Sunday, November 30, 2014

လုပ်ရမှာကို မလုပ်၊ မလုပ်ရမှာကို လုပ် (ဆောင်းပါး)

(Written By: နေထွန်းနိုင်)
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင်များ ပထမဆုံး တွေ့ဆုံကြစဉ် (ဓာတ်ပုံ-Mm.presscouncil Facebook)

(၁)    
နိုဝင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ရုံးခန်းမှာ အကြိုဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ပါတယ်။ သတင်းမီဒီယာတွေက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်ချုပ် တစ်ဦးဦးကိုသာ တက်ဖို့ဖိတ်ခဲ့ပါတယ်။

“တပ်မတော်နဲ့ သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု ချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား” လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နှစ်ကြိမ်တိုင်တွေ့ဆုံပြီးတဲ့နောက် စာနယ်ဇင်းကောင်စီက ဒီပွဲကိုလုပ်ခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ချိန်မှာ တပ်မတော်နဲ့ မီဒီယာကြား ဆက်ဆံရေးကောင်းမွန်စေဖို့ မီဒီယာတွေနဲ့တွေ့သင့်ကြောင်းကို ကောင်စီကဆွေးနွေးခဲ့တယ်။ ဒါကြောင့် အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ ဖြစ်လာခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက ကြိုတင်ညှိနှိုင်းအခမ်းအနားပွဲမှာ ပြောခဲ့ပါတယ်။

ကျန်တဲ့အပိုင်းမှာတော့ တပ်မတော်နဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်တဲ့အခါ ဘယ်အချက်တွေကို ဆွေးနွေးကြမလဲဆိုပြီး ကြိုတင်ညှိနှိုင်းအခမ်းအနားပွဲ တက်ခဲ့သူတွေနဲ့ တိုင်ပင်ခဲ့ကြပါတယ်။

(၂)
တပ်မတော်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဘယ်ရက်မှာလုပ်မယ်ဆိုတာ မသိပေမဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲအတွက် စာနယ်ဇင်းကောင်စီ(ယာယီ)က တက်ကြွလွန်းနေပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်၊ သူ့အလုပ်သူလုပ်ရမယ့်အချိန်မှာ တပ်မတော်နဲ့မီဒီယာ ဆက်ဆံရေးကောင်းဖို့ စာနယ်ဇင်းကောင်စီက ကြားဝင်ပါတယ်။ ဒါဟာ စာနယ်ဇင်းကောင်စီရဲ့အလုပ် မဟုတ်ပါဘူး။

မီဒီယာဆိုတာ အလယ်ကရပ်ပြီး မှန်ကန်မျှတတာကို ရေးသားဖော်ထုတ်ရမှာပါ။ ပြည်သူမဟုတ်တဲ့ အခြားတစ်ဖက်ဖက်ကိုရပ်ပြီးလုပ်ရင် ဘက်လိုက်ခြင်း (bias) ဆိုတာ ဖြစ်လာမှာပါ။

အခုချိန်မှာ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းဖို့၊ အစိုးရအဖွဲ့နဲ့ ဆက်ဆံရေးကောင်းဖို့ လိုတယ်ဆိုပြီး ခေါင်းစဉ်လှလှတပ်၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရအတိုက်အခံတွေ၊ ဖွတ်မွဲပြာစု ပြည်သူတွေရဲ့ မီဒီယာအပေါ် နားလည်မှုတွေက ဘယ်လိုဖြစ်သွားမလဲ။

စစ်တပ်၊ အစိုးရနဲ့ မီဒီယာ ပေါင်းစားကြတယ်ပဲ မြင်ကြမှာပါ။

(၃)
ပြီးခဲ့တဲ့နှစ်ကစပြီး သတင်းမီဒီယာအရေး အစိုးရရဲ့ နောက်ပြန်လှည့်မှုတွေ ရှိခဲ့တယ်။ ဂျာနယ်လစ်တွေ စစ်ဆေးခံရတယ်။ ဖမ်းဆီးခံရတယ်။ ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိတဲ့ စီရင်ချက်တွေနဲ့ ထောင်ချခံခဲ့ရတယ်။ ဒါတွေအပေါ် စာနယ်ဇင်းကောင်စီဘက်က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာ မရှိခဲ့ပါဘူး။ တချို့ကိစ္စတွေမှာ ဝတ်ကျေတန်းကျေ ကြေညာချက်ထုတ်ရုံကလွဲပြီး မျက်နှာလွှဲခဲ့တာတွေ ရှိပါတယ်။ စာနယ်ဇင်းကောင်စီအပေါ် ဂျာနယ်လစ်တွေရဲ့ယုံကြည်မှု ပျောက်ဆုံးခဲ့ပါတယ်။

ဒါကို အဖတ်ဆယ်တဲ့အနေနဲ့ မီဒီယာ၊ အစိုးရ၊ မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲဖြစ်ဖို့ စာနယ်ဇင်းကောင်စီက ကြိုးစားခဲ့တယ်။ လုပ်ဖြစ်ခဲ့တယ်။ အစိုးရ၊ မဏ္ဍိုင်သုံးရပ်နဲ့တွေ့တာကို လက်ခံပါတယ်။ တွေ့သင့်ပါတယ်။ တွေ့ပေမယ့် တိုးတက်မှုမရှိတာကိုလည်း လက်ခံရပါမယ်။

    မြန်မာသံတော်ဆင့် သတင်းဂျာနယ်က လူပုဂ္ဂိုလ် ၁၁ ဦး တရားစွဲဆိုခံရတာက အချက်အလက်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေ တရားစွဲဆိုခံရတာက သတင်းမီဒီယာ ဥပဒေနဲ့ စွဲခံရတာပါ။ သတင်းမီဒီယာ ဥပဒေဆိုတာ ဂျာနယ်လစ်တွေကို အကာအကွယ်ပေးနိုင်ဖို့ စာနယ်ဇင်းကောင်စီ ဦးဆောင်၊ ဂျာနယ်လစ်တွေ ဝိုင်းပြီးကျစ်ခဲ့ကြတဲ့ ကြိုးပါ။ ဂျာနယ်လစ်တွေ ဝိုင်းကျစ်ခဲ့တဲ့ကြိုးနဲ့ ဂျာနယ်လစ်တွေ အစွပ်ခံရပါပြီ . . . . .

အစိုးရ၊ မဏ္ဍိုင်သုံးရပ်နဲ့တွေ့ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်။ ပထမအကြိမ်တွေ့ဆုံမှုမှာ တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူ သုံးဦးထားပေးမယ် ပြောပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။

ဒုတိယအကြိမ် တွေ့ပြီးချိန်မှာ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အလုပ်ရုံဆွေးနွေးပွဲဆိုတာကို စာနယ်ဇင်းကောင်စီဘက်က ထုတ်ပြောခဲ့တယ်။

အလုပ် ဖြစ်၊ မဖြစ် မသေချာပေမဲ့ မလိုအပ်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဩဇာခံဘဝ အထင်ခံရအောင် ကျုံးသွင်းတယ်လို့ပဲ ယူဆပါတယ်။
   
(၄)
မီဒီယာမှာ မှန်ကန်မျှတတဲ့ အချက်အလက်တွေ ပါစေချင်ရင် မှန်ကန်မျှတတဲ့ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပေးဖို့ တပ်မတော်မှာ တာဝန်ရှိပါတယ်။ သတင်းတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ထုတ်ပေးရပါမယ်။ မီဒီယာနဲ့ ထိတွေ့ဆက်ဆံဖို့ ကျွမ်းကျင်သူမရှိရင် ကျွမ်းကျင်သူထားရပါမယ်။ ဒါက သူတို့လုပ်ရမယ့် အလုပ်ပါ။ နိုင်ငံတကာမှာလည်း ဒီအတိုင်းလုပ်ကြတာပါပဲ။ စာနယ်ဇင်းကောင်စီက ဝင်လုပ်ပေးစရာ မလိုပါဘူး။    

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစုမှာ မီဒီယာနဲ့ ထိတွေ့ဆက်ဆံဖို့ ဝန်မလေးတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ သတင်းထုတ်ပြန်မှုတွေ မြန်ဆန်ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေအပေါ် မရှင်းတာရှိလို့ ပြန်မေးရင်လည်း ဖြေကြားပေးသူ အဆင်သင့်ရှိပါတယ်။

မီဒီယာရဲ့ ရေးသားဖော်ပြမှုတွေ မျှတမှုမရှိဘူးလို့ယူဆရင် အဲဒီအတွက် တပ်မတော်မှာပဲ တာဝန်ရှိပါတယ်။ အချိန်နဲ့တစ်ပြေးညီ ဖော်ပြရတဲ့ သတင်းတွေမှာ အလျင်မြန်ဆုံး သတင်းထုတ်ပြန်နိုင်သူတွေရဲ့ အာဘော်ပါနေတာ မဆန်းပါဘူး။

အခုချိန်မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တချို့ ရှိပေမယ့် ပေးတာကိုပဲရေးဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ သတင်းထုတ်ပြန်မှု နောက်ကျတဲ့အပြင် ထပ်မေးရင် ဖြေမယ့်သူမရှိပါဘူး။  ထပ်မေးခွင့်မရှိဘဲ ပေးတာတွေကိုပဲရေးနေရင် အမှားတွေ အမှန်ဖြစ်၊ အမှန်တွေ အမှားဖြစ်တာမျိုး ရှိလာနိုင်ပါတယ်။

(၅)
စာနယ်ဇင်းကောင်စီအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးပြေလည်ဖို့ ကိစ္စအပြင် လုပ်ရမယ့် တခြားအလုပ်တွေ ရှိနေပါတယ်။ ဂျာနယ်လစ်တွေ ဖိနှိပ်ခံနေရတာကို ဘယ်လိုဖြေရှင်းပေးမလဲ။ စာနယ်ဇင်းကောင်စီ လုပ်နေတာတွေက တလွဲတချော် ဖြစ်နေပါတယ်။

မြန်မာသံတော်ဆင့် သတင်းဂျာနယ်က လူပုဂ္ဂိုလ် ၁၁ ဦး တရားစွဲဆိုခံရတာက အချက်အလက်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေ တရားစွဲဆိုခံရတာက သတင်းမီဒီယာ ဥပဒေနဲ့ စွဲခံရတာပါ။

သတင်းမီဒီယာ ဥပဒေဆိုတာ ဂျာနယ်လစ်တွေကို အကာအကွယ်ပေးနိုင်ဖို့ စာနယ်ဇင်းကောင်စီ ဦးဆောင်၊ ဂျာနယ်လစ်တွေ ဝိုင်းပြီးကျစ်ခဲ့ကြတဲ့ ကြိုးပါ။ ဂျာနယ်လစ်တွေ ဝိုင်းကျစ်ခဲ့တဲ့ကြိုးနဲ့ ဂျာနယ်လစ်တွေ အစွပ်ခံရပါပြီ။

နည်းဥပဒေ မထွက်သေးတဲ့ သတင်းမီဒီယာဥပဒေနဲ့ ဂျာနယ်လစ်တွေကို ပထမဆုံး တရားစွဲဆိုခဲ့တာက အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ နစ်နာတယ်လို့ယူဆသူ သမ္မတဦးသိန်းစိန်ကိုယ်စား သမ္မတကိုယ်တိုင်၊ ဒါမှမဟုတ် သမ္မတရုံးကမဟုတ်ဘဲ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာက တရားစွဲခဲ့တာပါ။

နည်းဥပဒေတောင် မထွက်သေးတဲ့ ဥပဒေတစ်ရပ်နဲ့ တရားစွဲဆိုတာ၊ တရားစွဲဆိုသူဟာ ကိုယ်တိုင်နစ်နာသူမဟုတ်ဘဲ ကိုယ်စားပြုခံရသူဖြစ်နေတာ စတဲ့အချက်တွေ ရှိနေပေမယ့် ဒီအချက်တွေကို ကန့်ကွက်ဖို့ စာနယ်ဇင်းကောင်စီဘက်က ပျက်ကွက်ခဲ့ပါတယ်။

(၆)
ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ တရားစွဲဆိုခံရသူ ဂျာနယ်လစ် အများပြားရှိပါတယ်။

ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦး၊ Bi မွန်းတည့်နေ သတင်းဂျာနယ် ထုတ်ဝေသူနှစ်ဦးနဲ့ ဂျာနယ်လစ်သုံးဦး၊ Weekly Eleven သတင်းဂျာနယ်နဲ့ The Daily Eleven သတင်းစာက ထုတ်ဝေသူနဲ့ မန်နေးဂျင်းဒါရိုက်တာ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နဲ့ အမှုဆောင်အယ်ဒီတာစသဖြင့် စုစုပေါင်းငါးဦး၊ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က အယ်ဒီတာချုပ်ကနေ ဖြန့်ချိရေးဝန်ထမ်းအထိ စုစုပေါင်း ၁၁ ဦး တရားစွဲဆိုခံခဲ့ရပါတယ်။

ဒီကြားထဲမှာပဲ ယူနတီသတင်းဂျာနယ်နဲ့ Bi မွန်းတည့်နေ သတင်းဂျာနယ်ကလူတွေ ထောင်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။ Weekly Eleven သတင်းဂျာနယ်၊ The Daily Eleven သတင်းစာနဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က တရားစွဲဆိုခံရသူတွေ တရားရင်ဆိုင်နေရပါတယ်။

တစ်နှစ်ကျော်ကာလအတွင်းမှာ သတင်းမီဒီယာနယ်ပယ်က ၁ဝ ဦး ထောင်ချခံရပြီး ၁၆ ဦး တရားရင်ဆိုင်နေရတာပါ။

ထောင်ချခံရတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ယူနတီသတင်းဂျာနယ်ကလူတွေကို တရားစွဲချိန်မှာ သတင်းမီဒီယာဥပဒေ မပေါ်သေးပါဘူး။ Bi မွန်းတည့်နေ သတင်းဂျာနယ်ကလူတွေ တရားစွဲဆိုခံရချိန်မှာ သတင်းမီဒီယာဥပဒေ ရှိနေပါပြီ။ ဒါပေမဲ့ သူတို့ကို သတင်းမီဒီယာဥပဒေမဟုတ်တဲ့ တခြားဥပဒေတွေနဲ့ အရေးယူပြီး ထောင်ချပါတယ်။

ဒီအတွက် မီဒီယာနယ်ပယ်ကလူတွေနဲ့ မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲမှာ Bi မွန်းတည့်နေဂျာနယ်လစ်တွေကို ဘာကြောင့်သတင်းမီဒီယာဥပဒေနဲ့အညီ စာနယ်ဇင်းကောင်စီကို မတိုင်ကြားဘဲ ဆောင်ရွက်သလဲဆိုတဲ့ မေးခွန်းကို ဂျာနယ်လစ်တွေ မေးခဲ့ပါတယ်။

သတင်းမီဒီယာဥပဒေရဲ့ အားနည်းချက်ကို အကာအကွယ်ယူပြီး သူတို့ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ မှာ “နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်” လို့ ဖော်ပြပါတယ်။

ပုဒ်မ ၂၃ မှာ “ပုဒ်မ ၂၂ အရ ကောင်စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်သည်” လို့ ဆက်လက်ဖော်ပြပါတယ်။

အဓိကအချက်က ပုဒ်မ ၂၁ ဖြစ်ပါတယ်။ တရားစွဲချင်တယ်ဆိုရင် စာနယ်ဇင်းကောင်စီကို တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ တိုင်းကြားရမယ်လို့ မဖော်ပြထားပါဘူး။ ဒါကြောင့် ဂျာနယ်လစ်တစ်ဦးဦး၊ မီဒီယာတစ်ခုခုကို တရားစွဲချင်ရင် စာနယ်ဇင်းကောင်စီကို တိုင်ကြားချင်ရင် တိုင်ကြားနိုင်တယ်၊ မတိုင်ကြားရင်လည်း ရတယ်ဆိုတဲ့ ပုံစံဖြစ်ပါတယ်။

(၇)
သတင်းမီဒီယာ ဥပဒေထဲမှာ “တိုင်ကြားရမည်” လို့ မဖော်ပြထားဘဲ “တိုင်ကြားနိုင်သည်” လို့ပဲ ဖော်ပြထားတာကြောင့် Bi မွန်းတည့်နေဂျာနယ်လစ်တွေကို တရားစွဲတဲ့အခါ စာနယ်ဇင်းကောင်စီကို ဘေးဖယ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်ကြောင့် ဂျာနယ်လစ်တွေဟာ သတင်းမီဒီယာဥပဒေမဟုတ်တဲ့ အခြားဥပဒေတွေနဲ့ အရေးယူထောင်ချခံရနိုင်သလို စာနယ်ဇင်းကောင်စီက ဂျာနယ်လစ်တွေကို ကာကွယ်ချင်တယ်ဆိုရင်တောင် ကာကွယ်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဥပဒေရဲ့ အားနည်းချက်ကို အချိန်မီပြင်ဆင်နိုင်ဖို့က စာနယ်ဇင်းကောင်စီရဲ့ တာဝန်ပါ။ အားနည်းချက်ကို အချိန်မီပြင်ဖို့ စာနယ်ဇင်းကောင်စီ ဘာလုပ်ခဲ့သလဲ မသိရပါဘူး။ မကြာခင်ထွက်လာဖို့ရှိတဲ့ နည်းဥပဒေမှာလည်း ဘယ်လိုအားနည်းချက်တွေ၊ အစိုးရရဲ့ အသာစီးယူမှုတွေ ပါလာဦးမလဲ မသိရသေးပါဘူး။ ဒီအတွက် ငြင်းခုံကြရပါဦးမယ်။

Weekly Eleven သတင်းဂျာနယ်နဲ့ The Daily Eleven သတင်းစာက တာဝန်ရှိသူငါးဦးကို တရားစွဲတဲ့အခါ သတင်းမီဒီယာဥပဒေ ရှိထားပါလျက် ဒီဥပဒေကိုမသုံးဘဲ ထောင်ဒဏ်နှစ်နှစ် ချနိုင်တဲ့အထိ သက်ရောက်နိုင်တဲ့ ပုဒ်မ ၅ဝဝ ကို သုံးပါတယ်။

မြန်မာသံတော်ဆင့် သတင်းဂျာနယ်က အယ်ဒီတာချုပ်ကနေ ဖြန့်ချိရေးအပါအဝင် ၁၁ ဦးအထိ တရားစွဲတဲ့အချိန်မှာ အမြင့်ဆုံးငွေဒဏ် ချမှတ်နိုင်တဲ့ သတင်းမီဒီယာဥပဒေကို သုံးပါတယ်။ လူအများဆုံးကို တရားစွဲခဲ့တာပါ။

အစိုးရက နောက်ပိုင်းလုပ်လာတဲ့ မီဒီယာတွေအပေါ် တရားစွဲပုံ၊ စွဲနည်းကို ကြည့်တဲ့အခါ မီဒီယာတစ်ခုရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ အယ်ဒီတာ၊ သတင်းထောက်တွေကိုသာမကပဲ ဖြန့်ချိရေးအထိပါ တရားစွဲတဲ့ပုံစံ ဖြစ်လာပါတယ်။

စာနယ်ဇင်းကောင်စီဘက်က ကန့်ကွက်တာမျိုး မရှိပါဘူး။

သတင်းမီဒီယာ လုပ်ကိုင်နေသူတွေဟာ မူးယစ်ဆေးဝါးရောင်းချနေသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါး ရောင်းနေကြသူတွေလို ထိပ်ပိုင်းကအစ ဖြန့်ချိသူအထိပါ တရားစွဲခံရမယ့်အရေးကို မီဒီယာနယ်ပယ်တစ်ခုလုံး ရင်ဆိုင်နေရပါပြီ။ ပိုဆိုးတာက ကိုယ်ကျစ်ခဲ့တဲ့ကြိုးနဲ့ ကိုယ့်လည်းပင်းကိုယ် အစွပ်ခံရသလို ဖြစ်လာပါတယ်။

သတင်းမီဒီယာ ဥပဒေဆိုတဲ့ကြိုးကို ကျစ်ခဲ့ချိန်တုန်းက ပုံစံအမျိုးမျိုးနဲ့ အကောင်းအဆိုး ပြောခဲ့သူတွေ ရှိခဲ့ပါတယ်။ ဒီအချိန်မှာ မီဒီယာနယ်ပယ် တစ်ခုလုံးသာ မကတော့ပါဘူး။ စာပေနယ်တစ်ခုလုံးပါ ခြိမ်းခြောက်ခံနေရပါပြီ။ ထုတ်ဝေစာတစ်ခုခုအပေါ် တရားစွဲဆိုခံရတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေသာမကတော့ဘဲ ထုတ်ဝေသူကအစ၊ ဖြန့်ချိသူအဆုံး အရေးယူခံရမယ့် အခြေအနေ ဖြစ်လာခဲ့ပါပြီ။

(၈)
စာနယ်ဇင်းကောင်စီက ဘာမှအားကိုးလို့ မရတော့ပါဘူး။ သမ္မတပေးတဲ့အလှူငွေ သိန်း ၅ဝဝ ကို လက်ခံပြီးကတည်းက ပျက်ယွင်းသွားခဲ့တဲ့ ယုံကြည်မှုဆိုတာ အခုချိန်မှာ ဘယ်လိုမှ အဖတ်ဆယ်မရတော့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဆက်မလုပ်ကြပါနဲ့တော့။ ဂျာနယ်လစ်တွေကို ကာကွယ်ဖို့အတွက် အခုချိန်ထိ ဘာမှမလုပ်နိုင်တဲ့အတွက် ယုံကြည်မှုတွေလည်း မရှိတော့ပါဘူး။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဆိုတာကလည်း မင်္ဂလာဆောင်ဖိတ်စာမှာ၊ လိပ်စာကဒ်တစ်ခုမှာ ဂုဏ်ပုဒ်တစ်ခုအနေနဲ့ ထည့်ရုံ၊ ရုပ်ပြတန်ဖိုးလောက်ပဲ ဖြစ်နေပါပြီ။ ပွဲလမ်းသဘင်တက်၊ ဟိုလူဒီလူနဲ့ ဓာတ်ပုံတွဲရိုက် အဆင့်ပဲ ရှိပါတော့တယ်။

ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မဆိုင်တာတွေ ဝင်လုပ်ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ စာနယ်ဇင်းကောင်စီရဲ့ မူလရည်မှန်းချက်တွေ မှေးမှိန်ပျောက်ကွယ်နေပါပြီ။

အခုလည်း တပ်မတော်နဲ့ မီဒီယာကြား ဆက်ဆံရေးကောင်းမွန်စေဖို့ဆိုပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ စာနယ်ဇင်းကောင်စီက ကမကထလုပ်ပါတယ်။ သွယ်ဝိုက်သောအားဖြင့် အစိုးရရဲ့ ထိန်းချုပ်ထားတဲ့ လက်ကိုင်တုတ်လို ဖြစ်လာရင်တော့ စာနယ်ဇင်းကောင်စီအတွက် ပိုဆိုးဖို့ပဲရှိ ပါတော့တယ်။

တပ်မတော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်ဖို့က လိုအပ်ချက်မဟုတ်ပါဘူး။ တပ်မတော်ဆိုတာကလည်း ဝန်ထမ်းအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ သိက္ခာရှိတဲ့ ဝန်ထမ်းကောင်းဆိုရင် ပြည်သူကထောက်ခံနေမှာပါ။ ထူးထူးကဲကဲ မြှင့်တင်ပေးနေစရာ မလိုပါဘူး။ မီဒီယာနဲ့ ဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း ဒီအတိုင်းပါပဲ။ သူက အစိုးရဖြစ်တယ်ဆိုရင်တော့ တစ်မျိုးယူဆရမှာပါ။

တပ်မတော်က အစိုးရမဟုတ်ပေမဲ့ တပ်မတော်ကို အာဏာသိမ်းအဖွဲ့တစ်ခုလို့ စာနယ်ဇင်းကောင်စီက အသိအမှတ်ပြု ယူဆနေတာလား။ နှပ်ကြောင်းပေးနေတာလား။ ကျုံးသွင်းပေးနေတာလား။ တပ်မတော်နဲ့ ဂျာနယ်လစ်တွေကြား ကိုယ်လိုရာထောက်ခံပေးဖို့ lobby လုပ်ပေးနေတာလား။ ကြားပွဲစားဝင်လုပ်နေတာလား။ မေးစရာရှိပါတယ်။

သေချာတာကတော့ တပ်မတော်နဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီလုပ်နေပုံက ကြက်တူရွေးကတော်တော်၊ မယ်ဘော်ကကဲကဲ ဖြစ်နေပါတယ်။

မဆိုင်တာတွေ ဝင်မလုပ်ပဲ ကိုယ့်အလုပ်ကိုယ် ပီပီပြင်ပြင် လုပ်နိုင်ဖို့က အခုချိန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကြားပွဲစားတွေ မလိုချင်ပါဘူး။ 


Credit -  Eleven Media Group

No comments:

Post a Comment