#emg_editorials
ပညာရေးစနစ်နှင့် တက္ကသိုလ်၏ ဂုဏ်
“University life has been shattered because of a perceived need to keep
students in order” ကျောင်းသားများကို ထိန်းနိုင်ရန် တက္ကသိုလ်ကျောင်းသား
ဘဝကို ဖျက်ဆီးပစ်လိုက်သည်ဟူသော စကားအား လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တစ်ခုအဖြစ် လန်ဒန်သို့ ရောက်ရှိခဲ့စဉ်က
ပြောကြားခဲ့ဖူးသည်။
၁၉၆၂ ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ
ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း သမိုင်းဆိုးကဲ့သို့ပင် မြန်မာနိုင်ငံတွင် ၁၉၈၈
ခုနှစ်နောက်ပိုင်းမှစ၍ သမိုင်းဝင်ရန်ကုန် တက္ကသိုလ်အပါအဝင် အထင်ကရ တက္ကသိုလ်
ကျောင်းတံခါးများ အပိတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင်လည်း တက္ကသိုလ်ပညာရေး
စနစ်သည် အဝေးသင်စနစ်နှင့်အတူ တက္ကသိုလ်များ မြို့ပြင်အထုတ်ခံခဲ့ရသည်။
တက္ကသိုလ်ကျောင်းသားဘဝ ပညာရေးသာမက လူမှုဆက်ဆံရေးအတွက် အဓိကကျခဲ့သော
အဖွဲ့အစည်း အသင်းအပင်းများဖြင့် စုစုစည်းစည်း လုပ်ဆောင်နိုင်မှု၊
ရဲရဲရင့်ရင့် တက်ညီလက်ညီ ဆောင်ရွက်မှု စသည့်တက္ကသိုလ် ကျောင်းသားများ၏
အစဉ်အလာကောင်းများ ရပ်တန့်ခဲ့ရသည်။ ပဲခူးဆောင်၊ သထုံဆောင်၊ အင်းဝဆောင်၊
ပင်းယဆောင်၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ အင်ကြင်းဆောင်၊ သီရိဆောင်၊ မာလာဆောင်၊
အင်းလျားဆောင် စသောတက္ကသိုလ် အဆောင်များ၏ အခန်းကဏ္ဍသည်လည်း မှေးမှိန်ခဲ့ရသည်။
အစိုးရသစ် လက်ထက်တွင် အဘက်ဘက်က ယိုယွင်းနေသော ပညာရေး အဆောက်အအုံအား
လိုအပ်သည်များ ပြုပြင်ရန်၊ ပြင်ဆင်ရန်၊ ဝေဖန်အကြံပေးမှု၊ ပညာရှင်များ
ဝိုင်းဝန်းလုပ်ဆောင်မှုများနှင့်အတူ ပြန်လည်အသက်ဝင်ခဲ့သည်။
အင်မတန်နည်းပါးခဲ့သော ပညာရေး ဘတ်ဂျက်အားလည်း တိုးမြှင့်ခဲ့သည်။
ထုတ်ပြန်ချက်များအရ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် တိုးမြှင့်ဘတ်ဂျက်မှာ
ယခင်နှစ်ကထက် နှစ်ဆဝန်းကျင် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
သမိုင်းဝင်
ရန်ကုန်တက္ကသိုလ်အား အကြီးစားပြင်ဆင်မှုနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက်
ငွေကျပ် ၅ ဒသမ ၈၄၈ ဘီလျံအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ အစိုးရက ချထားပေးကြောင်း
သိရသည်။ တက္ကသိုလ် ပရဝဏ်အတွင်း အဆောက်အအုံများ၊ အဆောင်များ
ပြင်ဆင်မွမ်းမံခြင်း၊ အဆင့်မြင့် နှစ်ထပ်စားသောက်ဆိုင် တည်ဆောက်ခြင်း
အပါအဝင် လိုအပ်သော ပြင်ဆင်မှုများ လုပ်ဆောင်မည်ဟု သိရသည်။
မည်သို့ပင်ဖြစ်စေ ပညာရည်မြှင့်တင်ရန် ပညာရေးစနစ်အတွက် လိုအပ်သော
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းနှင့် ရန်ကုန်တက္ကသိုလ် ကဲ့သို့သော
သမိုင်းဝင်တက္ကသိုလ် ပရဝဏ်အား ယခင်ကကဲ့သို့ ပြန်လည်အသက်ဝင်ရန်
လုပ်ဆောင်မှုများအပေါ် ကြိုဆိုရမည် ဖြစ်ပါသည်။
“ကလေးတွေဟာ ကျောင်းမှာ
နှစ်ပေါင်းများစွာ နေခဲ့ပေမယ့် လိုအပ်တဲ့ ပညာရပ်တွေ မတတ်မြောက်ရင်
ပညာသင်မှုရဲ့ အဓိကအချက်က ဘာလဲ” ဟု Education for All Global Moring Report
ပြုစုရေးအဖွဲ့ ဒါရိုက်တာ ပေါ်လင်ရို့စ်က မေးခွန်းထုတ်သည်ကို AFP သတင်းဌာန၏
သတင်းတစ်ခုတွင် ပါရှိဖူးသည်။
သို့ပါ၍ ပညာရေးစနစ်
ကောင်းမွန်မှန်ကန်မှုနှင့်အတူ ပညာရည်မြင့်မား၍
တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသော ထက်မြက်သည့် လူသားရင်းမြစ်ကောင်းများ
ပေါ်ထွက်လာရေး၊ ခံ့ညားထည်ဝါသော တက္ကသိုလ်ဂုဏ်နှင့် လျော်ညီသော
အခြေအနေကောင်းများ ပေါ်ပေါက်ရေးအတွက် ဆက်လက်လုပ်ဆောင် သင့်ပါကြောင်း The
Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment