Sunday, November 30, 2014

ကန့်ဘလူ တရားစွဲခံ တောင်သူများ တန်ပြန်အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အတွင်းရှိ တောင်သူများက ၎င်းတို့ကို တရားစွဲဆိုထားသည့် သီးစားလုပ်ကိုင်နေသူများ အပေါ် တန်ပြန်အမှုဖွင့်လိုက်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း၊ ခအုံးတာနှင့် ပေကြီးကျေးရွာတို့ရှိ ယာမြေသိမ်းဆည်းခံ တောင်သူတစ်ရာ ဝန်းကျင်က လက်ရှိ ယာမြေများအပေါ်တွင် သီးစား လုပ်ကိုင်နေသူများကို နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့က ပြန်လည်အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ငှက်ပျောတိုင်း ကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“စွဲချက်တင်ဖို့ ရှေ့နေနဲ့ တွေ့ဖို့ ကျန်သေးတယ်။ ဘာအမှုနဲ့စွဲမလဲ ဆိုတော့ သူတို့ စွဲထားတဲ့ အတိုင်းပဲ၊ ကျွန်မတို့ သီးနှံတွေကို ဝင်ရောက်ဖျက်ဆီးမှုနဲ့ပါပဲ” ဟု ၎င်းကဆိုသည်။
တပ်မတော် ကြံစိုက်ပျိုးရေးတပ်မှ ၁၉၉၉ ခုနှစ်က သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် တောင်းဆို ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူ ၂၀၀ ကျော်ကို လက်ရှိ လုပ်ကိုင်နေသူ သီးစားများက ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက တရားစွဲဆိုထားပြီး ယခုမှာ အဆိုပါ တရားစွဲခံတောင်သူများက တန်ပြန်တရားစွဲဆိုခြင်း ဖြစ်သည်။
အဆိုပါ တန်ပြန်တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပုံစံ (က)၊ (ခ) ဖြင့် တရားရုံးသို့ လွှဲပြောင်းလိုက်ကြောင်း ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
အစိုးရသစ် တက်လာပြီး နောက်ပိုင်း လယ်ယာမြေများ ပြန်လည်စွန့်လွှတ်ရာတွင် လယ်ယာမြေ ပိုင်ဆိုင်ကြောင်း အထောက်အထားနှင့် ပြန်လည်လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ (၇) နှင့် ပုံစံ (၃) လက်မှတ်များ ရရှိပြီးဖြစ်သည့် ယာမြေများအပေါ် သီးစားလုပ်ကိုင်နေသူများက ဝင်ရောက် လုပ်ကိုင်နေမှုများ ရှိနေကြောင်း၊ ယင်းအတွက် ယခုကဲ့သို့ တန်ပြန်အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဇီးကုန်းတိုက်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင် တောင်းဆိုခဲ့သည့် တောင်သူ ၅၆ ဦးမှာ ဇူလိုင်လအတွင်းက ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီး ယခုအခါတွင် ၃၁ ဦးမှာ ပြစ်ဒဏ်စေ့သဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

Credit - The Voice Weekly

No comments:

Post a Comment