Sunday, November 16, 2014

အစိုးရ၏ အားနည်းချက်များအား ဝေဖန်ထောက်ပြထိန်းကျောင်းနေသည်မှာ အတိုက်အခံပါတီ မဟုတ်ဘဲ အာဏာရပါတီက ထိန်းကျောင်းနေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ ပြောကြား

Written by: စိုးမင်းထိုက်၊ 

အောင်ရဲကို လက်ရှိအစိုးရ၏ အားနည်းချက်များအား ဝေဖန်ထောက်ပြ ထိန်းကျောင်းနေသည်မှာ အတိုက်အခံပါတီမဟုတ်ဘဲ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ထိန်းကျောင်းနေရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ဒီမိုကရေစီလုပ်ဖို့အတွက် ဒီမိုကရေစီလုပ်နေတာပေါ့။ ဒီမိုကရေစီဖော်ဆောင်တဲ့ နိုင်ငံတိုင်းမှာ အတိုက်အခံပါတီရှိတယ်။ အတိုက်အခံပါတီရဲ့ အဓိကအခြေခံအကျဆုံးအချက်က အုပ်ချုပ်နေတဲ့အစိုးရကို ထက်ထက်မြက်မြက် တွန်းအားပေးဖို့ အဓိကတာဝန်ရှိတယ်။ မြန်မာနိုင်ငံရဲ့
လက်ရှိနိုင်ငံရေးရေစီးကြောင်းကို ကြည့်မယ်ဆိုရင် အုပ်ချုပ်တဲ့အစိုးရကို ထက်ထက်မြက်မြက်လုပ်နေတာ အတိုက်အခံပါတီ မဟုတ်ဘူး။ ဘယ်ပါတီဖြစ်နေလဲဆိုတော့ ဦးတို့ ကြံ့ခိုင်ရေးပါတီလုပ်ပေးနေတာ။ လုပ်ပေးနေရတယ်ဆိုတာက အစိုးရရဲ့အားနည်းချက်တွေ။ လုပ်ပေးနေရတယ်ဆိုတာက ဒီနေ့ကမ္ဘာ့နိုင်ငံရေးလောကမှာ ဒီအတိုင်းပဲသွားနေတာ။ အာဏာရနေတဲ့အစိုးရကို ဒီထက်ပိုပြီး ကောင်းသထက်ကောင်းအောင်ပေါ့။ အားနည်းချက်ကတော့ နေရာတိုင်းမှာ ရှိကြပါတယ်။ ဘေးကနေပြီး ထိန်းကျောင်း ထက်ထက်မြက်မြက်ရှိအောင်လုပ်တာ အတိုက်အခံပါတီရဲ့ မူလအဓိက တာဝန်ဖြစ်တယ်။ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းမှာ ဒါဟာ ပျောက်ကွယ်နေတယ်။ ပျောက်ကွယ်နေတော့ ဒီဟာကို ပေါ်ပေါက်ဖို့ အနိုင်ရထားတဲ့ ပါတီကနေ လုပ်နေရတယ်။ ကြည့်လို့တော့ သိပ်မကောင်းဘူး”ဟု ပြောကြားသည်။ သို့ရာတွင် ဒီမိုကရေစီဖော်ဆောင်သည့်အခါတွင် Reform လုပ်ရကြောင်း၊ Reform ဆိုသည့် စကားကလည်း အဓိပ္ပာယ်အများကြီးရှိကြောင်း၊ Reform က Repair နှင့် မတူကြောင်း၊ အမှန်တကယ် တကယ့်တာဝန်က နိုင်ငံတကာ စံနှုန်းနှင့်ဆိုပါက အတိုက်အခံပါတီက လုပ်ရမည်ဖြစ်ကြောင်း၊ အတိုက်အခံပါတီကနေ လုပ်မည်ဆိုပါက ယခုထက် ပိုမိုအများကြီးတိုးတက်နိုင်မည်ဖြစ်ကြောင်း ဆက်လက်သုံးသပ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအရ မဏ္ဍိုင်ကြီးသုံးရပ်တစ်ခုနဲ့ တစ်ခုစောင့်ကြည့်မယ်ဆိုပြီးတော့ လွှတ်တော်က အစိုးရကို စောင့်ကြည့်တယ်။ တစ်ခါတလေ ပွတ်တိုက်မှုတွေတောင် ဖြစ်တယ်။ အခြေခံဥပဒေခုံရုံး အဖွဲ့တစ်ခုလုံး ပြုတ်သွားတာတွေ ရှိခဲ့တယ်။ အဲလိုထိဖြစ်ခဲ့တယ်။ အတိုက်အခံကတော့ ၂ဝ၁၂ ခုနှစ်မှ စပါလာတာပေါ့။ ဒါပေမဲ့ အတိုက်အခံက သီးခြားထောက်ပြတာ မရှိသေးဘူး။ ဥပဒေအတွင်းကနေ ဒီထက်ပိုတွန်းအားပေးနိုင်ရင် အစိုးရရဲ့ ပြောင်းလဲမှုက ဒီထက်ပိုပြီး ရှေ့ကိုရောက်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားက နည်းတာမှမဟုတ်တာ။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ တစ်ခုခု မကျေလည်ခဲ့ရင် ဘယ်ဝန်ကြီးကြွပါဦးဆိုပြီး ကြားနာလို့ရတာပဲ။ သူခေါ်ရင် မလာလို့ရမလား။ သူကပါဝါရှိတဲ့ အတိုက်အခံတစ်ယောက်။ သူခေါ်လို့ မလာစရာအကြောင်းမရှိဘူး။ ရှင်းပြခိုင်းရမယ်။ တွေ့ဆုံပြီးရင် တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ လွှတ်တော်ဥက္ကဠထံ တင်လိုက်ပေါ့။ ဥက္ကဠ က သမ္မတဆီ သဝဏ်လွှာပို့မှာပေါ့။ လုပ်တာမလုပ်တာက သမ္မတအပိုင်း ဖြစ်သွားပြီလေ။ ကျွန်တော့်အမြင်ကတော့ သူလုပ်ရင်ဖြစ်မှာပဲ။ အခက်အခဲ မရှိနိုင်ဘူး။ သူလုပ်လို့ အခက်အခဲဖြစ်ရင် ပြဿနာဖြစ်သွားမှာပေါ့။ အစိုးရအဖွဲ့မှာ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်”ဟု ပြောကြားသည်။ အစိုးရအနေဖြင့် မူတစ်ခုကိုပဲ အသေကိုင်ထားသည့် သဘောရှိကြောင်း၊ သူသတ်မှတ်ထားသည့် အတိုင်းအတာအထိပဲသွားမည် စသည်ဖြင့် ဖြစ်နိုင်ကြောင်း၊ ဒီထက်ပိုအောင်မသွားဘူးဆိုသည့် သဘောရှိကြောင်း၊ အစပိုင်းတွင် အရွေ့ကမြန်ပြီး နောက်ပိုင်းတွင် ပြောင်းလဲမှုက ငြိမ်သွားကြောင်း၊ ဒီအထိပဲသွားမည်ဆိုသည့် သတ်မှတ်ချက်ရှိသည်ဟု ထင်မြင်ကြောင်း၊ အဆုံးစွန်အထိသွားရန် ရည်ရွယ်ချက်မရှိဘူးဟု ထင်မြင်ကြောင်း ၎င်းကပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း “၂ဝ၁၅ အလွန်မှာ နှစ်ဖက်စလုံးက လျှော့ပြီးသွားသင့်တယ်။ ဒါမှ အကောင်းဘက်ကို ရောက်သွားမယ်။ အခုလက်ရှိက အစိုးရဘက်ကလည်း မလျှော့ဘူး။ အတိုက်အခံဘက်ကလည်း မလျှော့ဘူး။ နှစ်ဖက်လုံး က လျှော့ပြီးသွားတာကို တစ်ကမ္ဘာလုံးက မြင်ချင်တယ်လေ။ အစိုးရနဲ့ အတိုက်အခံဆက်ဆံရေးကလည်း ဝတ်ကျေတမ်းကျေ သဘောလောက်ပဲရှိတယ်။ နွေးနွေးထွေးထွေး မရှိဘူးလို့ မြင်တယ်။ ကျွန်တော်တို့က အကောင်းဆုံးကို မျှော်လင့်ပေမယ့် မရလာသေးဘူးလေ။ ရဖို့ အလားအလာလည်း ကျွန်တော်တော့ မမြင်ဘူး။ အဲတော့ အဆိုးဆုံးမဖြစ်အောင် လက်ရှိမအီမလည်အခြေအနေက အကောင်းဆုံးလို့ ပြောရမလိုဖြစ်နေတယ်”ဟု ဆိုသည်။ ရခိုင်အမျိုးသားပါတီဥက္ကဠ ဒေါက်တာ အေးမောင်က “လွှတ်တော်က ပြည်ခိုင်ဖြိုးလွှမ်းမိုးတာပေါ့။ အစိုးရအဖွဲ့လည်း အတူပါပဲ။ ပြည်ခိုင်ဖြိုး ပါလီမန်နဲ့ ပြည်ခိုင်ဖြိုးအစိုးရလို့ပဲ အခြေခံယုံကြည်ထားတာပေါ့။လွှတ်တော်ရဲ့ ဝင်ပေါက်ထွက်ပေါက် အားလုံးကို သူတို့က အစီအစဉ်တကျ ယူထားပြီးသား။ ဝန်ကြီးဟောင်းတွေက ဥက္ကဠတာဝန် ယူထားပြီးသား။ အင်အားက ပြည့်နေပြီးသား။ လွှတ်တော်ရှိပြီးတော့ အစိုးရကို ထောက်မပြရင် မည်ကာမတ္တာလွှတ်တော်လို့ ပြောကြမှာပေါ့။ ဒါကြောင့် လွှတ်တော်ကထောက်ပြဖို့ ကြိုးစားခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ဆိုရင်လည်း ၂ဝ၁၃ ခုနှစ်လောက်ထိ ကြိုးစားပြီးလုပ်ခဲ့တာတော့ ရှိတယ်။ ကျွန်တော်တို့တင်တဲ့အစိုးရကို ဝေဖန်တဲ့အရေးကြီးတာတွေဆိုရင် ပယ်ချတယ်။ ပြည်ခိုင်ဖြိုးများ ရာစုနဲ့ပယ်ချတယ်။ မအောင်မြင်အောင်ကို လုပ်တယ်။ ကျွန်တော်တို့ခံခဲ့ရတာပဲ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့တယ်။ သူတို့က ဝေဖန်သလိုတွေတော့ ပြတာပေါ့။ အစိုးရကို ဝေဖန်တဲ့လွှတ်တော်ဖြစ်အောင် သူတို့ တည်ဆောက်လာတာ တွေ့ရတယ်။ အရေးကြီးတဲ့ဟာမျိုး၊ အစိုးရအဖွဲ့တစ်ခုလုံးကို ဖြုတ်ချနိုင်ဟာမျိုးဆိုရင် ရှိခဲ့သော်လည်း သူတို့တင်ရဲသလား။ ဒါက သူတို့ကစားနေတာပဲ။ ထောက်ပြနေတယ်ဆိုမျိုးဖြစ်အောင် လုပ်တယ်။ ပြီးရင် ပြန်အတည်ပြုပေးလိုက်တယ်။ အတိုက်အခံဘက်က အရေးကြီးတဲ့အဆိုတွေ တင်ရင်ပယ်ချခံရတာပဲ။ ဒါကြောင့် အင်န်အယ်လ်ဒီပါတီတောင် မတင်တော့ဘူး။ လက်ရှိမှာ ပြည်ခိုင်ဖြိုးက အတိုက်အခံပါတီဖြစ်နေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ပါတီအတွင်းမှာလည်း တကယ်ပြုပြင်ပြောင်းလဲချင်တဲ့သူတွေ ရှိပါတယ်။ တခြားအမတ်တွေထက် ပြည်ခိုင်ဖြိုးက အတိုက်အခံလုပ်နေတယ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော်တို့ထက် ရဲရဲတောက် အတိုက်အခံလုပ်မယ်ဆိုရင်လည်း လိုက်ပါထောက်ခံဖို့ သူတို့မှာ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်တယ်။ ပြည်ခိုင်ဖြိုးပါတီကတင်မှပဲ ထောက်ခံမယ်။ တိုင်းရင်းသားပါတီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ တင်တင်၊ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ အစိုးရက လုပ်သင့်တဲ့ အဆိုပဲဖြစ်ဖြစ် လုပ်ငန်းပဲဖြစ်ဖြစ် ကန့်ကွက်တာခံရတာပေါ့”ဟု သုံးသပ်သည်။

Credit - Eleven Media Group

No comments:

Post a Comment