Sunday, November 30, 2014

အကြမ်းဖက်မှုများနှင့် ဆက်နွှယ်နေသော အမျိုးသားသုံးဦးကို မန္တလေးတွင် ဖမ်းမိ

မန္တလေး၊ နိုဝင်ဘာ ၂၉

ပြည်တွင်းတွင် ဗုံးဖောက်ခွဲမှုနှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက်ဟု သတင်းရရှိကာ ဖမ်းဆီးစစ်ဆေးခြင်း ခံနေရသူ လေးဦးနှင့် ပတ်သက်နေသည့် အမျိုးသားသုံးဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့က မန္တလေးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။
အောင်မြေသာစံမြို့နယ် အမှတ် (၁) စခန်းတွင် (ပ) ၂၂၀/၂၀၁၄ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ဌ) ဖြင့် အမှုမှ ကွင်းဆက်ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး သတင်းရဲတပ်ဖွဲ့တွင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရုံးထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့တွင် စစ်ဆေးနေသည့် အမျိုးသားလေးဦး အမှုကွင်းဆက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ဈေးချိုဘိုတဲ ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး အမှုဖွင့်စစ်ဆေးရန် အတွက် သတင်းရဲတပ်ဖွဲ့ခွဲ (၃) တွင် ပို့ဆောင်ထားရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခဲ့သော ဗုံးဖောက်ခွဲ အကြိမ်းဖက်မှု ပြုလုပ်ရန် သတင်းရရှိထားသည့် အမျိုးသားလေးဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးခရိုင် သိန္နီမြို့နယ် အေရှားဝေါလ် တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖောက်ခွဲအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို စစ်ဆေးရန် မန္တလေးတိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

Credit - The Voice Weekly

No comments:

Post a Comment