![]() |
၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော် (၂၉)ရက်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး) |
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်၊ ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်၊ (၂၉)ရက်မြောက် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သည့် ရွေးကောက်ပွဲစနစ် ရှစ်မျိုးအနက် ခုနစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးရန် ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့သည်။ နိုင်သူအကုန်ယူစနစ်ကိုကျင့်သုံးရန် ဆုံးဖြတ်ခြင်းသည် လက်ရှိနိုင်ငံရေး အခင်းအကျင်း၏ တောင်းဆိုမှုနှင့် လိုက်လျောညီထွေဖြစ်သော်လည်း ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ၊ အတည်ပြုသည်ဟူသော ဆုံးဖြတ်ချက်သည် မဆီမလျော် ဖြစ်နေသည်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ ထောက်ခံသူများနှင့် ကန့်ကွက်သူများရှိရမည်မှာ သာဓကဖြစ်သော်လည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းသည် ဒီမိုကရေစီ ဆားမပါသောဟင်းနှင့် တူနေသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအနေဖြင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ပုံနှင့်စပ်လျဉ်း၍ မဲဆန္ဒနယ်ကိုသာ ကိုယ်စားပြုသော ကိုယ်စားလှယ်ရွေးချယ်သောစနစ်နှင့် မူလမဲဆန္ဒနယ်ကိုသာ ရေတွက်၍ မဲအများဆုံးရသူ အနိုင်ယူသောစနစ်ကို အခြေခံပြီး ပြဋ္ဌာန်းထားသောကြောင့် ရည်ညွှန်းစာနှင့်အတူ ပူးတွဲပေးပို့လာသော ရွေးကောက်ပွဲနည်းလမ်းများပါ ရွေးကောက်ပွဲပုံစံ (၂) မှ (၈)အထိသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ပုံနှင့် စပ်လျဉ်း၍ လက်ရှိအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟု စိစစ်တွေ့ရှိရပါကြောင်း ပြန်ကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၂၅ ပါ ပြဋ္ဌာန်းချက်နှင့်အညီ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရေး လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာပါ ရွေးကောက်ပွဲစနစ်ရှစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ သိရှိနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌထံ တင်ပြခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၂၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသည့် ရွေးကောက်ပွဲစနစ်များတွင် အချိုးကျကိုယ်စားပြုစနစ်နှင့် အရောအနှောစနစ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဟု အတည်ပြုပြီးဖြစ်သည်။ ထို့ကြောင့် အချိုးကျကိုယ်စားပြုမှုစနစ်ကို လွှတ်တော်အသီးသီး၏ ရွေးကောက်တင်မြှောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များကို ဖီလာဆန့်ကျင်သည်အထိ တာသွားနိုင်သည့်အလျောက် အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးမည့်ဆုံးဖြတ်ချက်သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဟု ယေဘုယျသုံးသပ်နိုင်သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ် နောက်ဆုံးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတအိုဘားမားနှင့် ရန်ကုန်မြို့၌တွေ့ဆုံနိုင်ရန် ခွင့်တိုင်ကြားလျက် တက်ရောက်ခြင်းမရှိခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးနေ့တွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိစေမည့် ရွေးကောက်တင်မြှောက်သည့် စနစ်ရှစ်မျိုးအနက် လက်ရှိကျင့်သုံးနေသော မဲအများဆုံးရသူ အနိုင်ယူသည့်စနစ်ကို ဆက်လက်ကျင့်သုံးရန် ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်နေသည်ဟု သုံးသပ်နိုင်သည်။ အဆိုပါ ထူးခြားမှုနှင့်အတူ ပရိယာယ်များ၊ လှည့်ကွက်များ၊ ဉာဏ်နီဉာဏ်နက်များ ပူးကပ်နေလိမ့်မည်မဟုတ်ဟု မျှော်လင့်မိသည်။
အမျိုးသားလွှတ်တော်သည် ၂၀၁၄ ခုနှစ်၊ ဇွန် ၁၃ ရက်တွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၄၁ ဦးပါဝင်သော ကော်မရှင်၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန် ၁၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ငါးဦးတို့သည် အမျိုးသားလွှတ်တော်ကော်မရှင်မှ ၎င်းတို့၏ ဆန္ဒသဘောထားအလျောက် နုတ်ထွက်ခဲ့ပြီး တိုင်းရင်းသားပါတီများ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ခြောက်ဦးသည်လည်း ပီအာရ်ကော်မရှင်မှ မရှေးမနှောင်း နုတ်ထွက်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။
နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးရန် ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့သည်။ နိုင်သူအကုန်ယူစနစ်ကိုကျင့်သုံးရန် ဆုံးဖြတ်ခြင်းသည် လက်ရှိနိုင်ငံရေး အခင်းအကျင်း၏ တောင်းဆိုမှုနှင့် လိုက်လျောညီထွေဖြစ်သော်လည်း ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ၊ အတည်ပြုသည်ဟူသော ဆုံးဖြတ်ချက်သည် မဆီမလျော် ဖြစ်နေသည်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ ထောက်ခံသူများနှင့် ကန့်ကွက်သူများရှိရမည်မှာ သာဓကဖြစ်သော်လည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းသည် . . . . .
၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ၃၇ ရက်မြောက် အစည်းအဝေး ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံနှင့်သင့်တော်သော ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်စေနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်အနေနှင့် ကော်မတီ ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်မည့်အဆိုကို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထောက်ခံမှုဖြင့် သဘောမတူသူမရှိ အတည်ပြုနိုင်ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးကို ချဉ်းကပ်ဆောင်ရွက်ရာတွင် ဗျူဟာကွဲလွဲ၊ လုပ်ဟန်ကွဲလွဲသည်ဟု ဆိုနိုင်သော်ငြားလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် အချိုးကျကိုယ်စားပြုမှုစနစ်၊ အချိုးကျကိုယ်စားပြုစနစ် အပါအ၀င် ရောနှောစနစ်များ ကျင့်သုံးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟု ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများမတိုင်မီ အချိုးကျကိုယ်စားပြုမှုစနစ် သို့မဟုတ် အရောအနှောစနစ်များ ပြောင်းလဲကျင့်သုံးရေးသည် ဖြစ်နိုင်ခြေနည်းပါးလွန်းသည်ဟု ကောက်ချက်ပြုနိုင်သည်။ သို့ရာတွင် အမျိုးသားလွှတ်တော်အနေဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို လာမည့်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးရေးအဆိုကို ထပ်မံတင်သွင်းနိုင်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ အရ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့်၊ ခုံရုံး၏ဆုံးဖြတ်ချက်နှင့် သဘောထားရယူနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက်တင်သွင်း လျှောက်ထားနိုင်ခြေရှိသည်။
ဇာတ်ညွှန်း၊ ဇာတ်လမ်းပါ အခြားဇာတ်ရုပ်များကလည်း အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးလမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ရေးတို့ကို ဟန်ချက်ညီညီ စိုင်းပြင်းလာနိုင်ခြေရှိသည်။ အချိုးကျကိုယ်စားပြုမှုစနစ် သို့မဟုတ် အရောအနှော စနစ်တစ်ခုသို့ ပြောင်းလဲကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲစနစ် ပြုပြင်နိုင်မည့် အခင်းအကျင်းများကို အကွက်ရွေ့၊ စီစဉ်လာနိုင်ခြေရှိသည်ကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်မည်ဖြစ်သည်။
![]() |
PR စနစ်ကန့်ကွက်ကြောင်း ကမာရွတ်မြို့နယ်တွင် ပြည်သူများ လမ်းလျှောက်ဆန္ဒဖော်ထုတ်နေသည်ကို နိုဝင်ဘာ ၁၂ ရက်တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်) |
ပြည်သူ့လွှတ်တော်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် ဆက်လက်ကျင့်သုံးရန် အတည်ပြုဆုံး ဖြတ်ချက်သည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ကျကျ အထောက်အကူပြုသည့် ဆုံးဖြတ်ချက်ဖြစ်ရန် အရေးကြီးသည်။ ရွေးကောက်ပွဲစနစ်ဆိုင်ရာ အဆုံးအဖြတ်သည် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေးကစားကွက်မဖြစ်ရန် ပဓာနကျသည့်နည်းတူ၊ နိုင်ငံရေးအရ ရှေ့တစ်လှမ်းတိုးရေး၊ နောက်နှစ်လမ်းဆုတ်သည့် အစီအမံမဖြစ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်သည့် နိုင်ငံရေးအပြောင်းအလဲ အစစ်အမှန်များကို ဦးဆောင်မောင်းနှင်နိုင်မည့် နိုင်ငံရေးပုံစံခွက်တစ်ခုကို အလျင်အမြန်ဆုံး ပုံသွန်းလောင်းနိုင်ရန် ဦးတည်သည့် ခြေလှမ်းဖြစ်ရန် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးတွင် နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းတို့ကို မျက်ခြည်မပြတ်ရန်၊ မျက်စိမမှောက်ရန် အလေးအနက်ဆင်ခြင်သင့်သည်။ နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲများသည် ရေပေါ်အရုပ်ရေးနေရဆဲဖြစ်ပြီး ရေရှည်အမြင်ရှိသော၊ စီမံချက်အားကောင်းသော၊ အလုပ်သဘောဆန်သော၊ အချိန်ဇယားရှိသော တွေ့ဆုံဆွေးနွေးပွဲများ အလှမ်းဝေးနေမည်ဆိုလျှင်၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးနိုင်မည့်အချက် အပါအ၀င် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်များကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့မည်ဆိုလျှင် နိုင်ငံတော်သမ္မတသည် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံအကြံပြုချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုဖြစ်စေ၊ အမျိုးသားလွှတ်တော်ကိုဖြစ်စေ၊ ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရမည်ဟူသောအချက် ဖြည့်စွက်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့မည်ဆိုလျှင် မဲအများဆုံးရသူ အနိုင်ယူစနစ်ကို လွှတ်တော်ရွေးကောက်ပွဲများ၌ ဆက်လက်ကျင့်သုံးလင့်ကစား၊ လွှတ်တော်များ၏ အရေးပါအရာရောက်မှုသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအောက် ပိပိပြားပြား ရောက်ရှိနေမည်ဆိုပါက ပေးကားပေး၏ မရ၊ ထူးမခြားနားဇာတ်လမ်းသာ ဖြစ်နိုင်ပြီး မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည် ရှေ့တိုးဖို့ထက်၊ နောက်ပြန်လှည့်ဖို့ဘက် ဦးတည်နေနိုင်ဖွယ်ရှိသည်ကို မျက်ခြည်မပြတ်သင့်ပါကြောင်း မီးမောင်းထိုးဆော်သြလိုက်ရပါသည်။
Credit - Eleven Media Group
No comments:
Post a Comment