံမှ စကားသံတစ်ခွန်း စတင်ထွက်ပေါ်လာသည်။

“ကိုမင်းဒင်၊ မကွေးဘက်ကဆို၊ ကျွန်တော်က မြို့လုလင်ကဗျ” ဟူ၏။ ဪ ဟူသော အာမေဋိတ်ကို စိတ်တွင်းမှရေရွတ်ရင်း သူ့မျက်နှာကို ပြုံးရွှင်သောအကြည့်ဖြင့် ကျွန်တော် တုံ့ပြန်လိုက်မိသည်။

ကျွန်တော့်မွေးရပ်မြေဇနပုဒ်နှင့် ခဲတပစ်သာသာ ရွာမှ ရပ်ဆွေရပ်မျိုးတစ်ယောက်ကို လူမိုက်တို့ကြီးစိုးရာ အရပ်တွင် ကျွန်တော် ကြုံတွေ့နေရပြီကော။ မြို့လုလင်ဘူတာသည် ကျွန်တော့်ဇာတိနှင့်အနီးဆုံးမီးရထားဘူတာ သားမြားမှ နှစ်ဘူတာသာခြား၏။ တစ်နယ်သားဖြစ်မှန်းလည်းသိ အရွယ်ချင်းလည်း ကွာသည်မို့ ကျွန်တော့်သူ့ကို တရင်းတနှီးပင် စကားပြန်လိုက်မိသည်။

“မင်း၊ဒီရောက်နေတာ ကြာပြီလား”

“ဆယ့်ရှစ်နှစ်လောက်ရှိပြီဆရာ”

“ဆရာတွေဘာတွေလုပ်မနေနဲ့။ အစ်ကိုဆို ရပြီ၊မင်းမှိုက်ပင်ကိုရောက်ဖူးလား”

“ရောက်ဖူးတာပေါ့ဆရာ။ ကျုပ်တို့ရွာနဲ့ ဘာဝေးတာမှတ်လို့။ ကျုပ်မိဘများအိမ်က မြို့ လုလင်သူကြီး ဦးမင်းရောင်အိမ်ဝင်းနဲ့ ကပ် ရက် (လျက်)ဗျ”

သူ့နာမည်ရင်းမှာ ဝင်းနိုင်ဦးဟုဆိုသည်။ ထလမုမှာတော့ သူကိုအယောင်(ကိုရှည်ကြီး)ဟုသာ ခေါ်ကြသည်ဆိုပါ၏။ မိတ်ဆွေအဖော် အပေါင်းငတ်သဖြင့် ရွာကိုလွမ်းနေသော ကျွန်တော်သည် ဝင်နိုင်ဦးနှင့် ရပ်အကြောင်းရွာအကြောင်း စကားလက်ဆုံကျနေချိန်တွင် ကိုအော်ပီကျယ်၏ သောလုံးများကြောင့် ပရိသတ်သည် တဝါးဝါးပွဲကျလျက်ရှိ၏။ ကျွန်တော်သည် ဝင်းနိုင်ဦးကိုလက်တို့လျက် ဟောပြောပွဲ ကျင်းပရာ ဘုန်းတော်ကြီးကျောင်း အပေါ်ထပ် ခန်းမကြီးမှ အောက်ထပ်သို့ဆင်းခဲ့ကြသည်။ ဝင်းနိုင်ဦးမျက်နှာတွင် ကျွန်တော့်ကို အထင် ကြီးလေးစားစိတ် တစ်နယ်သားချင်း မမျှော်လင့်ဘဲ ဆုံတွေ့ရသည့်အတွက် ရွှင်မြူးအား ရစိတ်တို့ သိသာပေါ်လွင်လျက်ရှိရာ “ဟေ့ ကောင်၊ ဝင်းနိုင်ဦး၊ ငါ့ကို စွတ်အထင်မကြီး နေနဲ့၊ ငါတို့အမေလည်း စာမတတ်ဘူးဟ” ဆိုသော ဖြေလျှော့ စကားဆိုရသည်အထိ။

ထိုညက သူ့ပခုံးကို ကျွန်တော်ဖက်ရင်း စကားလက်ဆုံကျကာ သူ့ဘ၀သူ့အကြောင်း ကို ကျွန်တော်သိခွင့်ရခဲ့၏။ ပွဲစီစဉ်သူများခေါ်ဆောင်ရာ သို့လိုက်ပါရင်း ဝင်းနိုင်ဦးအကြောင်း မျိုးစုံကိုသိခဲ့ရသည်။ သူဦးဆောင်နေသည့် ရွှေမြန်မာလူမှုရေး ကော်မတီရုံးသို့လည်း ကျွန်တော် ရောက်ခဲ့သည်။ နယ်ခံမိတ်ဆွေတို့ တညီတညွတ်တည်း ပြောဆိုချက်များအရ ထလမုကျေးရွာတွင် ဝင်းနိုင်ဦးဟေ့ ဆိုလျှင် ထိုင်းသူဌေး၊ ထိုင်းပုလိပ်၊ ထိုင်းနယ်ခံလူမိုက်များပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်ဟူ၏။

(လေး)

နတ်မောက်သား ဝင်းနိုင်ဦးသည် အခြားသောမြန်မာရွှေ့ပြောင်း အလုပ်သမားတို့နည်းတူ တစ်ဝမ်းတစ်ခါး အလို့ငှာ ထိုင်းနိုင်ငံသို့ရောက် ရှိခဲ့ကာ ရနောင်း၊ ချွန်ဖွန်၊ မြို့များတွင် နှစ်အနည်းငယ် လုပ်ကိုင်ခဲ့ပြီး ထလမုသို့ငါးဖမ်း လှေလုပ်သား ဘ၀ဖြင့်ရောက်ရှိလာခဲ့သူဖြစ်၏။ သူရောက်ခါစ ကာလများက ထလမုသည် စရိုက်ကြမ်းသောအရပ်ဖြစ်၍ ထိုင်းက မြန်မာကိုသတ်၊ မြန်မာအချင်းချင်းသတ် စသည့် တခြိမ်းခြိမ်း သတ်နေကြချိန်ဖြစ်ရာ တချို့လူသေ အလောင်းတို့မှာ ထလမုအမှိုက်ပုံဝင်းကြီးအတွင်းတွင် တစ်ရံမလပ် တွေ့မြင်နေခဲ့ကြရသည် ဟုဆို၏။ ကောက်ယူသင်္ဂြိုဟ်သူ မဲ့နေသော တချို့အလောင်းတို့မှာ ခွေးစားခံရသောကြောင့် မြင်မကောင်းရှုမကောင်း၊ ရုပ်ပျက်ဆင်းပျက် ရှိနေခဲ့ရာ ထလမုမှ အချို့သော ခွေးတို့မှာ လူသားပင် ကြိုက်နေကြပြီဟုဆို၏။

ဇာတိနတ်မောက်၊ မကွေးခရိုင် အညာသား ဝင်းနိုင်ဦးသည် မည်သူမျှ မလုပ်လိုသော ထိုအလောင်းတို့ကို ကောင်းမွန်စွာ သဂြိုဟ်ခွင့် ရရေးအတွက် ပင်ကိုလူမှုရေး အသိစိတ်ဓာတ်ဖြင့် တစ်ကိုယ်တော် စတင်တာဝန်ယူ ရှင်းလင်းပေးခဲ့သည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ နာရေးကိစ္စကို ဆောင်ရွက်မှုဖြင့် ထိုင်းသူဌေး၊ ထိုင်းပုလိပ်၊ ထိုင်းလူမိုက်များ၏ အမြင်မကြည်လင်မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာ ထိတ်တိုက်ရင်ဆိုင်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရာ၊ သူ့ဦးခေါင်းမှာ ချုပ်ရိုးဟောင်းပေါ်နေသည့် ဒဏ်ရာကို ကျွန်တော်မြင်ခဲ့ရသည်။

နောက်ဆုံးတွင်မူ ဖြူစင်ရိုးသားသည့် သူ့ပင်ကိုစိတ်ကြောင့် နယ်ခံထိုင်းလူမျိုး၊ ထိုင်းပုလိပ်တို့ အမြင်ပြောင်းလာသည်။ ဝင်းနိုင်ဦး၏ မဟုတ်မခံစိတ်၊ ကိုယ်ကျိုးမဖက်သည့် စိတ်ထား၊ စွန့်လွှတ်အနစ်နာခံသည့် လုပ်ရပ်များကြောင့် ယုံကြည်မှုရှိလာကြ၏။ မြန်မာလူမျိုး၏ နာရေးနောက်ဆုံးခရီးအတွက် ထလမုဘုန်းတော်ကြီးကျောင်းတိုက်ရှိ မီးသဂြိုဟ်စက်ကို ဦးဆောင်စီမံခန့်ခွဲသူအဖြစ် ရောက်ရှိစေခဲ့သည်။ ထိုမှသည် ဝင်းနိုင်ဦးသည် ထလမုကျောင်း ဝင်းကြီးအတွင်းတွင် မြန်မာအလုပ်သမားတို့ သာရေးနာရေးကိစ္စရပ်များ၊ ရာသီအလိုက် ပွဲတော်အခန်းအနားများ၊ စုဝေးကျင်းပနိုင်အောင် ထိုင်းဘတ်လေး ငါးသိန်းတန် ကျောင်းဆောင်နှင့် ခန်းမတို့ကို ဦးဆောင် တည်ဆောက်နိုင် ခဲ့လေပြီ။ ယခုကျင်းပပြီးစီးခဲ့သော ဟောပြောပွဲ အောင်မြင်ရေးအတွက် ဝင်းနိုင်ဦး၏အခန်း ကဏ္ဍသည် အထူးအရေးပါခဲ့၏။

သူ့ရုံးခန်းတွင် သူတာဝန်ယူသင်္ဂြိုဟ်ခဲ့သော အလောင်းပေါင်း ကိုးဆယ်ကျော်၏ ဓာတ်ပုံတို့ကို မြင်ခဲ့ရသည်။ ထိုမှတ်တမ်းသည် လွန်ခဲ့သော ငါးနှစ်တာကာလ အတွက်ဟုဆိုပါသည်။ အဆိုပါ သေဆုံးခဲ့ရသူတို့ထဲတွင် သာမန် မမာမကျန်းရောဂါဖြင့် သေဆုံးခဲ့ရသူ ငါး ဦးမျှသာဖြစ်၍ ကျန်သူတို့မှာ အသတ်ခံရသူ အများစုဟုသိရ၏။ ယခုနှစ်ကာလများတွင်မူ ထလမုတွင် မြန်မာတို့ အသတ်ခံရမှု သိသိသာသာ လျော့ကျလာခဲ့ပြီဟုလည်း ဆိုပါသည်။

(ငါး)

စင်စစ်ဝင်းနိုင်ဦးသည် ထိုင်းငါးဖမ်းလှေ လိုက်သည့် မြန်မာငါးဖမ်းလှေလုပ်သားတစ်ဦး အဖြစ် ပတ်စပို့ကိုင်ဆောင်ထားသူဖြစ်သော်ငြား သူအမှန်တကယ်လုပ်ကိုင်နေသည့် အလုပ်မှာ မြန်မာဝေါဟာရဖြင့် သုဘရာဇာဟု ဆိုနိုင်ပါသည်။ သို့သော် ကျွန်တော့်စိတ်အစဉ်တွင် သူ့ကို ထလမုမှ ကိုကျော်သူဟူ၍ တင် စားထင်မြင်ခံစားရသည်။ ဝင်းနိုင်ဦးနှင့် ကျွန်တော်မွေးရာ ဇာတိတူ၍ တစ်နယ်တည်းသား ဖြစ်ရခြင်းအတွက် ဘယ်သောအခါမျှ ရှက်ရွံ့ သေးသိမ်စိတ် ဖြစ်ပေါ်မည် မဟုတ်ဘဲ သူ့ စိတ်ထား၊ သူ့လုပ်ရပ်အတွက် ကျွန်တော် ဂုဏ်ယူဝမ်းမြောက်စိတ်သာ ဖြစ်ပေါ်ခဲ့ပါသည်။

“လူမိုက်တွေ မှိုလိုပေါက်နေတဲ့နေရာမှာ ဒီဘ၀မျိုးနဲ့ နေရတာ လုံခြုံမှုတော့ ဘယ်ရှိပါ့ မလဲဆရာ။ သူမိုက်၊ ကိုယ်မိုက်၊ သူကြမ်းရင် ကိုယ်က သူ့ထက်ပိုကြမ်းပြရတာလည်း ရှိတာပေါ့ဆရာ။ ကိုယ့်လုပ်ရပ်မှန်ဖို့တော့ အရေးကြီးတာပေါ့။ ကျွန်တော်က မီးသဂြိုဟ် စက်မှာလုပ်ပြီး လည်ပင်းမှာ ဘုရားရုပ်တွေ၊ ဘုန်းတော်ကြီးပုံကြုတ်လေးတွေ ဆွဲထားတော့ ထိုင်းလူမိုက်တွေက ကျွန်တော့်ကိုလန့်ကြတယ်။ ကျွန်တော်ဆွဲထားတဲ့အဆောင်တွေ ထဲမှာ ကျွန်တော်ယုံကြည်တဲ့အဆောင်က တစ်ခုတည်းပါဆရာ။ အဲဒါကဗုဒ္ဓဆင်းတုတော်ပါပဲ”

သူ့စိတ်ဖိစီးမှုသက်သာရာရလိုရငြား ကျွန်တော်က သူ့ကို ပြုံးလျက်ကြည့်ရင်း ကိုယ်ရေးကိုယ်တာ ပေါ့ပေါ့ပါးပါး အကြောင်းအရာဆီသို့ ဦးတည်လိုက်သည်။

“ဒါနဲ့ ဝင်းနိုင်ဦး မင်းအိမ်ထောင်မကျသေးဘူးဆို၊ လေးဆယ်တောင်ကျော်နေမှ အိမ်ထောင် ပြုတော့လေ”

“ဟာ၊ ဆရာကလည်း ဒီအလုပ်ကြီးနဲ့ ဘယ်မိန်းမက ကျွန်တော့်ကိုယူမှာတုံး။ ဒီအလုပ်က ညဥ့်နက်သန်းခေါင် အချိန်မရွေး၊ အိပ်ချိန်စားချိန် မမှန် လျှောက်လုပ်နေရတဲ့ အလုပ်ဆိုတော့ မိန်းမယူလို့ မဖြစ်ပါဘူးဆရာ”

“ပိုက်ဆံကော စုမိရဲ့လား”

“အမေ့ကိုလှမ်းထောက်ပံ့တာပေါ့ဆရာ။နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်တော့ ငွေပို့ ဖြစ်ပါတယ်”
ကျွန်တော်နှင့် ဝင်းနိုင်ဦးစကားဖောင်ဖွဲ့၍ မကုန်နိုင်ခဲ့။ ဝင်းနိုင်ဦးအား ကျွန်တော်ရေးခဲ့သည့် ရွှေပင်တမ်းချင်းများစုစည်းမှု စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့စဉ် သူ့လက်ထဲမှာ မင်းဒင်ရဲ့သက်ခိုင် စာအုပ်အထူကြီးကို ကိုင်ထားသည်ကိုလည်း မြင်ခဲ့ရသည်။ သို့ သော် သူသည် စာကိုဂျောင်းဂျောင်းပြေးဖတ်နိုင်ဟန် မတူချေ။ သူရုံးခန်းမှာတွဲလျက်ဖွင့် ထားသည့် စာကြည့်တိုက်အတွက် သူရည်ရွယ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ထလမုကျေးရွာမှ ဖူးခက်သို့ အပြန်ခရီးတွင် အယောင် ခေါ် ဝင်းနိုင်ဦး၏ရုပ်သွင်သည် ကျွန်တော့်စိတ်အစဉ်၌ ထက်ကြပ်လိုက်ပါလာခဲ့၏။ ကျွန်တော့် နယ်သား၊ ပရဟိတသမား၊ ထလမုသူရဲ ကောင်း အယောင် ခေါ် ဝင်းနိုင်ဦးကို ကျွန်တော် အလွယ်တကူ မေ့ပျောက်နိုင်မည်မဟုတ် သည်မှာ သေချာလှသော အချက်ဖြစ်ပါ၏။

Credit - The Ladies News Journal

 

No comments:

Post a Comment