Sunday, November 16, 2014

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် ဒုတိယနေ့အဖြစ် ကျောင်းသားသမဂ္ဂများက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ၀င်ရောက်ဆန္ဒပြ

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့တွင် ဆန္ဒပြကျောင်းသားများ ဂါဝရပြုနေကြစဉ်


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားသမဂ္ဂများက ဒုတိယနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို သမိုင်းလမ်းဆုံတွင် စတင်ခဲ့ပြီး အင်းစိန်လမ်းမတစ်လျှောက် ကျောင်းသား တစ်ရာကျော်ခန့်သည် စီတန်းလမ်းလျှောက်ကြွေးကြော်ကာ ရန်ကုန်တက္ကသိုလ်ဝင်းထဲသို့ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်ကို အလေးပြုခြင်း၊ ခွပ်ဒေါင်းအလံများဖြင့် လွှမ်းခြုံခြင်း၊ မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြကျောင်းသားများသည် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး၊ အမျိုးသားပညာရေးဥပဒေ အလိုမရှိ ဒီမိုကရေစီပညာရေး ဒို့အရေး၊ သပိတ်သပိတ် မှောက်မှောက်၊ မီးတုတ်မီးတုတ်ရှိ့ရှိ့ အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် ဒုတိယနေ့အဖြစ် ကျောင်းသားသမဂ္ဂများက နိုဝင်ဘာ ၁၅ ရက်တွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

“ကျောင်းသားထု အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်မှာပေါ်လာတဲ့ ကျောင်းသားတွေရဲ့ဆန္ဒအရ အမျိုးသားပညာရေးဥပဒေအသစ် ပြန်ရေးမပေးမချင်း ကျောင်းသားတွေက ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုသွားမှာပါ။ အမေရိကန်သမ္မတ အိုးဘားမားနဲ့ အရပ်ဘက်တွေ့ဆုံပွဲမှာလည်း ကျွန်မတို့ ကျောင်းသားသမဂ္ဂတွေ ဖိတ်ကြားထားတယ်။ ကျွန်မအနေနဲ့ တွေ့ဆုံပွဲကို မတက်ရောက်ဖြစ်တဲ့အကြောင်းကို သံရုံးကို အကြောင်းပြန်ခဲ့တယ်။ သူတို့က ရုံးစည်းကမ်းအရအထက်ကို ရီပို့တင်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မတို့ ကျောင်းသားထုရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သမ္မတအိုးဘားမားလည်း သိရှိမယ်လို့ ယုံကြည်ပါတယ်”ဟု အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကော်မတီ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲသို့ ဝင်ရောက်ရာတွင် သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များက ဝင်ခွင့်မပေးခဲ့သဖြင့် ကျောင်းသံပန်းတံခါးကို ကျော်ဝင်ခဲ့ကြသည်။ ထို့အပြင် လှိုင်တက္ကသိုလ်နယ်မြေရှိ ဝင်ပေါက်တံခါးများကို ကျောင်းအာဏာပိုင်များက ကြိုတင်ပိတ်ထားခဲ့ကြသည်။

ဆန္ဒပြကျောင်းသားများအား လှည်းတန်းလမ်းဆုံ၌ တွေ့ရစဉ်
  
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုပိုင်ရဲသူက “ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ပြန်လည်ခိုလှုံကြတာ ဖြစ်တယ်။ ဒါကို ကျောင်းအာဏာပိုင်တွေက အထဲကိုဝင်ခွင့်မပေးခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းသားတွေ အထဲကို ကျော်ဝင်ခဲ့ရတာပါ”ဟု ပြောကြားသည်။

 ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲကို မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းခန်းမ၌ ပြုလုပ်ခဲ့ပြီးနောက် တက်ရောက်လာသော မြန်မာတစ်ပြည်လုံးရှိ ကျောင်းသားသမဂ္ဂများ၏ ဆန္ဒအရလုပ်ငန်းကော်မတီဖွဲ့စည်းကာ ယင်းသို့အမျိုးသားပညာရေးဥပဒေအသစ် ပြင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဥပဒေကို ပြင်ဆင်ခြင်းမရှိမချင်း ဆက်လုပ်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ အတည်မပြု ခင်ကာလကတည်းကပင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများက သက်ဆိုင်ရာနယ်မြို့များတွင် ဥပဒေအပေါ်ဆန္ဒပြပွဲများ အကြိမ်ကြိမ်ပြုလုပ် ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် ဥပဒေမှာ ၎င်းတို့တောင်းဆိုသော အချက်အလက်များ ပါဝင်လာခြင်းမရှိဘဲ အတည်ဖြစ်ခဲ့သည်။

Credit -  Eleven Media Group

No comments:

Post a Comment