Written by - မောင်စံပေါ
(၁)
“ဖိုးဖိုး”
“ဟေ”
“သားကို ကစားကွင်းလိုက်ပို့ပေး”
“အေး”
ကျောင်းပိတ်ရက် မနက်ခင်းတစ်ခုမှာ မြေးတော်မောင်က ပူဆာလာတယ်။ အင်းပေါ့လေ၊
အိမ်မှာနေတော့ အိမ်ခန်းကကျပ်၊ ကျောင်းကျတော့ တိုက်ခန်းမှာ ဖွင့်ထားတဲ့
စာသင်ခန်းကကျပ်၊ ကျောင်းသွားကျောင်းပြန် လမ်းကျပြန်တော့ ကားကကျပ်၊
လွတ်လွတ်လပ်လပ် ဆော့ကစားစရာ နေရာက ရှားပါဘိ။
အိမ်ဆိုတဲ့
အိမ်ခန်းကလည်း မြို့ပြရဲ့ ကျဉ်းကျပ်တဲ့ ဓာတ်လှေကားမဲ့ တိုက်တွေမှာ
တွေ့မြင်နေကျ အခန်းကျဉ်းကလေးတစ်ခု မဟုတ်လား။ အရင်တုန်းကတော့
တိုက်တွေကြားမှာ ဆွမ်းလောင်းတဲ့၊ သာရေးနာရေးကိစ္စ ကျင်းပရာဖြစ်တဲ့
ရပ်ကွက်ထဲက
ကလေးတွေကစားတဲ့ ဘောလုံးကွင်းရှိတယ်။ နောက်တော့
တန်ခိုးရှင်တစ်ပါး ဂါထာမန်းမှုတ်လိုက်တဲ့ အခါမှာ တိုက်အသစ်ကြီးတွေ ပေါ်လာတယ်။
ကလေးတွေလည်း ကစားစရာ ဘောလုံးကွင်းပျောက်၊ လူကြီးတွေလည်း လမ်းလျှောက်
ကိုယ်လက်လှုပ်ရှားစရာ နေရာပျောက်၊ ရပ်ကွက်မှာလည်း သာရေးနာရေး စုဝေးရာ
ဘုံဆွမ်းလောင်းမဏ္ဍပ် ပျောက်ခဲ့တယ်။
(၂)
ပျောက်သွားတဲ့
ဘောလုံးကွင်းရဲ့ ပျက်ခြင်းသဘောနဲ့ ရောက်လာတဲ့ တိုက်အသစ်တွေရဲ့
ဖြစ်ခြင်းသဘောကို ဆင်ခြင်ရင်း မြေးအဘိုးနှစ်ယောက် ကလေးကစားကွင်းထဲ
ရောက်ခဲ့ကြတယ်။ ဝင်ကြေးပေးပြီး လမ်းလျှောက်ရတဲ့ သဘောထား ရတာပေါ့ဗျာ။
“ဖိုးဖိုး၊ ညောင်းလာပြီ။ သရဲရထား သွားစီးရအောင်”
လက်မှတ်ဝယ်ပြီး ရထားစီးကြတယ်။ အမှောင်ခန်းထဲ တဖြည်းဖြည်းဝင်ရတာ
ချောက်ချားစရာ။ အသံတွေကလည်း ကြောက်လန့်အောင် လုပ်နေကြတယ်။ ဟိုကဒီက
မမျှော်လင့်ဘဲ ထွက်လာတတ်တဲ့ သရဲမျက်နှာတွေ၊ လက်တွေက သွေးပျက်စေတယ်။
သရဲခြောက်တဲ့အသံနဲ့ သရဲကြောက်လို့ အော်တဲ့အသံတွေညံပြီး ရထားစီးခဲ့တယ်။
လူငယ်စုံတွဲ တစ်တွဲကို မြင်တော့ သမိန်ပေါသွပ် ကာတွန်းစာအုပ်ထဲက
ကြောက်တယ်ဆိုတာ ကောင်းလိုက်တာနော် ဆိုတဲ့အခန်းကို အမှတ်ရမိတယ်။
ကောင်းပေမပေါ့၊ ရှင်ဂွမ်းဂွိက ကြောက်တယ်ဆိုပြီး ဖက်ထားတာကိုး။
မြေးကတော့ လုံးဝမကြောက်ဘူးဗျာ။ အေးဆေးပဲ။
“ဖိုးဖိုးကလည်း တကယ့်သရဲမှ မဟုတ်တာ။ နောက်ပြီးဘယ်ကွေ့မှာ ဘယ်အကောင်လာမယ်၊ ဘယ်နားမှာ ဘာနဲ့ခြောက်မယ်ဆိုတာ သိနေတာပဲဥစ္စာ”
(၃)
သိနေတယ်လေ၊ ကစားကွင်းမှာ နိုင်ဖို့ခက်တယ်ဆိုတာ။ ပိုက်ဆံကုန်မယ်ဆိုတာ။
ပူဖောင်းမြားပစ်တဲ့နေရာ ရောက်တယ်။ တစ်ခါဝယ်ရင် မြားသုံးစင်းရတယ်။
ပူဖောင်းသုံးလုံးမှန်ပြီးပေါက်ရင် ဆုရတယ်။ အများစုက သုံးလုံးမပေါက်ကြပါဘူး။
“လာ လာ မောင်လေး။ အစမ်းပစ်လို့ရတယ်” ဝန်ထမ်းမိန်းကလေးက ခေါ်တယ်။ မြေးကသွားတယ်။ အစမ်းပစ်တယ်။ မှန်တယ်။ ပေါက်တယ်။
“မောင်လေးက တော်တယ်။ ကဲ..အစိန် ပစ်ရအောင် ဘယ်နှပွဲပစ်မလဲ”
မြေးက ခေါင်းယမ်းတယ်။ အဘိုးလက်ဆွဲပြီး နောက်ဆိုင်ခန်းတစ်ခုကို ရွှေ့ကြတယ်။
ပူဖောင်းမြားပစ်တဲ့နေရာနဲ့ နည်းနည်းလှမ်းတော့ မြေးကပြောတယ်။
“ဖိုးဖိုးက ဘာသိလို့လဲ၊ မြားတွေက တုံးတုံးကြီးတွေ။ ပူဖောင်းတွေက လေမတင်းဘူး။ လက်ဖြောင့်တောင် ပေါက်ချင်မှပေါက်မှာ”
(၄)
ဆက်လျှောက်လာရင်းနဲ့ ပုလင်းဖန်ကွင်းစွပ် ကစားတဲ့ နေရာကိုရောက်တယ်။
“လာပါခင်ဗျာ။ အားပေးကြပါ။ လွယ်လွယ်ကလေးပါ။ ဒီလက်ကောက် ဖန်ကွင်းလေးပစ်လို့
ထောင်ထားတဲ့ ဖန်ပုလင်းမှာ သွားစွပ်ရင် အနိုင်ရပါပြီ။ ကြိုက်တဲ့အရုပ်
ရွေးယူနိုင်ပါပြီ။ အများကြီး မလိုပါဘူး။ တစ်ကွင်း စွပ်ရင်ရပါပြီ။”
ဖန်ပုလင်းတွေကို ပူးကပ်ပြီး အများကြီး စီထားတယ်။ အချိုရည်ပုလင်း၊ ဘိလပ်ရည်
ပုလင်းရောင်စုံတွေပေါ့။ ဖန်လက်ကောက်ကွင်းက ပုလင်းထိပ်ထက်
နည်းနည်းပိုကျယ်ပါတယ်။ ပစ်ရတဲ့အနေအထားက အလျားလိုက်ဆိုတော့ စွပ်မိဖို့
အင်မတန်ခက်ပါတယ်။
“ဖိုးဖိုးတို့ ကျောင်းသားတုန်းက ပျော်ပွဲရွှင်ပွဲတွေမှာပါတဲ့ ဘဲခေါင်းကြိမ်ကွင်းစွပ်တာက ဒါမျိုးပေါ့ မြေးရ။”
“အဲဒါ စွပ်ခဲ့ဖူးလား”
“ဘယ်စွပ်မလဲမြေးရယ်။ ဘဲအရှင်တွေကွ။ ကြိမ်ကွင်းလာတာမြင်ရင် ရှောင်တော့တာကိုး”
“ဒါဆို ဖိုးဖိုးရှုံးတာပေါ့”
“မြတ်တယ်ကွမြေးရ”
“ဟင် ဘာလို့”
“မင်းအဘွားက အင်းလျားဆောင်က အဆောင်သူ။ သူတို့အဆောင် ပျော်ပွဲရွှင်ပွဲမှာ သူက ဘဲခေါင်းကြိမ်ကွင်း စွပ်တဲ့နေရာမှာ လက်မှတ်ရောင်းတာကွ”။
(၅)
“ဖိုးဖိုးလာ ဘဲခေါင်းသွားထုမယ်”
အဘိုးစကား နားထောင်ရင်းကနေ သူကြိုက်တဲ့ကစားနည်းဆီသွားဖို့ သတိရသွားတယ်။
ကစားတဲ့စားပွဲမှာ တင်းနစ်ဘောလုံးအရွယ် အပေါက်တွေ အများကြီးရှိတယ်။
အဲဒီအပေါက်တွေကနေ ထွက်လာတဲ့ ဘဲခေါင်းတွေကို ပလပ်စတစ်တူနဲ့ ထုရတာ။
တစ်ချက်ထိရင် ငါးမှတ်ရတယ်။ အမှတ် ၁ဝဝ ရရင် ဆုရမယ်။
“ဒီအကောင်ကွာ ခေါင်းပြူပြီး ထွက်မလာဘူး”
“ဟိုအကောင် ခေါင်းထောင်လာပြီ ချ ချ”
“ဟိုထောင့်ကကောင် ထွက်မလာတာကြာပြီ။ ပေါ်လာတာနဲ့ တီးဖို့ပြင်ထား”
ကစားသူတွေရဲ့ အသံတွေ ဆူညံနေတယ်။ သတ်မှတ်ချိန် ကုန်သွားပြီ။ အမှတ်တစ်ရာ မပြည့်ပေမယ့် မြေးကတော့ပျော်လို့။
(၆)
ဒီတစ်ခါမှာ မပျော်တာကတော့ ဘတ်စကက်ဘော ဂိုးသွင်းတဲ့နေရာက ဝန်ထမ်းလေးတွေ။
ဘတ်စကက်ဘော ပင်နယ်တီသွင်းတဲ့ အကွာအဝေး လောက်ကနေ ဂိုးသွင်းတာ သုံးခါသွင်း
သုံးဂိုးဝင်ရင် လက်ဆောင်အရုပ်ပေးတယ်။
“မင်းကလည်း အ,ပါ့ကွာ။ သူတို့အချင်းချင်း ပြောနေတာ မကြားဘူးလား။ အဲဒီကောင်လေးက ဘတ်စကက်ဘော လက်ရွေးစင်ဆိုတာ”
“ငါလည်း သူတို့ နောက်နေတယ်၊ အောက်မေ့တာကွ။ ဒီကောင်လက်မှတ်တွေဝယ်ပြီး
ဆက်တိုက်ဂိုးသွင်း၊ ဆက်တိုက်နိုင်နေတော့မှ သိတာ။ ဒီနေ့တော့ ကုန်ပါပြီ။
(၇)
ဆက်တိုက်ကစားပြီး ဆက်တိုက်ရှုံးနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ရတာက
လျှပ်စစ်ကြိုးခွေ စားပွဲခုံမှာပါ။ အကွေ့အကောက် တွေ့ပြည့်နေတဲ့
လျှပ်စစ်ကြိုးခွေကို ကွင်းသေးသေးလေး စွပ်ထားပြီး လက်ကိုင်နှစ်ဖက်
တပ်ထားပါတယ်။ အဲဒီကွင်းကလေးကို လက်တစ်ဖက် သို့မဟုတ် လက်နှစ်ဖက်နဲ့ကိုင်ပြီး
ကြိုးခွေနဲ့ မထိစေဘဲ ကြိုးခွေအဆုံး ရောက်အောင် ရွှေ့နိုင်ရင်နိုင်ပြီပေါ့။
“ဒီမှာကြည့် ညီလေးရ။ စိတ်ရှည်ရှည်ထားပြီး လက်ငြိမ်ငြိမ်နဲ့ ဟောဒီလိုရွှေ့ကြည့် လွယ်လွယ်လေးပါ”
အလေ့အကျင့်ရပြီး ကျွမ်းကျင်နေတဲ့ ဆိုင်ခန်းဝန်ထမ်းလေးက လက်တစ်ဖက်
အသာကိုင်ပြီး ဟိုကွေ့ဟိုဘက် ယိမ်းလိုက်၊ ဒီကွေ့ဒီဘက်ယိမ်းလိုက်နဲ့
မပင်မပန်း ကစားပြသွားတယ်။
(၈)
နို့ဆီခွက်ခြောက်လုံးကို တြိဂံပုံဆင့်ထားတာကို တင်းနစ်ဘောလုံးနဲ့ပစ်တဲ့ ကစားနည်းမှာတော့ လူကြီးတွေပါ ဝင်ပစ်ကြတယ်။
“ကိုကိုကလည်းကွာ၊ ဒါလေးတောင် နိုင်အောင်မပစ်နိုင်ဘူးလား။ အဲဒီအရုပ်ကလေး လိုချင်လို့ပါဆို”
“အေးပါကွာ။ လိုချင်ရင်ဝယ်ပေးပါ့မယ်”
“ဝယ်လို့ရတာ သိသားပဲ။ ကိုကိုနိုင်တဲ့ အမှတ်တရအနေနဲ့ လိုချင်တဲ့ဟာကို”
ကောင်မလေးရဲ့ရှေ့မှာ အစွမ်းပြချင်တဲ့ကောင်လေး ဖိစီးမှုတွေ မကျေနပ်မှုတွေနဲ့ ဆက်ပစ်တယ်။ လွဲတာပေါ့ဗျာ။ စိတ်ကမှ မတည်ငြိမ်တာ။
(၉)
“စိတ်ကို ငြိမ်ငြိမ်ထား၊ သေသေချာချာချိန်၊ လောဘမကြီးနဲ့၊ ပုံမှန်ကန်၊
ဂိုးဖို့မခက်ပါဘူး။ ကဲ..လာ လာ ကမ္ဘာ့ဖလားပွဲမှာ ပင်နယ်တီကန်ကြမယ်”
ခြေစွမ်းပြမယ့်သူတွေ တန်းစီနေတယ်။ ဂိုးပေါက်က သေးသေးလေး၊ ဘောလုံးတစ်လုံး
ချောင်ချောင်ချိချိ ဝင်နိုင်သလောက်ပဲ ရှိတဲ့အပြင် လေထဲမှာ
တွဲလောင်းချိတ်ထားတယ်။ ကန်ရမယ့် အကွာအဝေးက နီးနီးလေးဆိုတော့ မခက်လှဘူး
ထင်ကြတာပေါ့။
“ဖိုးဖိုးကန်ပါလား။ သားက မဝင်မယ့်ဘက်က လောင်းမယ်”
မြေးကစိန်ခေါ်တယ်။
“အောင်မာ ငါက အသက်ကြီးသွားလို့သာ”
“ဖိုးဖိုးက ဂေါက်သီးတော့ သွားသွား ရိုက်နေပြီးတော့”
(၁၀)
ဂေါက်သီးကျင်းစိမ်တဲ့နေရာ ရောက်တယ်။ ၁ဝ ပေလောက် အကွာအဝေးက ကျင်းကို ဝင်ရင်
ဆုရမယ်ဆိုတော့ မခက်ခဲသလိုပါပဲ။ ဒါပေမဲ့ မျက်နှာပြင် အတိမ်းအစောင်းနဲ့
ဂေါက်သီးလမ်းကြောင်းက မှန်းရခက်တယ်။ နောက်ပြီးတော့ လက်ဆ။ ကိုယ်ကိုင်နေကျ၊
ရိုက်နေကျတုတ်ဆိုရင် လက်ဆက မှန်းလို့ရပေမယ့် ဒီမှာက ချက်ချင်းအသားမကျနိုင်။
လမ်းကြောင်းသိပြီး လက်ဆမှန်းလို့ သေချာချိန်မှာ ပိုက်ဆံကတော်တော်
ကုန်သွားပြီ။
“လာပါကွာ မြေးရာ။ တိုက်ကားပဲ သွားမောင်းကြတာပေါ့”
(၁၁)
တိုက်ကားမောင်းတဲ့ကွင်းက သိပ်မကြီးလှဘူး။ ကားလေးစီးပဲ မောင်းလို့ရတယ်။
မြေးအဘိုးနှစ်ယောက်သား ရောက်သွားချိန်မှာ ကလေးသုံးယောက် မောင်းနေကစားနေ
ကြတယ်။ ရှေ့ကလေးတစ်ယောက် လက်မှတ်ဖြတ်ပြီး ကျန်တဲ့ကားတစ်စီးကို
ဝင်ထိုင်လိုက်တယ်။
“မောင်လေး ခဏစောင့်နော်”
တာဝန်ကျ ဝန်ထမ်းမိန်းကလေးက မြေးကိုပြောတယ်။ စောင့်ရမှာပေါ့လေ၊ ကိုယ့်အလှည့်မှ မရောက်သေးတာ။
နောက်ဆုံးဝင်သွားတဲ့ တိုက်ကားအနီလေးကို အရင်ရောက်နှင့်ပြီးသား
တိုက်ကားထဲကတစ်စီးက နောက်ကနေ အရှိန်နဲ့ဝင်ဆောင့်တယ်။ ကားဦးကျွံအသွားမှာ
နောက်တစ်စီးက ကားခေါင်းကို နံဘေးကနေ ဝင်တိုက်တယ်။ ကားနီလေးကောင်းကောင်း
မောင်းရမယ်မှ မရှိသေးဘူး ချာချာလည်နေတယ်။ နောက်တစ်စီးက နံဘေးမှာ
ယှဉ်ပြီးကပ်လာတယ်။ အားနည်းသူကို လာကူလာကယ်ပေးတာပဲ အောက်မေ့နေဆဲမှာ
အထင်နဲ့အမြင် လွဲခဲ့တယ်။ နံဘေးကနေ ဖိညှပ်ပြီး ထောင့်ထဲကိုပို့တယ်။
ထောင့်ထဲရောက်သွားတဲ့ ကားလေးကို ဝိုင်းပြီးတိုက်ကြပြန်ရော။
အချိန်စေ့ အချက်ပေးသံ ထွက်လာတယ်။ ကားနီလေးနားကို ဝန်ထမ်းတစ်ယောက်
သွားမေးတယ်။ ဆက်ကစားမယ်ဆိုရင် လက်မှတ်ဖြတ်ဖို့ ကားထဲကကလေး ခေါင်းခါပြီး
ထွက်လာတယ်။
“လာ မောင်လေးရပြီ။ မောင်းမယ်ဆိုရင် လက်မှတ်ဖြတ်လိုက်မယ်”
“ဟို..သုံးစီးကကော”
“သူတို့က နောက်ပွဲတွေအတွက် ကြိုနေရာယူပြီးသား။ လက်မှတ်ဝယ်ထားပြီးသား.. မောင်လေးရဲ့”
မြေး ခေါင်းခါတယ်။ မကျေမနပ်မျက်နှာနဲ့ တိုက်ကားသုံးစီးကို လှမ်းကြည့်ပြီး အဘိုးလက်ကိုဆွဲတယ်။
“တော်ပြီ ဖိုးဖိုး။ ပြန်ကြရအောင်”
မြေးက ပြန်ကြစို့ဆိုတော့ မြေးအဘိုးနှစ်ယောက် ပြန်ခဲ့ကြသတည်းပေါ့ဗျာ။
Credit - Eleven Media Group
No comments:
Post a Comment