Sunday, November 16, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် မန္တလေးတွင် ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၁၅

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တွင် ကလေးဟောပြောပွဲများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ၊ စာပေဟောပြောပွဲများကို ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဆွမ်းလောင်းခြင်း၊ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေမည် ဖြစ်ပြီး ရာပြည့်ပွဲအပြီး လက်ကျန်ရန်ပုံငွေဖြင့် မတည်ကာ ကလေးငယ်များ၏ ပညာရေးကို အဓိက ထောက်ပံ့ကူညီနိုင်မည့် ဗိုလ်ချုပ်ရာပြည့် ဖောင်ဒေးရှင်းကို ထူထောင်နိုင်ရန် လျာထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် အခမ်းအနားများကို ဗိုလ်ချုပ်ဇာတိဖြစ်သည့် နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဖြစ်သကဲ့သို့ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ အပါအဝင် ခရိုင်မြို့များတွင်လည်း ဗိုလ်ချုပ်ရာပြည့် အခမ်းအနားနှင့် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းများကို ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။

Credit - The Voice Weekly

No comments:

Post a Comment