Monday, November 17, 2014

ကျောင်းသားလှုပ်ရှားမှုဂယက်

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားသမဂ္ဂများက ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော် အပါအဝင် အထင်ကရ နေရာများတွင် သပိတ်မှောက် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းဆန္ဒပြမှုအပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများက မည်သို့ သုံးသပ်ကြသည်ကို သိရှိနိုင်စေရန် မေးမြန်း ဖော်ပြအပ်ပါသည်။


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ) 

လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အမျိုးသားပညာရေး ဥပဒေကို ကျောင်းသားတွေ ကန့်ကွက်တာ မှန်ကန်ပါတယ်၊ ဒါ သူတို့အခွင့်အရေးပဲလေ၊ ကျောင်းသားသမဂ္ဂတွေ ပေါ်လာတာနဲ့ နိုင်ငံရေးမှာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်ဆိုတဲ့ အယူအဆတွေကို ဖျောက်ဖို့လိုပါတယ်၊ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် မျိုးဆက်တွေ အနာဂတ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့် ပေးရပါမယ်၊ အစိုးရအနေနဲ့ လျစ်လျူမထားသင့်ဘူး၊ နောက်တစ်ခုက ဥပဒေပြုရေးမဏ္ဍိုင်နဲ့ သက်ဆိုင်နေတဲ့အတွက် အခု သပိတ်မှောက်ကျောင်းသားတွေက လိုချင်တာတွေ၊ ဖြစ်ချင်တာတွေကို လွှတ်တော်ကော်မတီ တစ်ခုခုကို ပေးပို့ပြီး လွှတ်တော်ထဲကို ရောက်အောင် လုပ်သင့်တယ်၊ တစ်ဖက်ကလည်း သပိတ်ကို ဆက်လုပ်ပေါ့၊ နောက်ပြီး သပိတ်နဲ့ တောင်းဆိုနေတာတော့ ဟုတ်ပြီ၊ သပိတ်ကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတာလည်း စဉ်းစားကြစေချင်တယ်၊

အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နဲ့ တွေ့ပြီး တောင်းဆိုမလား၊ ဒါမှမဟုတ် တိုင်းအစိုးရနဲ့ တွေ့ပြီး ဖြေရှင်းမလား၊ လမ်းပေါ်ထွက်လာပြီး ဘယ်လိုအဆုံးသတ်မလဲ၊ တစ်ချိန်လုံး လမ်းပေါ်မှာပဲ နေလို့တော့ မဖြစ်နိုင်ဘူးပေါ့၊ သပိတ်ကလည်း နိုင်ငံရေးအဖွဲ့အစည်း၊ ပါတီတစ်ခုခုရဲ့ အသွေးအရောင် ဝါဒတွေ စွဲမကပ်မိဖို့ လိုတယ်၊ အဲဒါက အဓိကပဲ၊ နိုင်ငံရေး အရိပ်တစ်ခုမှ မထိုးမိဘဲ ကျောင်းသားတွေနဲ့ သက်ဆိုင်တာကို သန့်သန့်လေး တောင်းဆိုတာ အကောင်းဆုံး ဖြစ်ပါတယ်၊ အစိုးရဘက်ကတော့ လျစ်လျူမရှုသင့်ဘူး၊ နိုင်ငံရေး ရေချိန်အရ အကန့်အသတ်လေးနဲ့ လုပ်ကြဖို့ ညှိနှိုင်းသင့်တယ် အချိန်မီ ညှိနှိုင်းကြဖို့ကိုတော့ တိုက်တွန်းချင်ပါတယ်။


ဦးသိန်းညွှန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) 

ကျွန်တော်ကိုယ်တိုင် ကျောင်းသားသမဂ္ဂမှာ လုပ်ခဲ့တာတွေ ရှိတော့ အခု သူတို့ ဖြစ်နေတာတွေကို ကိုယ်ချင်းစာပါတယ်၊ အခုလည်း ကျွန်တော်ပဲ သမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ကို လွှတ်တော်တင်ခဲ့တာပဲ၊ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့က အရေးကြီးပါတယ်၊ ဒါမှ ကိုယ်ပိုင်ယုံကြည်မှု ရှိတဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေ ပေါ်ထွက်လာမှာပါ၊ သာဓကတွေ ရှိခဲ့ပါတယ်၊ အခု သူတို့ သပိတ်ပုံစံနဲ့ တောင်းဆိုတာကတော့ ကိုယ်ယုံကြည်တာကို စွဲကိုင်လိုက်တဲ့ သဘောပေါ့၊ ဥပဒေ ဘောင်အတွင်းက လှုပ်ရှားဖို့တော့ လိုမယ်။

ဥပဒေဘောင် အပြင်ဘက်ကနေ လှုပ်ရှားလို့ ရည်မှန်းချက် မရောက်ဘဲ မလိုလားအပ်တာတွေ ဖြစ်လာခဲ့တာကို ကျွန်တော်တို့ ကိုယ်တွေ့ ခံစားခဲ့ပြီးပြီ၊ အဲဒီတော့ ဥပဒေကို လိုက်နာပါ၊ အဲဒီလို လိုက်နာခြင်းအားဖြင့် ဥပဒေကို လေးစားတဲ့ အတွေးအခေါ် ရင့်ကျက်တဲ့ ကျောင်းသားတွေအဖြစ် အစိုးရဘက်က မြင်လာပြီး နှစ်ဖက်တွေ့ဆုံ ဖြေရှင်းလိုက်ရင်ဖြင့် ဒီတောင်းဆိုမှုတွေဟာ အတိုင်းအတာတစ်ခုအထိ ပြေလည်သွားမယ်လို့ ယုံကြည်ပါတယ်။


ဦးစောသန်းမြင့် (ဖက်ဒရယ်မဟာမိတ်ပါတီ FUP ဒုတိယ ဥက္ကဋ္ဌ) 

လက်ရှိ ပညာရေးဥပဒေနဲ့ ပတ်သက်ရင် ကျောင်းသားတွေတင် မဟုတ်ဘူး၊ အဲဒါက မိဘတွေရော၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စပါ၊ အခု သူတို့ရဲ့ ခံစားချက်ကို သပိတ်ပဲပြောပြော ဆန္ဒပြတယ်ပဲ ပြောပြော ထုတ်ဖော်ကြတာဟာ အလွန်ကောင်းပါတယ်၊ ကျောင်းတွင်းပညာရေးကို အပြင်မှာ အသုံးချလို့မရတဲ့ စနစ်ကို အားလုံးက ဆန့်ကျင်ရမယ်၊ ကျွန်တော်တို့လည်း ထောက်ခံတယ်၊ အခု ကျောင်းသားတွေ ဆန္ဒပြပြီး လှုံ့ဆော်တာဟာ အတော်လေး ထိရောက်ပါတယ်၊ ဒါပေမဲ့ ဘယ်ကိုဆက်သွားမလဲ ဆိုတာကိုတော့ စဉ်းစားသင့်တယ်ပေါ့၊ လွှတ်တော်လမ်းကြောင်းဖြစ်တဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ပညာရေးကော်မတီနဲ့ နဖူးတိုက်ဒူးတိုက် ဆွေးနွေးကြမယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

လက်တွေ့အကျဆုံးလည်း ဖြစ်မှာပါ၊ လမ်းပေါ်မှာပဲဆက်ပြီး တိုက်ပွဲဝင်မယ် ဆိုရင်တော့ ဆန္ဒပြတာကို ကျော်လွန်သွားပြီး အစိုးရဆန့်ကျင်ရေး ဖြစ်သွားလိမ့်မယ်၊ နောက်တစ်ခု နိုင်ငံရေး အရောင်အသွေးတွေ ဝင်လာမယ် ဆိုတာတော့ ကျွန်တော် လက်မခံဘူး၊ ဘာလို့လဲဆို အခု ကျောင်းသားတွေ လုပ်နေတာလဲ နိုင်ငံရေးပဲလေ၊ နိုင်ငံရေးဆို လူတွေက ပါတီကို ပြေးမြင်ကြတယ်၊ ပါတီတွေက ဝင်ပါစရာမလိုဘူး၊ ပါတီလမ်းကြောင်းမှန်ရင် လွှတ်တော်လမ်းကြောင်းကိုပဲ သွားရမယ်။


ဦးဂျင်မီ (၈၈ မျိုးဆက်ကျောင်းသား)

ကျောင်းသားတွေက သူတို့ရဲ့ အရေးပေါ် ကျောင်းသားထု အစည်းအဝေး ဆုံးဖြတ်ချက်အရ လိုအပ်တယ်လို့ သူတို့ယုံကြည်လို့ လမ်းပေါ်ထွက်ကြတယ်၊ ထုတ်ပြန်ချက်တွေ ထုတ်တယ်၊ အဲဒီအပေါ်မှာ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေက ထောက်ခံပါတယ်၊ ကျောင်းသားသမဂ္ဂတွေ ကျောင်းတိုင်းမှာ ဖွဲ့စည်းခွင့်ရရေး ဆိုတဲ့ အချက်ဆိုရင် လက်တွေ့ကျကျပါပဲ၊ အခုဟာက သပိတ်ဆိုတာထက်၊ သူတို့ မကျေနပ်တာကို ကန့်ကွက်ဆန္ဒပြတာ၊ မကျေနပ်တာကို ကန့်ကွက်ပြီး တောင်းဆိုမှုတွေ လုပ်တယ်၊ သပိတ်ဆိုတာက အဲဒီထက်ကြီးတယ်၊ ဒီထက်ပိုပြီး ကျောင်းသားတွေ ပူးပေါင်းပါဝင်ပြီး အားကောင်းကောင်းနဲ့ ယုံကြည်ရာကို တောင်းဆိုတာကမှ သပိတ်ဖြစ်မယ်၊ အခုဟာကတော့ သာမန်ဆန္ဒပြတာပဲ ရှိပါတယ်။

နောက်ပြီး ကျောင်းသားတွေဟာ သူတို့ရဲ့ ပညာရေးစနစ် လိုအပ်ချက်တွေကိုပဲ တောင်းဆိုနေတာပဲ၊ အဲဒီရည်မှန်းချက်ကို မယိုင်မလဲ ကိုင်စွဲထားမယ်ဆိုရင် ဘယ်နိုင်ငံရေး အသွေးအရောင်မှ လွှမ်းမိုးစရာ မရှိဘူး၊ အားလုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ပညာရေး ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ပူးပေါင်းပြီး လုပ်ရင် စိုးရိမ်ဖို့ မလိုပါဘူး။


ဦးဖုန်းမြင့်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

ကျောင်းသားတွေ အဓိက ဝေဝါးနေတာက အစိုးရလောင်းရိပ်အောက်မှာ ရှိနေတဲ့ ပညာရေးကို မကြိုက်တာလား၊ လက်ရှိအစိုးရက ပညာရေး ခေါင်းကိုင်နေတာကို မကြိုက်တာလား၊ နှစ်မျိုးရှိတယ်၊ အစိုးရလောင်းရိပ်အောက်မှာ ရှိနေတယ်လို့ ပြောတယ်၊ ဟုတ်ပြီ သူတို့ဘာတွေကို တောင်းဆိုနေတာလဲ ကြည့်ရအောင်၊ ဆိုကြပါစို့ ကျောင်းပိုင် ပစ္စည်းအားလုံးကို သမဂ္ဂရဲ့ လက်ထဲကို လွှဲပေးရမယ်ဆိုတာမျိုး၊ ဟုတ်ပြီ ကျောင်းပိုင်ပစ္စည်း ဆိုကတည်းက အစိုးရက ပိုင်တယ်၊ အဲဒါက နိုင်ငံတော်ပိုင်၊ အဲဒါမျိုးကို လွှဲပေးရမယ်လို့ တောင်းဆိုတာက လက်တွေ့မဆန်ဘူး၊ ဘုန်းတော်ကြီး ပညာရေးစနစ်မှာတောင် အနည်းဆုံး ဘုန်းကြီးလက်ထဲမှာတော့ ရှိတယ်၊ အဲလိုမှ မဟုတ်ရင် အစီအစဉ်မကျ ဝါးအစည်းပြေသလို ဖြစ်ကုန်မှာပေါ့၊ ဒါကြောင့် သည်းခံဖို့ လိုအပ်ပါတယ်၊ အစိုးရအသစ် ပြောင်းလဲမယ့်အချိန်ကို စောင့်ပါ၊ ပညာရေးဆိုတာ စနစ်ဖြစ်ပါတယ်။

အစိုးရအသစ် ပြောင်းလဲရင် အခြေအနေတစ်မျိုး ပြောင်းတာကို စောင့်သင့်ပါတယ်၊ နောက်ပြီး ဥပဒေကြီးတစ်ခုလုံးကို ခြုံပြီး ကန့်ကွက်ကြတာထက်၊ မူရင်းဥပဒေအောက်က ကိုယ့်ကျောင်းနဲ့ ကိုယ် သက်ဆိုင်တဲ့ ဥပဒေတွေ အသီးသီး ထွက်လာမှာပါ၊ အဲဒီကျမှ ကိုယ့်ကျောင်းနဲ့ အခြေအနေနဲ့ ကိုက်ညီမယ့်ဟာကို အချိန်ကိုက် ထောက်ပြကြရမှာ၊ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် သပိတ်ပုံစံနဲ့ ကန့်ကွက်ကြတာကတော့ ကမ္ဘာနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ မှန်တယ်လို့ ယူဆရပါတယ်၊ ဒါပေမဲ့ တကယ်တမ်း ကိုယ့်နိုင်ငံ အခြေအနေကို နည်းနည်းလောက် ကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့ လိုမှာပေါ့၊ နိုင်ငံရေး အမြတ်ထုတ်တယ် ဆိုတာတော့ ဘယ်ဆန္ဒပြပွဲမဆို အမြတ်ထုတ်ချင်တဲ့သူဆိုတာ ပါတာပဲလေ၊ သူ့စည်းကိုယ့်စည်း မကျော်ကြဖို့တော့ လိုတာပေါ့၊ နောက်ပြီး အခု သပိတ်ပုံစံက ကိုလိုနီခေတ်က ပုံစံတွေ၊ ၁၉၈၈ က ပုံစံတွေကို လုပ်နေတာကို တွေ့ရတယ်၊ အဲဒါမှားနေတယ်၊ အခု ကျောင်းသားတွေက သပိတ်ပုံစံအသစ် လမ်းအသစ် ဖောက်ကြရမယ့်အချိန်၊ အဲဒီပုံစံ သပိတ်တွေနဲ့သာ ဆက်ပြီး တောင်းဆိုမယ်ဆိုရင် ကျောင်းသားတွေရော၊ ကျောင်းသားတွေရှိတဲ့ တိုင်းပြည်ကော အရင်လို ကျန်ရစ်ဖြစ်နေဦးမှာပဲ၊ ကျောင်းသားတွေကို ပြောချင်တာက မညံ့ကြပါနဲ့၊ တိုင်းပြည်နဲ့ ကိုက်ညီမယ့် ကိုယ့်လမ်းသစ်ကို ဖောက်ပါ။


ဦးဝင်းမြင့် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်)

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဒီမိုကရေစီစနစ်နဲ့အညီ ကျောင်းသားတွေက ပညာရေးဥပဒေကို သပိတ်နဲ့ ကန့်ကွက်တာကို ဘာမှ မပြောလိုဘူးပေါ့၊ ဒါပေမဲ့ အကန့်အသတ် ဆိုတာကတော့ နေရာတိုင်းမှာ ရှိတယ်။

နိုင်ငံရဲ့ အရေးကြီး အခြေအနေမှာ တပ်မတော်က အာဏာသိမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်၊ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ရွှေ့ကောင်း ရွှေ့သွားနိုင်တယ်ဆိုတဲ့ အသံတွေလည်း ထွက်နေတော့၊ အခြေအနေနဲ့ အချိန်အခါအရ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့ လိုမယ်။


ကိုမင်းသွေးသစ် (ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင်) 

ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုတာ ကျောင်းသားထုရဲ့ သဘောဆန္ဒအတိုင်းပဲ၊ ကျောင်းသားထုရဲ့ သဘောဆန္ဒကို ကျွန်တော်တို့က တာဝန်ယူ၊ တာဝန်ခံပြီး အကောင်အထည်ဖော်မှာ။ အဲဒီတော့ ၁၇ ရက်နေ့ မနက်ဖြန်မှာ အစိုးရဘက်က တစ်စုံတစ်ရာ မတုံ့ပြန်ဘူးဆိုရင် ဒီကျောင်းသားတွေ အကုန်လုံး ကျွန်တော်တို့ အစည်းအဝေး ပြန်လုပ်မယ်။ လုပ်ပြီးရင် ကျွန်တော်တို့ ဘယ်လမ်းကြောင်းကို ဆက်သွားမလဲ၊ မလျှော့တမ်း တိုက်တော့မလား၊ မထတမ်းတိုက်တော့မလား၊ အဲဒါကို ဒီကျောင်းသားထုရဲ့ တင်ပြတဲ့ သဘောဆန္ဒအတိုင်းပဲ။ မနက်ဖြန် ဆန္ဒပြပြီးလို့ ဘာမှအစိုးရဘက်က တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိဘူးဆိုရင် ကျွန်တော်တို့ ညနေမှာ အစည်းအဝေးလုပ်မယ်။ ဆိုလိုတာက အစည်းအဝေးမှာက သပိတ်ကို ဆက်လုပ်မယ်လည်း ဖြစ်နိုင်တယ်၊ ဆက်မလုပ်ဘူးလည်း ဖြစ်နိုင်တယ်။

ကျွန်တော်တို့ သပိတ်မှောက်ကတည်းက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါဘူး၊ သူတို့ ဒီမိုကရေစီအစိုးရလို့ ပြောနေပြီးတော့ ကျွန်တော်တို့ ဥပဒေကြောင်းအရ ကျွန်တော်တို့ကျောင်းသား လိုလားမှုတွေကို တင်တဲ့အခါမှာလည်း လွှတ်တော်မှာ ပါမလာဘူး၊ အဲတော့ နောက်ဆုံးလမ်းကြောင်းအနေနဲ့ သပိတ်မှောက်တဲ့ အခါမှာလည်း ပြေပြေလည်လည် ဖြေရှင်းမပေးဘဲနဲ့ အကြမ်းဖက်ဖြိုခွင်းရင်လည်း နိုင်ငံတကာအလယ်မှာ သူတို့လိုက်ပြီးတော့ ဒီအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲနေပြီလို့ ပြောနေတာတွေလည်း အဲဒါတွေဟာ အလကားပဲလို့ နိုင်ငံတကာကို ပြလို့ရတယ်။ အဲတော့ ကျွန်တော်တို့ကတော့ တန်တယ်လို့ ထင်တယ်။ မျှော်လင့်ထားပါတယ်၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်သလဲ ဆိုတာကို ဒီအစိုးရရဲ့ ဦးနှောက် ရှိမှုမရှိမှုကို ကျွန်တော်တို့ ဆုံးဖြတ်ရမယ်။ ဆန္ဒပြလို့ ထောင်ကျတယ် ဆိုရင်လည်း တန်ဖိုးမရှိတဲ့ ဘွဲ့လက်မှတ်ကို ရတာထက်စာရင် တန်ပါတယ်။

Credit - The Voice

No comments:

Post a Comment