Sunday, November 16, 2014

လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန်

လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်သည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး ပြည်သူလူထုလိုချင်သည့် အပြောင်းအလဲမဟုတ်ကြောင်း

နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)
လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်သည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး ပြည်သူလူထုလိုချင်သည့် အပြောင်းအလဲမဟုတ်ကြောင်း ဝေဖန်မှုများရှိနေ

ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်ဟူသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်သည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး ပြည်သူလူထုလိုချင်သည့် အပြောင်းအလဲမဟုတ်ကြောင်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ကော်မတီ၏ အစီရင်ခံစာကို အောက်တိုဘာ ၂ဝ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)အုပ်ချုပ်ရေး၊ ပုဒ်မ ၂ဝ၁ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီဖွဲ့စည်းခြင်းနှင့်တာဝန်ဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။ ထို့ပြင်ပုဒ်မ ၂ဝ၁ ကို (က)နှင့် (ခ)ဟု ဖြည့်စွက်လျက် ပုဒ်မ ၂ဝ၁ (ခ)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်ငါးခုကို ဖြည့်စွက်ရန် အကြံပြုခဲ့သည်။

အဆိုပါအကြံပြုချက် ငါးခုမှာ (၁)အရေးပေါ်အခြေအနေကြေညာရာတွင် နိုင်ငံတော်သမ္မတအား လိုအပ်သော အကြံဉာဏ်ပေးရမည်။ (၂) နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုသည့်အခါ နိုင်ငံတော်သမ္မတအား လိုအပ်သည့်ထောက်ခံချက်များ ပေးရမည်။ (၃) နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတအား အကြံဉာဏ်ပေးရမည်။ (၄)အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမည်။ (၅)ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့် အထက်အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်တို့ဖြစ်ကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံ လစ်လပ်ရုံနဲ့ ဒီဟာကို ဖျက်သိမ်းရမယ်၊ လွှတ်တော်ကို ဖျက်သိမ်းမယ်၊ နိုင်ငံတော်အာဏာကို ကာ/ချုပ်ကနေ သိမ်းယူခွင့် အစရှိသဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်သွင်းချက်ဟာ ရှင်းရှင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ကိစ္စကို သူတို့အဆိုတင်သွင်းတယ်ဆိုရင် ဘာမှတုန်လှုပ်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ရင်းအမှန်ကို ထုတ်ပြသလားလို့တော့ တွက်စရာရှိပါတယ်။ ဆိုတော့ ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ပိုပြီးအာဏာပေးချင်တယ်ဆိုတာ နဂိုကတည်းက ကာ/လုံမှာ တပ်ဘက်က အလေးသာနေပြီးသား။ အဲဒါကိုမှထပ်ပြီး အလေးပိုးချင်တယ်ဆိုရင်တော့ ဒါဟာ ပြည်သူလူထုကို သိပ်ပြီး ထည့်မတွက်ရာ ရောက်တယ်။ အသွင်ကူးပြောင်းရေးကို မလိုလားရာရောက်တယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ လက်သင့်မခံဘူး။ ဒီမိုကရေစီမဆန်ဘူးလို့ မြင်တယ်”ဟု ပြောကြားသည်။

နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းကလည်း “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်လို့ ဖော်ပြထားတဲ့ ပြင်ဆင်ရန် အကြံပြုချက်ဟာ ဒီမိုကရေစီစနစ်ကို ဗြောင်ကျကျ ဖီလာဆန့်ကျင်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲအပေါ် တိုင်းရင်းသားပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတို့ကို လျော့ကျစေနိုင်တဲ့ အကြံပြုချက်ဖြစ်ပါတယ်။ ကာလုံအနေဖြင့် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုကို စောင့်ကြည့်၊ ဆန်းစစ်၊ အကဲဖြတ်နိုင်တဲ့ အဖွဲ့အစည်းနေရာကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဠာန်းချက်တွေနဲ့အညီ ရယူလာနိုင်မယ့် အဆိုပါအကြံပြုချက်ဟာ စစ်အာဏာရှင်စနစ်ရဲ့အငွေ့အသက်တွေ ပိုမိုလွှမ်းခြုံရေးဘက်ကို တွန်းအားပေးနေတယ်လို့ ယေဘုယျကောက်ချက်ပြုနိုင်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကို ရွေးကောက်တင်မြှောက်သည့် အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၃၃ဝ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁ဝ တို့ဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားလွှတ်တော်ကို ရွေးကောက်တင်မြှောက်သည့် အရပ်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က “၃ဝ ရာခိုင်နှုန်း သုံးပုံတစ်ပုံပေါ့နော်။ သုံးပုံတစ်ပုံဆိုတော့ ၃၃ ဒသမ ၃ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်သွားလို့ရှိရင် ဒီလိုပြောတာကို။ ၃၃ ဒသမ ၃ ရာခိုင်နှုန်း အထိ အလစ်အလပ်မခံဘဲနဲ့ ဖြည့်တင်းနေမယ်။ အဲဒီလိုဖြည့်တင်းဖို့က တာဝန်က ဘယ်သူ့တာဝန်လဲဆိုတော့ ကော်မရှင်ရဲ့တာဝန်။ နောက်တစ်ခါ တပ်မတော်သားတွေက ၂၅ ရာခိုင်နှုန်းရှိတယ်။ သူတို့က အဲဒီအချက်ကို ထည့်လိုက်မယ်ဆိုရင် တကယ်လို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ထွက်ပါပြီတဲ့။ ၂၅ ရာခိုင်နှုန်း ထွက်သွားပြီလို့ပြောလို့ရှိရင် ၃ဝ ရာခိုင်နှုန်းရောက်ဖို့က အရင်မရှိတဲ့ သူတွေနဲ့ ပေါင်းလိုက်လို့ရှိရင် ၃ဝ ရာခိုင်နှုန်း အသာလေးဖြစ်သွားမယ်။ အဲဒီအချိန်ကျလို့ရှိရင် နိုင်ငံတော်သမ္မတက လွှတ်တော်ကို ဖျက်သိမ်းနိုင်တယ်လို့ ဒီလိုဆိုနေတာပေါ့။ ဒီလိုဆိုမယ်လို့ယူဆရင် တစ်ခုခုကို တစိုက်မတ်မတ်လုပ်ပြီး ပြောနေရာကျတယ်။ တပ်မတော်ရဲ့ကဏ္ဍကိုပဲ တစိုက်မတ်မတ်လုပ်ပြီး ပြောနေရာကျတယ်။ အဲဒီလိုမျိုးက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မထည့်ထားသင့်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ နိုင်ငံသားတစ်ဦးတစ်ယောက်ပေါ်မှာ တစိုက်မတ်မတ်လုပ်ပြီး ထည့်တဲ့ပြဠာန်းချက်မျိုး၊ အစုအဖွဲ့တစ်ဖွဲ့တည်းပေါ်မှာ တစိုက်မတ်မတ် လုပ်ပြီးထည့်တဲ့ ပြဠာန်းချက်မျိုး မထည့်သင့်ဘူး”ဟု ပြောကြားသည်။

“ဒီလိုလုပ်ဆောင်မှုဟာ ပြည်သူတွေပေါ်မှာတော့ ဘယ်လိုမှ ကောင်းကျိုးမရောက်နိုင်ဘူးလို့ အဲဒီလိုပဲမြင်ပါတယ်။ အဓိက တပ်အနေနဲ့ သူယူထားတဲ့ ၂၅ ရာခိုင်နှုန်းက ကျွန်တော့်အမြင်မှာ လိုတာထက် ပိုနေတယ်။ ဒီဟာကနေ တဖြည်းဖြည်းလျော့မယ်ဆိုတဲ့ ကျွန်တော်တို့ ယုံကြည်ချက်ပေါ့ဗျာ။ အဲဒီလမ်းကြောင်းအတိုင်းပဲ ဆက်ပြီးတော့သွားသင့်တယ်။ ၂ဝ၁၅ မှာ တစ်ဝက်တော့ လျော့စေချင်တယ်။ ၂ဝ၂ဝ မှာ လုံးလုံးလျားလျားကို လျော့နိုင်တဲ့အထိ တပ်အနေနဲ့ စဉ်းစားပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ချီတက်နိုင်လိမ့်မယ်လို့ ယူဆတယ်။ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း တစ်ဝက်ကတော့ လျော့ကိုလျော့ရမယ်။ လျှော့ပြရမယ်။ အဲဒါ သူတို့တပ်ဘက်က သဘောထားကြီးတဲ့အကြောင်း ပြကိုပြရမယ်။ ပြမှလည်း ပြည်သူတွေက တပ်ကိုယုံမှာကို။ အဲဒါကို စဉ်းစားသင့်တယ်လို့ သူတို့ကို အကြံပေးချင်တယ်။ ၂ဝ၂ဝ မှာ အပြီးအပိုင် ဒီမိုကရေစီရဲ့ဝိညာဉ်ကို လူထုရဲ့ လက်ထဲကို ပြန်လည်အပ်နှံတဲ့အခြေအနေရှိရမယ်။ အခုဟာက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဝိညာဉ်ဟာ တစ်ဝက်တစ်ပျက်လောက် ပြန်ပေးဆွဲသလိုခံစားရတယ်”ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဠ ဦးဇိုဇမ်က ပြောကြားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးဂျင်မီက “ဒီအဆိုပြုချက်ကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုတယ်ဆိုရင် ဒါက အဓိပ္ပာယ်တစ်မျိုးဗျ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုလာတယ်ဆိုရင် အဲဒီအဓိပ္ပာယ်ကတော့ ကျွန်တော့်အမြင် သဘောတူစရာအကြောင်း မရှိဘူး။ နောက်တစ်ခုက အကြောင်းအမျိုးမျိုးကြောင့် သုံးပုံတစ်ပုံ လစ်လပ်တယ်ဆိုရင် ဘာလို့ဖျက်သိမ်းရမှာလဲ။ နောက်ထပ်ရွေးကောက်ပွဲ ထပ်လုပ်ပေါ့ဗျ။ ကြားဖြတ်ရွေးကောက်ပွဲ ထပ်လုပ်ပေါ့။ လစ်လပ်တဲ့နေရာကို ဖြည့်ဆည်းပေးဖို့ဆိုတာကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်က အမြဲတမ်းသတိထားရမယ့် ကိစ္စတစ်ခုပေါ့။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျွန်တော်တို့က ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့တောင်းနေတဲ့အချိန်မှာ တပ်မတော်ဘက်က ဒီဟာကိုထပ်ပြီး တင်လာတယ်ဆိုတော့ ဒီအဓိပ္ပာယ်က သဘောကျစရာ အဓိပ္ပာယ်မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက ဒီလိုတောင်းဆိုတာမျိုး တပ်မတော်ဘက်က မတောင်းဆိုသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ သုံးပုံတစ်ပုံ လစ်လပ်နေတယ်ဆိုရင် ဖြည့်ဆည်းပေးဖို့ကိုပဲ ကျွန်တော်တို့ စဉ်းစားရမှာ။ ဘာလို့လွှတ်တော်ကို ဖျက်သိမ်းမှာလဲ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အခုအချိန်မှာ အဓိကအာရုံစိုက်ရမှာက ပုဒ်မ ၄၃၆ကို ဝိုင်းဝန်းပြင်ဆင်ပေးဖို့ပဲ အာရုံစိုက်သင့်တယ်လို့ မြင်တယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အခွင့်ကောင်းတစ်ရပ်အနေနဲ့ ယူပြီးတော့ ဝိုင်းဝန်းပြင်ဆင်ပေးဖို့ အဓိကထား တိုက်တွန်းချင်တယ်”ဟု ပြောကြားသည်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁)နိုင်ငံတော်သမ္မတ၊ (၂) ဒုတိယသမ္မတ၊ (၃) ဒုတိယသမ္မတ၊ (၄) ပြည်သူ့လွှတ်တော်ဥက္ကဠ၊ (၅) အမျိုးသားလွှတ်တော်ဥက္ကဠ၊ (၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ (၇) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ (၈) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ (၉) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ (၁ဝ) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ (၁၁) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးတို့ဖြင့် ဖွဲ့စည်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုသွားရမယ့် အချိန်အခါမျိုးမှာ စစ်အုပ်ချုပ်ရေးရဲ့ ချုပ်ကိုင်ထားတဲ့ လက်ဆုပ်ကိုလျှော့ရမယ့်၊ ဖြန့်ရမယ့်အချိန်မျိုးမှာ နောက်ထပ်တိုးချဲ့ပြီးတော့ ဆုပ်ကိုင်ချင်တယ်ဆိုတဲ့ အပြောင်းအလဲမျိုးကတော့ အခုသွားနေတဲ့ သမိုင်းကြောင်း တောင်းဆိုချက်နဲ့လည်း နည်းနည်းကွဲလွဲနေတယ်။ အဲဒီလို တင်ပြလာတဲ့အခြေအနေဟာရှိပြီးသား ဖွဲ့စည်းပုံအခြေခံဥပဒေကို လျှော့ပေါ့ပြီးတော့ ဒီမိုကရေစီပြောင်းလဲရေးထက် နဂိုကတည်းကရှိနေတဲ့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်ကို ပိုပြီးတော့ ချဲ့ထွင်ဖို့ မျှော်လင့်တဲ့အပြောင်းအလဲမျိုးဟာ ဒီနေ့ ပြည်သူလူထုလိုချင်တဲ့ အပြောင်းအလဲမဟုတ်ဘူးလို့ ပြောရမှာပဲ။ တကယ်လို့ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အကြောင်းကြောင်းကြောင့် လျော့သွားလို့ ဒီလွှတ်တော်ကြီးကို ဖျက်သိမ်းပစ်ရမယ်ဆိုတာ ဒီမိုကရေစီနိုင်ငံ ဘယ်နိုင်ငံမှာမှ အစဉ်အလာမရှိဘူး။ အခု လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာရှိလဲဆိုတော့ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ လျော့သွားမယ်ဆိုရင် လျော့သွားတဲ့ ကိုယ်စားလှယ်တွေကို ဖြည့်ဆည်းဖို့အတွက် ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ရှိတယ်။ အဲဒီတော့ လျော့သွားရင် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ထပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်ပြီးခန့်အပ်ရုံပဲ ရှိတယ်။ ဦးတို့ ဝင်လာတာတောင်မှ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ တက်လာတာ။ လျော့လို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးရမယ်ဆိုတဲ့ မူကြီးရှိပါရဲ့သားနဲ့ သုံးပုံတစ်ပုံလျော့သွားတာနဲ့ လွှတ်တော်ကို ပယ်ဖျက်ပေးဖို့ရာအတွက် ကာ/ လုံကနေပြီးတော့ အကြံပေးခွင့်ဆိုတဲ့ဟာမျိုး က လက်ရှိ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ဘယ်လောက်ထိ ကွာဟသွားမလဲဆိုတာ လူတိုင်းသိနိုင်တဲ့အကြောင်း ဖြစ်နေတာပဲ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲသွားတဲ့ နိုင်ငံတွေရဲ့ နမူနာတွေကိုပဲ ယူသင့်တယ်။ အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေရဲ့ နမူနာကိုယူဖို့တော့ မဟုတ်ဘူး။ အလွယ်ကူဆုံးပြောရမယ်ဆိုရင် သိဒ္ဓိတ္ထရဲ့ လမ်းကြောင်းကိုလိုက်မယ်ဆိုရင် ဒေဝဒတ်ရဲ့မူကို နမူနာယူစရာမလိုဘူးလို့ ပြောရမှာပဲ”ဟု ပြောကြားသည်။

Credit -  Eleven Media Group

No comments:

Post a Comment