![]() |
အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-သန်းဇော်ထွန်း) |
အတိုက်အခံဆိုတဲ့ စကားလုံးကို ရင်းနှီးကျွမ်းဝင်တဲ့ စကားလုံးအဖြစ် မသုံးခဲ့ကြပါဘူး။ အတိုက်အခံဆိုတာ ကောင်းတဲ့စကားလုံးအဖြစ်ထက် မကောင်းတဲ့စကားလုံးအဖြစ် ရှုမြင်ကြပါတယ်။ မိဘကို အတိုက်အခံမလုပ်နဲ့ ဆရာကို အတိုက်အခံမလုပ်နဲ့ နောက်ဆုံးအစိုးရကို အတိုက်အခံမလုပ်နဲ့ဆိုတဲ့ ဆုံးမစကား၊ ဩဝါဒတရားတွေကို ပြည်သူမှာ ကြားနာခဲ့ရတာပဲဆိုတော့ အတိုက်အခံဆိုတဲ့လုပ်ရပ်က မကောင်းတဲ့လုပ်ရပ်ပါ။ အတိုက်အခံသမားက မကောင်းတဲ့လူ အတိုက်အခံခေါင်းဆောင်ဆိုတာ မကောင်းတဲ့ခေါင်းဆောင် ဒီလိုမျိုး ပြည်သူတွေအသိမှား၊ အမြင်မှားဖြစ်အောင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပုံဖော်ထားပါတယ်။
အတိုက်အခံဆိုတာ Opposition ဆန့်ကျင်ဘက်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ Opposite နာမဝိသေသနတွေ သီးခြားသင်ရပါတယ်။ မြန်မာဘာသာစကားမှာ ဆန့်ကျင်ဘက်နာမဝိသေသနများအဖြစ် သင်ရပါတယ်။ ဆန့်ကျင်ဘက်လုပ်တယ်။ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ ကောင်းတာလား၊ ဆိုးတာလား၊ ဆန့်ကျင်ဘက် ဆိုလိုက်တာနဲ့ မကောင်းဘူးလို့ မြင်တတ်ကြတာလား။
ကောင်းတာရဲ့ဆန့်ကျင်ဘက်က ဆိုးတာပါ။ ထို့အတူ အပြန်အလှန်အားဖြင့် ဆိုးတာရဲ့ဆန့်ကျင်ဘက်က ကောင်းတာပါ။ သင်္ချာသဘောပြောရရင် အပေါင်းရဲ့ဆန့်ကျင်ဘက်က အနုတ်ပါ၊ အနုတ်ရဲ့ဆန့်ကျင်ဘက်က အပေါင်းပါ။ အပေါင်းအနုတ်တို့ဟာ တစ်ခုကိုတစ်ခု ချေဖျက်ပေးတယ်။ ထိန်းကျောင်းပေးတယ်။ သုညဆိုတဲ့ မျှခြေကို ဆိုက်ရောက်စေပါတယ်။ လွန်ကျူးမှု အစွန်းရောက်မှုကို ထိန်းကျောင်းပေးပါတယ်။ ဘယ်အရာဖြစ်ဖြစ်၊ ဘယ်ကိစ္စဖြစ်ဖြစ် အထိန်းအကွပ်မရှိလျှင် ပျက်စီးခြင်းဆီ ရောက်သွားတတ်ပါတယ်။ ဆန့်ကျင်ဘက်ဆိုတာ နေရင်းထိုင်ရင်း ကဖျက်ယဖျက် လိုက်လုပ်နေတာ မဟုတ်ပါဘူး။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဖြစ်တတ်ပါတယ်။ မကောင်းတာကို ကောင်းစေချင်တဲ့ စေတနာဆိုတာ ဆန့်ကျင်ဘက်လုပ်တဲ့သူဆီမှာ ပါနေနိုင်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ ကာလာမသုတ်တော်မှာ အထင်အရှား ရှိခဲ့ပါတယ်။ အရာရာဟာ မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ဆုံးဖြတ်လက်ခံဖို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ။ စင်စစ် ဘယ်ပုထုဇဉ်လူသားမှ ထာဝရမှန်နေတယ် ထာဝရကောင်းနေတယ်ဆိုတာ မရှိပါဘူး။
အတိုက်အခံခေါင်းဆောင်
အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်အတွင်း တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ရမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကြည်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးကြီး မျိုးအောင်လှိုင်တို့ အပါအဝင် ပုဂ္ဂိုလ် ၁၄ ဦးတို့ တက်ရောက်ခဲ့ပါတယ်။ ထိုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင် (The Leader of opposition) အဖြစ် ပြည်တွင်း၊ ပြည်ပမှ ရှုမြင်ကြပါတယ်။
အတိုက်အခံပါတီဆိုတာ ခေါင်းဆောင်တဲ့ခေါင်းဆောင်က အတိုက်အခံခေါင်းဆောင် ဖြစ်တာပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်ပါပြီလို့ တရားဝင် ကျယ်ကျယ်လောင်လောင်ပြောနေကြပြီဆိုရင် အတိုက်အခံခေါင်းဆောင် ပေါ်ထွန်းလာတာဟာ မှန်ကန်တဲ့ နိုင်ငံရေးဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဂုဏ်ဒြပ်လည်း ဖြစ်ပါတယ် . . . . .
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တာလည်း လူထုက တစ်ခဲနက်ထောက်ခံလို့ လူထုက တစ်ခဲနက်တင်မြှောက်လို့ လူထုခေါင်းဆောင် ဖြစ်လာတာပါ။ သူမဘာသာ တံဆိပ်ကပ်၊ စာဆွဲပြီး လူထုခေါင်းဆောင်ဖြစ်လာတာ မဟုတ်ပါဘူး။ ၉ဝ ခုနှစ်က ပြည်လုံးကျွတ်ထောက်ခံမှု ပြည်သူ့ဒီရေတက်မှုကြောင့် NLD ဟာ တပ်မတော်နောက်ခံပြုထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ကို အပြတ်အသတ်နိုင်ခဲ့တာပါ။ ရွှေတိဂုံရင်ပြင် လူထုတွေ့ဆုံပွဲမှာ ပြည်သူသိန်းချီပြီး လာရောက်စုဝေး ထောက်ခံခဲ့တာ သမိုင်းထဲမှာ မှတ်တမ်းတွေ ရှိနေပါသေးတယ်။ ဒီလိုနိုင်ငံမှာ လူထုထောက်ခံမှုကို ဘယ်သူတွေသူမလောက် ပြတ်ပြတ်သားသား ရခဲ့ပါသလဲ။ ၂ဝ၁၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်သူတွေထောက်ခံမှုကို ပြတ်ပြတ်သားသားရခဲ့လို့ လွှတ်တော်ထဲမှာ ဝင်ရောက်နေရာရနေပါပြီ။ ဒီလို လူထုထောက်ခံမှု တစ်ခဲနက်ရနေတာကို ဖျက်ဆီးဖို့ PR စနစ်ဆိုတဲ့ လက်နက်ပုန်းကိုထုတ်သုံးဖို့ ကြိုးစားကာနေတာလည်း လက်တွေ့မြင်နေရပါပြီ။ အဲဒီစနစ်ကို ဘယ်သူတွေထောက်ခံသလဲ။ ဘယ်လောက်ထောက်ခံသလဲ။
ဒီလိုမျိုး လူထုခေါင်းဆောင်ဆိုတဲ့ အသိအမှတ်ပြုခံလာရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီအားလုံးကို လွှမ်းမိုးတာမရှိဘူးလို့ ပြောနေပေမယ့် ပြည်သူလူထုတစ်ရပ်လုံးကို လွှမ်းမိုးထားတာ ၁၉၉ဝ ခုနှစ်မှ ယနေ့ထိပါ။ ဒီလိုလူမျိုးကိုမှ အတိုက်အခံခေါင်းဆောင်အဖြစ် သူမကို အသိအမှတ်မပြုရင် ဘယ်သူ့ကိုပြုရမလဲ။ စင်စစ် အတိုက်အခံပြုပေးတယ်ဆိုတာ အမုန်းခံရတဲ့ အခြေအနေပါ။ အထူးသဖြင့် အစိုးရကို အတိုက်အခံပြုရတာ အမုန်းခံရရုံတင် မကပါဘူး။ အချုပ်ထဲ၊ ထောင်ထဲ အချိန်မရွေး ရောက်သွားနိုင်တဲ့ အနေအထားပါ။ ဒီလိုအနေအထားမျိုးမှာ ရပ်တည်နေရတာဟာ တိုင်းပြည်ကောင်းစားစေချင်လို့၊ အစိုးရတစ်ရပ် မှန်မှန်ကန်ကန် ကျင့်ကြံဖို့ အမှားနည်းဖို့ ပြည်သူ့အကျိုးမထိပါးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်နေတာပါ။
အတိုက်အခံခေါင်းဆောင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်လည်း တိုင်းပြည်ချိန်ခွင်ရှာကို တည့်မတ်ပေးမယ့် မကောင်းတာ (bad) ကို ကောင်းတာ (good) လို့ပြောင်းပေးမယ့် မည်သည့်ခေါင်းဆောင်ကိုမဆို တိုင်းပြည်က ထောက်ခံမှာပါ။ ဒါမှမဟုတ်ဘဲ bad ကိုတွေ့နေပါလျက် not so bad (သိပ်မဆိုးလှပါဘူး)ပြောပြီး သိသိသာမကောင်းပါဘူးလို့ မပြောနိုင်တဲ့သူ အတိုက်အခံမပြောဘဲ အခွင့်အရေးစောင့်နေသူ၊ ကိုယ့်အချင်းချင်း ပုတ်ခတ်နေသူကိုတော့ အတိုက်အခံခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။
ဒီမိုကရေစီရဲ့ ဂုဏ်ဒြပ်
အမေရိကန်နိုင်ငံ ပါလီမန်မှာ အတိုက်အခံပါတီ အတိုက်အခံခေါင်းဆောင်ဆိုတာကို ၁၈၅ဝ ခုနှစ်ကတည်းက တရားဝင်တွင်တွင်ကျယ်ကျယ် သုံးစွဲလာကာ ယနေ့ထိပါပဲ။ ဒီမိုကရေစီကို ကျင့်သုံးပါပြီဆိုရင် လက်ရှိအာဏာရပါတီ (အစိုးရ)နဲ့ အာဏာရပါတီကို ထိန်းညှိပေးမယ့် ဆန့်ကျင်ဘက်(နောက်လမ်းသစ်တစ်လမ်းပြပေးမယ်) ပြုပေးမယ့် အတိုက်အခံပါတီဆိုတာ ရှိနေရပါမယ်။ အားလုံးကောင်းပါသည်ဆိုကာ ညာစား၊ ပေါင်းစားနေတဲ့ခေတ်တွေ ကုန်ဆုံးသင့်ပါပြီ။ အတိုက်အခံပါတီဆိုတာ ခေါင်းဆောင်တဲ့ခေါင်းဆောင်က အတိုက်အခံခေါင်းဆောင် ဖြစ်တာပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်ပါပြီလို့ တရားဝင် ကျယ်ကျယ်လောင်လောင်ပြောနေကြပြီဆိုရင် အတိုက်အခံခေါင်းဆောင် ပေါ်ထွန်းလာတာဟာ မှန်ကန်တဲ့ နိုင်ငံရေးဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဂုဏ်ဒြပ်လည်း ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးဟာ သမ္မတဦးသိန်းစိန် အစိုးရတစ်ခုတည်း ဆုံးဖြတ်ချင်တိုင်းဆုံးဖြတ်လို့ မရနိုင်တော့ပါဘူး။ သမ္မတလုပ်တာမှန်ရင် ထောက်ခံပေးမှာဖြစ်သလို လုပ်ရပ်က ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နေပြီး မမှန်ကန်ဘူးဆိုရင် တိုင်းပြည်မျက်နှာထောက်ပြီး ဆန့်ကျင်ရာမှာ တာဝန်သိပြည်သူတိုင်း ရပ်လုပ်ရပ်ပါ။ အထူးသဖြင့် အတိုက်အခံခေါင်းဆောင်ရဲ့ တာဝန်ပါ။ တိုင်းပြည်အကျိုးကိုရှေးရှုပြီး သမ္မတနဲ့ အတိုက်အခံခေါင်းဆောင် ပူးပေါင်းဆောင်ရွက်တာ ရှိနိုင်သလို ဆန့်ကျင်ပြီး ဆောင်ရွက်တာလည်း ရှိနိုင်ပါတယ်။ အဓိကက တိုင်းပြည်အကျိုးကို သမ္မတကရော အတိုက်အခံခေါင်းဆောင်တို့ကပါ ဦးတည်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
စင်စစ် အတိုက်အခံခေါင်းဆောင်ဆိုတာ လက်ရှိအာဏာရအစိုးရ မဟုတ်ပေမယ့် တိုင်းပြည်အကျိုးကို အမုန်းခံဆောင်ရွက်ပေးနေတဲ့ ပြည်သူ့အကျိုးဆောင်သူ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ပြည်သူ့အကျိုး သယ်ပိုးပေးနေတဲ့ ပြည်သူ့ထောက်ခံမှု အများစုရရှိနေတဲ့ အတိုက်အခံခေါင်းဆောင်ကို အသိအမှတ်ပြု ထောက်ခံကြဖို့ တိုက်တွန်းရေးသားအပ်ပါကြောင်း။
Credit - Eleven Media Group
No comments:
Post a Comment